ဖေဖေ ဖြေပါ ၂

““ဖေဖေ၊ သရက်သီးက ချိုရာကနေ ခါးသွားတာဘာကြောင့်လဲဟင်၊ ပြောပြပါ””

ညအိပ်ခါနီး ပုံပြင်ပြောပြနေတုန်း သားတော်မောင်ရဲ့ အမေးကြောင့် ပုံပြင် ကိုပဲ ဆက်ပြောရမလား၊ သရက်သီးပြဿနာ ကိုပဲရှင်းရမလား၊ ဝေခွဲရခက်ဖြစ်သွား မိတယ်။

သားတော်မောင်ကို စာဖတ်ကျင့်စွဲသွား အောင် ညအိပ်ရာဝင်ခါနီးတိုင်း ပုံပြင် စာအုပ် ဖတ်ပြတဲ့အလေ့အကျင့် လုပ်ထား တာမို့ အိပ်ခါနီးဆို သားတော်မောင်က ပုံပြင်နားထောင်ပြီးမှ အိပ်လေ့ရှိတတ်တယ်။ မိဘက ရွေးချယ်ပေးတာထက် သူ့ဘာသာ ရွေးချယ်တတ်တဲ့ အလေ့အထ ဖြစ်အောင် လည်း သူ့အတွက် သီးသန့် စာအုပ်စင်လေး လုပ်ပေးထားပြီး ခေတ်ပေါ် အင်္ဂလိပ် ပုံပြင်၊ မြန်မာပုံပြင်တွေအပြင် မြန်မာမှုပုံပြင် စာအုပ်တွေ၊ ၃၈ဖြာ မင်္ဂလာပုံပြင်စာအုပ် တွေပါ ၀ယ်ထားပေးဖြစ်တယ်။

ညဆိုရင် ထိုစာအုပ်တွေထဲက သူ နှစ်သက်ရာ ပုံပြင်စာအုပ်တစ်အုပ်ကို ရွေး ချယ်ယူလာပြီး သားတော်မောင်က ကျွန် တော့်ကိုဖြစ်ဖြစ်၊ သူ့အမေကို ဖြစ်ဖြစ် ပြော ပြခိုင်းလေ့ရှိတယ်။  ဒီနေ့တော့ သားတော် မောင်က သူ့စာအုပ်စင်က ၃၈ဖြာ မင်္ဂလာ ပုံပြင်စာအုပ်ကို ယူလာပြီး ကျွန်တော့်ကို ပြောခိုင်းတာမို့ ပြောပြနေရင်း တစ်နေရာ အရောက်မှာတော့ ရိုးရာမပျက် မေးခွန်း စတင်လာတော့တာပဲ ဖြစ်တယ်။

သားတော်မောင်က ပုံပြင်ပြောပြ ခိုင်း တတ်ပေမယ့် ပုံပြင်ကို ပြောပြတဲ့အတိုင်း နားထောင်တာမျိုးမဟုတ်။ သူနားမလည် တာ မရှင်းတာရှိရင် နားထောင်နေရင်း မေးခွန်းတွေမေးလေ့ရှိတယ်။ တစ်ခါတလေ သူမေးလာတဲ့ မေးခွန်းတွေကို အဖြေပေး နေရတာနဲ့တင် ပုံပြင်ကို ပြီးဆုံးအောင် ဖတ်မပြလိုက်ရဘဲ အချိန်ကုန်လွန်တတ်တာ မျိုးတောင် ရှိတယ်။

ခုလည်း သားတော်မောင်က ပုံပြင်နား ထောင်နေရင်း သူနားမလည်တဲ့ အကြောင်း အရာအတွက် အမေးတော်ရှိလာတာဖြစ် တယ်။ သားတော်မောင်ကို ပြောပြနေတဲ့ ပုံပြင်က ၃၈ဖြာ မင်္ဂလာပုံပြင်စာအုပ်ထဲက ““အသေ၀နာစ ဗာလာနံ””ဆိုတဲ့ ပုံပြင်ပါ။

