ဖေဖေ.. ဖြေပါ (၃)

တရားသော စစ်ဆိုတာ ဘာလဲဖေဖေ

စာဖတ်ပြနေတုန်း အမေးတော်ရှိလာတဲ့ သားတော်မောင်ရဲ့ စကားကြောင့် ခေါင်းတော့ ဆင်နင်းပြန်ပြီလို့ တွေးလိုက် မိတယ်။

အခုတစ်လော ကျောင်းကပြန်လာတိုင်း သံချို သံပေါက် ကဗျာလေးတွေ သားတော်မောင် ရွတ်ဆိုနေတတ်တာကို သတိ ထားမိတာမို့ သူဖတ်လို့ ၊ ရွတ်ဆိုလို့ရနိုင်မယ့် ကလေးကဗျာ စာအုပ်လေးတွေ ရှာဖွေဝယ်ယူထားပေးဖြစ်တဲ့အထဲက တစ် အုပ်ကို ဖတ်ပြနေရင်းမှာပဲ သားတော်မောင်က အမေးရှိလာခဲ့တာဖြစ်တယ်။

အခုခေတ်ထဲမှာက ကလေးကဗျာနဲ့ ပတ်သက်လို့ စာအုပ်တချို့ထွက်ရှိ ဖြန့်ချိတာရှိပေမယ့် ကိုယ်တိုင်စိတ်တိုင်း မကျတာ ရယ် ၊ ၀ါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်လို ဆရာကြီး မင်းသုဝဏ်ရဲ့ မောင်ခွေးဖတ်ဖို့ ကဗျာများ ကို စွဲလမ်းကြီးပြင်းလာခဲ့သူဖြစ်တာမို့ တော်ရုံကလေးကဗျာတွေရဲ့ အရသာက တိုးမပေါက်တာရယ်ကြောင့် သားတော် မောင်အတွက် အရသာရှိစေနိုင်မယ့် ကလေးကဗျာစာအုပ် တချို့ကို ရှာဖွေရွေးချယ်ဝယ်ယူပေးဖြစ်ခဲ့တယ်။

ခုလည်း နိုဗယ်မြန်မာစာပေပွဲတော်မှာ ကလေးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဆရာဇ၀နရဲ့ ပန်းဝတ်ရည် ကလေး ကဗျာများ စာအုပ်ထဲက  “သင်ခန်းစာတစ်နှင့်နှစ်” ဆိုတဲ့ ကဗျာကို ဖတ်ဆိုပြနေတုန်းမှာပဲ သားတော်မောင်ရဲ့ အမေး နဲ့ ခေါင်းဆင်နင်းခံရတာပဲဖြစ်တယ်။

တကယ်တော့ ကဗျာက ရိုးရိုးကလေးပင်ဖြစ်တယ်။ မနက်ခင်း ရေဒီယို လာချိန်မှာ ရေဒီယိုက ထုတ်လွှင့်တဲ့ ဂဏန်းသင်္ချာ သင်ခန်းစာကို လူတိုင်း သိထားပြီးသား ဖြစ်တဲ့ “ တစ်..နှစ်..စာကိုချစ်”  ပုံစံရေးဖွဲ့ထားတာဖြစ်တယ်။ ခက်တာက လူတိုင်း သိထားပြီးဖြစ်တဲ့ တစ်..နှစ်..စာကိုချစ် ပုံစံမျိုးမဟုတ်ဘဲ “တစ်..နှစ်..တရားသောစစ်” တို့ ဘာတို့ ပါလာခဲ့တာမို့ သားတော် မောင်ရဲ့ အမေးက ထွက်ပေါ်လာခဲ့တာဖြစ်တယ်။

ဖေဖေ .. မေးနေတယ်လေ ။ တရားသောစစ် က ဘာကြီးလဲ

ဖေဖေဖြေပါ့မယ်သားရဲ့ သားနားလည်အောင် ဘယ်လို ဖြေရမလဲ တွေးနေတာ သားရဲ့

သားတော်မောင်ရဲ့ သိမှုက တစ်ခါတလေ တခြားကလေးတွေနဲ့ မတူတာမို့ အတတ်နိုင်ဆုံး သူ့ကို မလိမ်ညာမိအောင် ကြိုး စားရတယ်။  ဖခင်နဲ့ အနီးကပ်ဆုံးရှိနေတတ်သူဖြစ်တာကြောင့် ဖခင်ဖြစ်သူဘာပြောပြော အမှန်လို့ သားတော်မောင်က ထင်မှတ်ယူတတ်တယ်။ ဒါကြောင့် ကျေနပ်သွားရင် ပြီးရော ဆိုတာမျိုးထက်  သူနားလည်အောင် အတတ်နိုင်ဆုံး ရှင်းပြဖို့ ကြိုးစားရတယ်။

