မောင်ဂျေနှင့် ၀ါကျွတ်ကန်တော့ခန်း

ယခုကာလသည် ဝါလကင်းလွတ်သည့် ကာလဖြစ်သည်။ တစ်နည်းဆိုရလျှင် မြန်မာတို့၏ ဓလေ့ထုံးစံအတိုင်း အဘိုး၊ အဘွား၊ မိဘ၊ ဆရာသမားနှင့် လူကြီးသူမတို့ကို ကန်တော့သည့် အချိန်ကာလ လည်းဖြစ်သည်။

ဒီလိုကာလတွင် မောင်ဂျေလည်းကန်တော့ရန်ပြင်ဆင်ရသည်။ ကန်တော့ပစ္စည်းဝယ်ရန် အိမ်နှင့်နီးသည့် ရန်ကင်း စင်တာဆီ ထွက်လာခဲ့သည်။ ရန်ကင်းစင်တာရှေ့အရောက် စတိုးဆိုင်တစ်ခုတွင် ကန်တော့ခြင်းများ အစီအရီခင်းကျင်း ထားသည်ကို တွေ့လိုက်ရသည်။ ဈေးစုံစမ်းကြည့်မိသည်။

”ဒီခြင်းက တစ်သောင်းနှစ်ထောင်။ ဒီထဲမှာကမုန့်ဗူးတွေပဲပါမယ်။ ဒါက နှစ်သောင်းခွဲ။ ဒီမှာကတော့ ဘရင်းကြက် ပေါင်းရည်ဗူးတွေပါလာပြီ။ ဈေးကတော့ အစားစားပဲ။ အမြင့်ဆုံး နှစ်သိန်းကျော်အထိရှိတယ်”။

စတိုးဆိုင်မှ အရောင်းဝန်ထမ်းက ခြင်းအမျိုးအစားအလိုက် ဈေးနှုန်းနှင့် ပါဝင်ပစ္စည်းများကို စိတ်ရှည်လက်ရှည်ရှင်း ပြနေခြင်းဖြစ်သည်။ ကန်တော့ပစ္စည်းများကို ကြည့်ရင်း ဟိုးယခင်ခေတ်ကာလကို ပြန်လည်သတိရမိသည်။ လွန်ခဲ့သော ဆယ်စုနှစ်များဆီက အဖေ၊ အမေတို့နှင့်အတူ နှစ်ဖက် အဘိုးအဘွားတို့ကို ကန်တော့ခဲ့ဖူးသည်။ ထိုစဉ်က အဘိုးပြောဆိုခဲ့ သည့် စကားများကို မှတ်မိနေသေးသည်။ အထက်အရာရှိများကို ကန်တော့သည့်နည်းဖြင့် ကန်တော့ပါက အတိုင်းထက် အလွန်ဖြစ်ချိမ့်မည်ဟု အဘိုးက စကားဆိုခဲ့ခြင်းဖြစ်သည်။

ထိုစဉ်ကာလ ကန်တော့ခြင်းထဲတွင်မုန့်၊ ကော်ဖီနှင့် ဘရင်းကြက်ပေါင်းရည်သာမကတိုက်တွေ၊ ကားတွေဝင်ဆံ့ခဲ့ သည်။ စိန်တွေ၊ ရွှေတွေ၊ ကျောက်သံပတ္တမြားတွေဝင်ဆံ့ခဲ့သည်။ အဘိုးကထိုအချင်းအရာကို ပမာပြုကာ နောက်ပြောင်ကျီ စယ် ပြောဆိုခြင်းဖြစ်သည်။ သီတင်းကျွတ်ကာလ လူကြီးသူမတို့ကိုကန်တော့ရန်ပြင်ဆင်တိုင်း အဘိုးစကားကို သတိရစမြဲ ဖြစ်သည်။ ယခုတော့ နှစ်ဖက်အဘိုးအဘွား လည်းမရှိတော့။ ထိုကာလက အုပ်စိုးခဲ့သူတို့လည်း ထိုင်ခုံတွေပေါ်က ဖင်လျှော ဆင်းခဲ့ကြပြီ။ မျက်မှောက်ကာလသည် အရပ်သားအစိုးရ၊ ပြည်သူ့အစိုးရ၊ ဒီမိုကရေစီအစိုးရဟုဆိုသည့် အစိုးရနှင့်အတူ မောင်ဂျေတို့ ခရီးဆက်နေရသည်။ ဒီတော့ ယခင်ခေတ်က ကန်တော့ နည်းတွေလည်း ခေတ်မီနေသေးသလား မောင်ဂျေ မသိတော့။ သိလျှင်လည်း မောင်ဂျေဖြေမည်မဟုတ်။ ယခုတလောမောင်ဂျေ နှာစေးနေတတ်သည်။ ထားတော့။ လိုရင်း ကိုသာ ဆက်ဦးမည်။