ပုံပြင်အကြောင်း ခပ်တိုတိုပြောရရင် တိုင်းပြည်တစ်ခုမှာ အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်တစ်ပါးက တစ်ရက်မှာ မြစ်ဆိပ်ကို ရေသွားချိုးတယ်။ ဘုရင်ရေချိုးနေတုန်း သရက်သီးတစ်လုံးက မျောလာတယ်။ မျော လာတဲ့ သရက်သီးကို မင်းချင်းတွေက ဆယ်ယူပြီး ဘုရင့်ကို ဆက်သတယ်။ စား ကြည့်တော့ အနံ့အရသာနဲ့ပြည့်စုံ ကောင်း မွန်တာမို့ သဘောကျနှစ်သက်တော်မူပြီး အစေ့ကို နန်းတော်ဥယျာဉ်မှာ စိုက်တယ်။ နန်းတော် ဥယျာဉ်ထဲ စိုက်ထားတဲ့ သရက် စေ့က အပင်ပေါက် ကြီးထွားလာပြီး သရက်သီးတွေ သီးလာတယ်။ သီး တဲ့ သရက်သီးတွေကို ဘုရင်က ကိုယ်တိုင် စားရုံသာမက အခြားတိုင်းပြည်တွေကိုပါ  မျှဝေပို့ဆောင်တယ်။ ဒါပေမယ့် ဒီလိုမျှဝေတဲ့ အချိန်မှာ သရက်စေ့ကို အပင်စိုက်ရင် မပေါက်နိုင်အောင် စီမံပြီးမှ ပို့ဆောင်စေတာ ဖြစ်တယ်။

တခြားတိုင်းပြည်က ဘုရင်တွေလည်း သရက်သီးကို စားပြီး နှစ်သက်တာမို့ အစေ့ ကို အပင်စိုက်တဲ့အခါ သရက်စေ့က အပင် မပေါက်ဘဲ ရှိနေတဲ့အတွက် အကြောင်းရင်း ကို စုံစမ်းကြတယ်။ ဒီလိုစုံစမ်းတဲ့အခါ သရက်စေ့ကို အပင်မပေါက်အောင် ဖားစူး နဲ့ထိုးပြီး သင်းသတ်တဲ့ ဘုရင့်ရဲ့ အစီအမံကို သိသွားတယ်။ အဲဒီမှာ ဥယျာဉ်မှူးတစ် ယောက်ကို စေလွှတ်ပြီး ဘုရင့်ကို အယုံ သွင်းစေတယ်။ ဥယျာဉ်မှူးအသစ်ကို ယုံ ကြည်လာတဲ့ ဘုရင်ဟာ မူလဥယျာဉ်မှူးကို အလုပ်က ထုတ်ပယ်လိုက်ပြီး ဥယျာဉ်မှူး အသစ်ကို နေရာပေးခန့်ထားတယ်။ဥယျာဉ် မှူးအသစ်ဟာ သူလုပ်ပိုင်ခွင့်ရလာတဲ့အခါ သရက်ပင်ခြေရင်းမှာ တမာပင်စိုက်ပြီး သရက်သီးကို ချိုရာကနေ ခါးသွားအောင် လုပ်တယ်။ နောက်ဆုံး သရက်သီးက ချိုရာ ကနေ ခါးသွားတယ်။

““ဖေဖေ၊ သရက်သီးက ဘာလို့ ခါးသွား တာလဲလို့ မေးနေတယ်လေ၊ ပြောပြပါ””

သားတော်မောင်က စိတ်မရှည်သလို ပြောလာတယ်။ သားတော်မောင်ရဲ့ အကျင့် က သူသိချင်တာကို မသိရမချင်း မနားတမ်း မေးတတ်ပြီး စိတ်ကျေနပ်လောက်အောင် ဖြစ်တဲ့ အဖြေတစ်စုံတစ်ခုရမှ အမေးရပ် သွားတာမျိုး ဖြစ်တယ်။ သူစိတ်ကျေနပ် လောက်တဲ့ အဖြေတစ်စုံတစ်ရာ မရမချင်း ကတော့ အာပေါက်မတတ်ရှင်းပေတော့ပဲ။ ကိုယ်ဖြေရှင်းတဲ့အထဲ သူထပ်မရှင်းတာမျိုး ပါလာလို့ကတော့ မေးခွန်းပေါ် မေးခွန်းဆင့် ရင်း သံသရာမဆုံးဖြစ်တော့တာပဲ။

““သရက်ပင်နားမှာ ခါးတဲ့အပင်တွေ စိုက်လို့ ခါးသွားတာပေါ့ သားရဲ့””

““ခါးတဲ့အပင်ဆိုတာ ဘာလဲဖေဖေ။ ခါးတဲ့အပင်တွေကို သရက်ပင်နားမှာ ဘာ လို့သွားစိုက်တာလဲ ဖေဖေ””