ကလေးပုံပြင်တွေ ၊ ကလေးကဗျာတွေ ဆိုပေမယ့် တစ်ခါတလေ သားတော်မောင်ရဲ့ သိနားလည်မှုက ဖြေရှင်းရတာအ တော်လေးခက်ခဲတယ်။ တစ်ခါတုန်းကဆို ဒို့ကျောင်းကဗျာကို ရွတ်ဆိုနေရင်း “ နေခြည်မှာရွှေရည်လောင်း” စာသား နေ ရာနဲ့ပတ်သက်လို့ သားတော်မောင်နားလည်အောင် အတော့်ကို ရှင်းပြခဲ့ရဖူးတာ အမှတ်ရမိတယ်။

အဲဒီတုန်းက သားတော်မောင်က “နေခြည်မှာရွှေရည်လောင်း”  စာသားနေရာကို “မောင်ရင်လာ ငါတို့လောင်း” လို့ ပြောင်း လဲ ဆိုနေခဲ့တာဖြစ်တယ်။ ပထမတော့ သားတော်မောင်ဆိုနေတာကို နားမလည်ခဲ့။ နားထောင်နေရင်းက မှားနေမှန်း သိ တော့ မှားနေကြောင်း ထောက်ပြမိတယ်။

“မောင်ရင်လာ ငါတို့လောင်း” မဟုတ်ဘူးလေ သား ။ “နေခြည်မှာရွှေရည်လောင်း” လေ ၊ သားဆိုတာ မှားနေတယ်။

နေခြည်နဲ့ ရွှေရည်က မိန်းကလေးလေ .. ဖေဖေကလဲ ၊ မောင်ရင်နဲ့ သားတို့လည်း လောင်းဦးမယ်လေ။ သားတို့ ကျောင်း ပဲဟာ

နေခြည်မှာရွှေရည်လောင်း ဆိုတဲ့ အဓိပ္ပာယ်ကို ဘယ်အချိန်မှာ ကိုယ်တိုင်နားလည်သိမှတ်ခဲ့မှန်းသေချာမမှတ်မိပေမယ့် အဲဒီတုန်း ကတော့ ခြောက်နှစ်အရွယ် သားတော်မောင် နားလည်သိမှတ်နိုင်ဖို့ လက်တွေ့နည်းလမ်းတွေပါ လုပ်ဆောင် ပြရင်း ဖြေရှင်းခဲ့ရဖူးတယ်။ ဒါကြောင့် သားတော်မောင် အမေးရှိလာရင် လက်လွတ်စပယ် သိမှတ်သွားနိုင်တဲ့ အဖြေမျိုး မဖြစ်အောင် အတော်လေးကို ဂရုစိုက်ရတယ်။

ဖေဖေ မြန်မြန်တွေးလေ သားသိချင်နေပြီ

ဇွဲကောင်းတယ်လို့ပဲ ပြောရမလား ဘယ်လိုပြောရမယ်မသိ ၊ သားတော်မောင်ရဲ့ အကျင့်က သူသိချင်တာကို မသိရမချင်း တအီအီ ဂျီကျတတ်၏ ။

တကယ်တော့ တရားသော စစ်ဖြစ်ဖြစ် ၊ မတရားသော စစ်ဖြစ်ဖြစ် မကောင်းဘူးဆိုတာကို သားတော်မောင်နားလည်အောင် ရှင်းပြချင်မိတာဖြစ်တယ်။ အမျိုးမျိုးသော အကြောင်းပြချက်တွေနောက်မှာ တစ်ဖက်နဲ့တစ်ဖက် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ ကြောင့် လူ့အဖွဲ့အစည်းထဲရှိကြတဲ့ အရာရာသောဖြစ်တည်မှုတွေ ပျက်သုဉ်းအနာတရဖြစ်ရမှုကို သားတော်မောင်နားလည် အောင် ရှင်းပြချင်မိတာဖြစ်တယ်။  ခက်တာက အဲဒါမတိုင်ခင် အဓိကအခြေခံဖြစ်တဲ့ စစ်ဆိုတာကို သားတော်မောင်နား လည်အောင် ဘယ်လို ရှင်းပြရမလဲက အတော်လေးကို အခက်တွေ့နေမိတယ်။ ပိုဆိုးတာက သားတော်မောင်တို့လို မြို့ပြ လူမှုအဖွဲ့အစည်းထဲမှာ ကောင်းတယ်ဆိုတဲ့ အရာအများစုနဲ့ ရင်းနှီးကြီးပြင်းလာရသူတွေအတွက် စစ်ဆိုတာကဘယ် လိုပုံစံလဲဆိုတာကို  နားလည်အောင်ရှင်းပြဖို့ ပိုအခက်တွေ့နေမိတယ်။