တချို့ကတော့ ဒီကနေ့ကာလအထိ နေပြည်တော် ကစာဖတ်နေသူဘဘကြီးထံသွားပြီး ကျေးဇူးဆပ်ကန်တော့ ခန်းဖွင့် နေကြဆဲဖြစ်ကြောင်း သတင်းတွေကြားသိနေရသည်။ ဒီလိုဝါကျွတ်ကာလတွင် ထိုသတင်းမျိုးထွက်လာတတ်မြဲ ဖြစ် သည်။ ဘယ်သူကဖြင့် ဘဘကြီးထံဘယ်လိုဝင်သွားပြန်သည်။ ဘယ်လိုကန်တော့သွားပြန်သည် ဆိုသည်မျိုးပေါ့။ ဘဘကြီး ကျေးဇူးတရားကလည်း သားစဉ်မြေးဆက်လို့ ဆိုနိုင်သည်မဟုတ်လော။

ဒီလို ဝါကျွတ်ကာလတွင် လူကြီးသူမများအပြင် ကျေးဇူးရှိခဲ့ဖူးသူများကိုမမေ့မလျှော့ကန်တော့ သည်ကတော့ အပြစ် မဆိုသာ။ အကျိုးလိုလို့ ညောင်ရေလောင်းပဲဆိုဆို၊ ထောင်မြင်ရာစွန့်ပဲပြောပြော မောင်ဂျေကတော့ သဘောတူသည်။ ဒီနှစ် ကစပြီး မောင်ဂျေလည်းကိုယ့်အပေါ် ကျေးဇူးရှိသူတို့ကို ကန်တော့လျှင်ကောင်းမည်ဟု စဉ်းစားမိသည်။ စဉ်းစားမိသည့် အလျှောက် မိမိအပေါ်ကျေးဇူးရှိသူတို့ကို စေ့ငုကြည့်မိသည်။

လျှပ်စစ်မီးတွေ ခဏခဏဖြတ်ပေးတတ်သော အီးပီစီသည် ဖယောင်းတိုင်ရောင်းသည့် မောင်ဂျေအတွက် ကျေးဇူးရှင် ဖြစ်သည်။ YESC က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်တိုင်းကြိတ်၍ ကြိတ်၍ ပျော်ရသူထဲတွင် မောင်ဂျေထိပ်ဆုံးက ပါသည်။ မည်သည့်နေရာတွင် မည်မျှကြာကြာ မီးပြတ်မည်ဆိုသည့် ကြေညာချက်သည် အခြားသူများအတွက် သတင်းဆိုး ဖြစ်သော်လည်း မောင်ဂျေ့အတွက် မင်္ဂလာသတင်းဖြစ်သည်။ ကောင်းသတင်းဖြစ်သည်။