ကျွန်တော့်အဖြေကို သားတော်မောင် စိတ်ကျေနပ်မှုမရှိဘူးဆိုတာ ဆက်တိုက်ဆို သလို ထွက်လာတဲ့မေးခွန်းတွေကသက်သေ ပဲ ဖြစ်တယ်။  ပထမမေးခွန်းတောင်  ဖြေဖို့ အစပဲရှိသေးတယ် သားတော်မောင်ရဲ့ ဆက်တိုက်ဆိုသလို မေးခွန်းတွေကြောင့် ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားရ တယ်။

““ဖေဖေ၊ မေးနေတယ်လေ။ ဘာလို့ မဖြေတာလဲ။””

သားတော်မောင်ကလည်း ဇွဲမလျှော့။ သူသိချင်တာကို မလျှော့တမ်းမေးလာတယ်။

““ချိုနေတဲ့ သရက်သီးတွေ ခါးသွား အောင် စိုက်တာပေါ့ သားရဲ့””

““ဘာလို့လဲ””

““စိတ်ဆိုးလို့ပေါ့ သားရဲ့””

““ဘာလို့စိတ်ဆိုးတာလဲ ဖေဖေ၊ ပုံပြင် ထဲမှာ စိတ်ဆိုးတာလည်း မပါ,ပါဘူး””

သေဟဲ့ နန်္ဒိယလို့သာ ကိုယ့်နဖူးကိုယ် ပြန်ရိုက်မိတော့တယ်။

သရက်စေ့ကို အပင်စိုက်လို့မရအောင် သင်းသတ်တာကို မကျေနပ်တဲ့ တခြား တိုင်းပြည်က ဘုရင်တွေက ခုလို တမာပင် တွေစိုက်ဖို့ ကြံစည်တာကို စိတ်ဆိုးတာလို့ အဓိပ်္ပာယ်ကောက်မိတာမို့ ပြောလိုက်မိ တာကို သားတော်မောင်က မကျေနပ်သလို ပြန်ပြောတာဖြစ်ပါတယ်။

““ဘုရင်ကြီးက သရက်သီးတွေ အပင် စိုက်လို့မပေါက်အောင် လုပ်လိုက်တော့ တခြားသူတွေက စိတ်ဆိုးတာပေါ့ သားရဲ့””

““ဘုရင်ကြီးက ဘာလို့ အဲဒီလိုလုပ်တာ လဲ ဟင်။ သရက်သီးက သူ့ဟာမှမဟုတ်တာ””

ဟေ …လို့သာ ကျွန်တော်ရေရွတ်နိုင်တယ်။

ဟုတ်တယ်လေ၊

““ဖေဖေ သရက်သီးက ရေထဲမျောလာ တာလေ။ ဘုရင်ကြီးပိုင်တာမှ မဟုတ်တာ””

သားတော်မောင်ပြောမှ ကျွန်တော်လည်း သေချာပြန်စဉ်းစားကြည့်ရတယ်။ တကယ်တော့ မူလပုံပြင်ရဲ့ ဆိုလိုရင်းက တမာပင်ကြောင့် သရက်သီးတွေ ချိုရာက ခါးသွားတာမို့ တမာလို ဗာလာနံကို ရှောင် ကြဉ်ဖို့ အကြောင်းဖြစ်ပေမယ့် တိုင်း ပြည် တစ်ခုလုံးကို အုပ်ချုပ်မင်းလုပ်နေတဲ့ ဘုရင် တစ်ပါးရဲ့ သရက်စေ့တွေ အပင်မပေါက် အောင် ဖားစူးထိုးသင်းသတ်တဲ့ စိတ်ဓာတ် နုံချာလှတဲ့ လုပ်ရပ်က တမာပင် ထက်ပိုပြီး ဗာလာနံ ဖြစ်နေမလားလို့ တွေးမိသွားတယ်။

ရေထဲမျောလာတဲ့ သရက်သီးကို ကိုယ့် အပိုင်လို မောင်ပိုင်စီး လက်ဝါကြီးအုပ်ပြီး လောဘစိတ်မသတ်နိုင်ဘဲ အစစ်အမှန်မျှ ဝေချင်စိတ်မရှိတဲ့ လုပ်ရပ်က ပိုပြီး ဗာလာနံ ဖြစ်နေမလားလို့ တစ်ဆက်တည်း တွေးမိ ပြန်တယ်။