တကယ်တမ်းဆို ကဗျာထဲက ပြောခဲ့သလို “တရားသောစစ်” ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ယနေ့အချိန်ထိ မပြီး ဆုံးနိုင် သေးတဲ့ သေနတ်သံတွေကို ကြားနေခဲ့ရတာ နှစ်ပေါင်း ၇၀ တောင်ကျော်ခဲ့ပြီဖြစ်တယ်။ မျိုးဆက်တွေပြောင်းလာခဲ့ပေမယ့် ယနေ့ အချိန်ထိ ရှိနေခဲ့တဲ့ မျိုးဆက်အဆင့်အဆင့် လက်ဆင့်ကမ်း  ခံလာရခဲ့မှုဟာ အဲဒီ ၀ါဒမှိုင်းတွေကြားထဲမှာပဲ လုံးချာ လည်လိုက်ရင်း သေနတ်သံတွေ ဆိတ်သုဉ်းခြင်းတိုင်တဲ့ဆီထိ မရောက်ရှိနိုင်ဘဲ ဂျာအေးသူ့အမေရိုက်ရင်း ရှိနေခဲ့တာ ဖြစ် တယ်။

ကိုယ့်ရဲ့ လုပ်ဆောင်မှု တစ်ခုခုအရှေ့မှာ “တရားသော” ဆိုတဲ့ စကားရပ်ကို ကျားကန်ပြီး  ရှိနေခဲ့တဲ့ စစ်ပွဲတွေဟာ တစ် ဖက်က “တော်လှန်ခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ရှင်သန်ရင်း တစ်ဖက်မှာလည်း “ချေမှုန်းခြင်း” ဆိုတဲ့ ခေါင်းစဉ် အောက်ထဲ ဆုပ်ကိုင်ထားရင်း သားတော်မောင်တို့ မျိုးဆက်ထိတိုင်ကနေ နောင်ဘယ်ကာလမျှသော မျိုးဆက်တွေထိ ဆက်ရှိနေဦးမလဲလို့ တွေးမိတယ်။

ဖေဖေကလဲ ။ ကြာနေပြီ ။ သားမေးနေတာကို မဖြေသေးဘူး။

သူ့အမေးကို အဖြေပေးဖို့ အချိန်ကြာနေတာကို သားတောင်မောင်က စိတ်ရှည်ဟန်မတူပေ။

အေးပါ သားရဲ့ ဖေဖေစဉ်းစားနေပါတယ်။

သားတော်မောင် ကျေနပ်အောင် အေးပါ လို့ ပြောလိုက်ရပေမယ့် ခေါင်းထဲမှာတော့ ခုခေတ်လူမှုကွန်ရက်စာမျက်နှာထက် ခေတ်စားနေတဲ့ စကားလို “ငါ့တော့ မေးခွန်းသတ်ပြီ” လို့ တွေးနေမိတယ်။  ပြီးတော့ အပြစ်မဲ့ပြည်သူတွေရဲ့ မျက်ရည်စ တွေအပေါ် “တရားသောစစ်” ဆိုပြီး သေနတ်သံတွေကို အဓိပ္ပာယ် ဖွင့်ဆိုထားကြသူတွေအကြောင်း တွေးနေမိတယ်။ စစ် ဆိုတာဟာ ရှေ့ကဘယ်လို နာမ၀ိသေသနမှ မရှိသင့်သလို အဲဒီလို နာမ၀ိသေသနတွေတပ်ပြီး စစ်ကို ရှင်သန်အောင် တည်ဆောက်ထားကြသူတွေအကြောင်း ဘယ်လိုရှင်းပြရင် သားတောင်မောင် နားလည်သိမှတ်နိုင်မလဲလို့ တွေးနေ မိ တယ်။

အဲဒီလူတွေအကြောင်း သားတော်မောင်နားလည်အောင်  တိတိကျကျကြီး ရှင်းပြနိုင်မှ သားတော်မောင်တို့ ကြီးပြင်းပြီး နောက် ဆက်လက်ဖြစ်တည်လာမယ့် မျိုးဆက်တွေရဲ့ ခေတ်မှာ ရှေ့က နာမ၀ိသေသနမပါဘဲ  “စစ်” ဆိုတာကို အရှိ အတိုင်း လက်ခံမုန်းတီးနာကျည်းရင်း စစ်ကင်းမဲ့တဲ့ ကာလတစ်ခုကို တည်ဆောက်ရှင်သန်နိုင်မှာဖြစ်တယ်လို့ ယုံကြည်နေ မိတော့တယ်။

ဘုန်းပြည့်ဉာဏ်လင်း