ယခုနောက်ပိုင်း မောင်ဂျေကြိတ်ကြိတ် ပြီးပျော်ခဲ့ရသည့်အကြိမ်ရေများခဲ့သည်။ ဒါသည် အီးပီစီ၏ ကျေးဇူးဖြစ်သည်။ သည်လို  မီးပြတ်တောက်တိုင်း မောင်ဂျေ့ဆိုင်က ဖယောင်းတိုင်တွေ ဟောတစ်တိုင်၊ ဟောတစ်တိုင်ဖြင့် ရောင်းကုန်သည်၊ ရောင်းကောင်းသည်။ အခမဲ့ဝေနေသလားထင်မှတ်ရသည်။ မောင်ဂျေ့ဆိုင်က ဖယောင်းတိုင်မရလို့ နပန်းလုံးကြသူများပင်ရှိ သည်။ ဒီတော့ အီးပီစီသည် မောင်ဂျေ့ကျေးဇူးရှင်ဖြစ်သည်။ ထို့ကြောင့် ဒီဝါကျွတ်ကန်တော့မည့် စာရင်းထဲ အီးပီစီကို ထည့် ထားလိုက်ပြီ။

ရေပိုက်လိုင်းတွေ ခဏခဏပြင်ဆင်ပေးတတ်သော မြို့တော်စည်ပင်သည် ရေရောင်းစားသည့် မောင်ဂျေအတွက်  ကျေးဇူးရှင်ဖြစ်သည်။ ဟိုတစ်လောကပင် ရက်ရှည် ရေပြတ်တောက်ခဲ့သေးသည်။ ပိုက်လိုင်းတွေပြင်ဆင်ရန် ရေ၃ရက်ဖြတ် မည်ဟု မြို့တော်စည်ပင်ကကြေညာသည်။ မြို့တော်ဝန်ကြီးပင် သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာ ကနေတစ်ဆင့် ပြင်ဆင်မှု အခြေ အနေကို တင်ပေးခဲ့သေးသည်။ သတ်မှတ်ရက်သုံး ရက်ကျော်သည်အထိ ရေမရလာတော့ ရပ်ကွက်နေ ပြည်သူတို့က မြို့တော်စည်ပင်ကို ကျိန်ဆဲကြသည်။ မြို့တော်ဝန်ကြီးပါ အစစ်ပါလိုက်သေးသည်။ ထိုအချိန်တွင်လည်း မောင်ဂျေတစ် ယောက် ကျိတ်၍ပျော်ခဲ့ရပြန်သည်။ ကျိတ်၍ကျေးဇူးတင်ရပြန်သည်။ ဒီတော့ ယခုဝါကျွတ်ကန်တော့ မည့်စာရင်းထဲ မြို့တော် စည်ပင်လည်း ပါဝင်ခဲ့ပြန်သည်။

ယခုကျေးဇူးရှင်များထက်ပို၍ ကျေးဇူးအထူးရှိသူကို ထုတ်ဖော်ပြလိုသည်။ ပုံမှန်ဖောက်သည် ကျေးဇူးရှင်ဟုပင် ဆိုနိုင်သည်။ ထိုသူများသည် နှစ်စဉ်ယခုလိုကာလမျိုးတွင် မောင်ဂျေ့အပေါ် မပျက်မကွက်ကျေးဇူးရှိသူများဖြစ်သည်။ ထိုသူ တို့မှာ အများသူငါစိတ်နှလုံး မရွှင်မပြုံးစေအောင် စွမ်းဆောင်နိုင်သည့် လော်ကြသူများဖြစ်သည်။

ယခုလို ဝါကျွတ်ကာလကို ဖြတ်ကျော်လာပြီဆိုသည်နှင့် နှစ်စဉ်မရိုးရလေအောင် ခေတ်စားလာသည်က လော်စပီ ကာများဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဒီလိုဝါကျွတ်ချိန်တိုင်းသည် လော်ယဉ်ကျေးမှုကာလဟုပင်ဆိုရမည်။ မြို့တိုင်း၊ ရွာတိုင်း လိုလို ဘုံကထိန်တွေ ခင်းကျင်းကြသည်။ မြို့တိုင်း၊ ရွာတိုင်းနီးပါးတွင် အလှူခံမဏ္ဍပ်တွေ အစီအရီထွက် ပေါ်လာသည်။ ထိုအခါ လော်စပီကာကို တွင်တွင်အသုံးပြုကြသည်။