ထိုသို့သော လုပ်ရပ်ကြောင့်ပဲ သစ်္စာ ရှိတဲ့ ဥယျာဉ်မှူးလည်း အလုပ်ပြုတ် ဘ၀ ပျက်ရသလို သရက်သီးတွေလည်း ချိုရာက ခါးပြီး ဓာတ်သဘာဝပျက်ရတာ မဟုတ် လားလို့ တွေးမိတယ်။

““ဖေဖေ မေးနေတယ်လေ၊ သရက်သီးက ဘုရင်ကြီး မပိုင်ဘူးမို့လား။ သူကဘာလို့ စူးနဲ့ထိုးတာလဲ””

သားတော်မောင်ရဲ့ အမေးကို  အဖြေ ပေးနိုင်ဖို့ အတော်လေး စဉ်းစားရတယ်။

ဘုရင်ဆိုတာ တိုင်းပြည်မှာ ရှိသမျှ အရာအားလုံးကို ပိုင်ဆိုင်တယ်လို့ အဆင့် ဆင့် လက်ဆင့်ကမ်းယူလာခဲ့တဲ့ ကျွန်တော် တို့လို အမှောင်ခေတ်ထဲ ဖြတ်သန်းကြီး ပြင်းခဲ့ရသူတွေနဲ့ ဗာရာဏသီမှာ ဗြဟ်္မဒတ် မင်းဆိုတာ ရှိသတဲ့ကွယ် ဆိုတဲ့ မင်းမသိ ဗြဟ်္မဒတ် ခေတ်အမှုန်အမှိုင်းထဲ မွေးဖွား လာသူတွေအဖို့ အဖြူမဟုတ်ရင် အမည်း ပဲဆိုတဲ့ အသိမှာတင် ရပ်တန့်နေခဲ့တာ ကြာပြီဖြစ်တယ်။

ထို့အတူ အဖြူနဲ့ အမည်းကြားက ကျန်အရောင်များစွာကို မေ့လျော့လျစ်လျူ ရှုထားခဲ့တာလည်း နှစ်ပေါင်းများစွာတိုင် ရှိ နေခဲ့ပြီဖြစ်တယ်။ ထို့ပြင် တိုင်းပြည်ကအရာ ရာဟာ ငါတို့ပိုင်တယ်ဆိုပြီး စိတ်ပိုင်း စီမံ သူတို့ရဲ့ ပြုပြုသမျှကို အမျှသာပေးနိုင်တဲ့ တိုင်းသူပြည်သားတွေ အကြောင်းကလည်း ခုတိုင်ကို မရိုးနိုင်သေးတဲ့ အမှန်တရားတွေ အဖြစ် ရှိနေဆဲပဲ ဖြစ်တယ်။

ထို့ထက် အဆိုးရွားဆုံးကတော့ ရုတ် တရက်ကြည့်ရင် မျှဝေတတ်သူ မင်းတရား ပြည့်ရှင်ကြီးလို့ ထင်မြင်နိုင်ပေမယ့် သရက် စေ့ကို အပင်မပေါက်အောင် သင်းကွပ်တဲ့ လုပ်ရပ်နဲ့ ခုနစ်ပြည်ထောင်သော ဘုရင် တွေရဲ့ အာဃာတကို မှိန်ထားပြီး တမာပင်ကို အပြစ်ဖို့စွဲချက်တင်တဲ့ လူ့အဖွဲ့အစည်း ရဲ့ ကောက်ချက်ပဲဖြစ်တယ်။

တစ်ချိန်ချိန်မှာ ခေါင်းဆောင်မှုနေရာ တစ်ခုကို ရလာနိုင်တဲ့ သားတော်မောင်လို မျိုးဆက်သစ်တွေအတွက် သူမပိုင်တဲ့ သရက်သီးကို ဖားစူးထိုးသင်းကွပ်တဲ့ လုပ် ရပ်မျိုးဟာ မှန်ကန်တယ်လို့ စိတ်စွဲသွားပြီး တမာပင်ကို အလုံးစုံ ပြစ်တင်ကောက် ချက်စွဲလိုက်တဲ့ အသိမျိုး မဖြစ်စေချင်တာ တော့ အမှန်ပဲဖြစ်တယ်။

““ဖေဖေ မေးနေတယ်လေ၊ ဘုရင်ကြီး က ဘာလို့ သရက်သီးကို စူးနဲ့ထိုးတာလဲ၊ ဖြေပါ””

ဒီတစ်ခါတော့ သားတော်မောင် ကျေနပ်အောင် အဖြေပေးနိုင်လိမ့်မယ် ထင်ပါရဲ့။

 

ဘုန်းပြည့်ဉာဏ်လင်း