ယခုပြောနေချိန်မှာပင် လော်စပီကာသံများ အရပ်ရှစ်မျက်နှာက ကြားနေရသည်။ ထိုအသံများသည် အများသူငါ နားညည်းသည်၊ အနှောင့်အယှက်ဖြစ်သည်၊ လူမှုရေး, စီးပွားရေး, ကျန်းမာရေးပိုင်းတွင် ထိခိုက်စေသည် ဆိုသော်ငြား မောင်ဂျေ့အတွက်တော့ သာယာချိုမြိန်ဖွယ် အသံများဖြစ်နေသည်။ မောင်ဂျေ့စီးပွားကိုပွားစီးစေမည့် အသံများဖြစ်သည်။ အကြောင်းရင်းက မောင်ဂျေသည် ဖယောင်းတိုင်ရောင်းခြင်း၊ ရေရောင်းခြင်းအလုပ်သာမက လော်စပီကာနှင့် အသံချဲ့စက် ငှားရမ်းသည့်အလုပ်ကိုလည်း လုပ်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် လော်သံသည် မောင်ဂျေ့အတွက် သာယာနာပျော်ဖွယ် အကောင်းဆုံးအသံဖြစ်သည်။

လော်နှင့် အသံချဲ့စက်ငှားရမ်းသည့် အလုပ်ကိုမောင်ဂျေလုပ်သည်။ ဒီတော့လော်နှင့် အသံချဲ့စက်ကို ပျင်းလို့ပဲ သုံးသုံး၊ စီးပွားဖြစ်ပဲသုံးသုံး၊ ကုသိုလ်ဖြစ်ပဲသုံးသုံး၊ ကြိုက်လို့ပဲသုံးသုံး၊ ဝါသနာအရပဲသုံးသုံးမည်သို့မည်ပုံ သုံးသည်ဖြစ်စေ ထိုသူသည် မောင်ဂျေ၏ ကျေးဇူးရှင်များဖြစ်သည်။ ကျေးဇူးရှင်တောင်မှ ရိုးရိုးမဟုတ်။ နှစ်စဉ်နှစ်တိုင်း အချိန်မှန်အားပေး တတ်သည့် ဖောက်သည်ကျေးဇူးရှင်၊ ရှယ်ကျေးဇူးရှင်၊ စူပါကျေးဇူးရှင်များ ဖြစ်သည်။ သူများတကာ ထက်နှစ်ဆတိုးလို့ ကန်တော့ထိုက်သူများဖြစ်သည်။

ထိုသူတို့ထဲတွင် မိုက်ခဲကြီးများကရှေ့တန်းကပါဝင်နေသည်။ သူတို့အပြင် ကျေးဇူးတင်ရမည့်သူ နောက်တစ်ဦးရှိနေ သေးသည်။ တေးသံရှင် မနောဖြစ်သည်။ သူ့ကြောင့် နှစ်စဉ် ကထိန်ကာလများစိုစိုပြည် ပြည်ဖြစ်ခဲ့သည်မှာ ၃-၄-၅ နှစ်မကရှိခဲ့ သည်။ ထို့ကြောင့် သူသည်လည်း မောင်ဂျေ၏ ကျေးဇူးရှင်စာရင်းဝင်သည်။ သူ့နောက် ကကပ်လိုက်လာသည်က ဗီဗာဟိန်း ဖြစ်သည်။ သူသည်လည်း ကျေးဇူးရှင်စာရင်းဝင်သည်။ မောင်ဂျေ့ကျေးဇူးရှင်ထဲတွင် ကိုရီးယားကအဆိုတော် PSY လည်းပါ သည်။ သူ၏ အိုပါဂမ်းနားစတိုင်သည် မောင်ဂျေ့အပေါ် ကျေးဇူးများစွာတင်ရှိစေသော သီချင်းဖြစ်ခဲ့သည်။ ထိုသူတို့သည် မောင်ဂျေ၏ ဝါကျွတ်ကန်တော့ခန်းတွင် ပါဝင်မည့်သူများ ဖြစ်သည်။

အလားတူ နောက်ထပ်ကျေးဇူးအထူး ရှိသူတစ်ဦးကတော့ တပ်ချုပ်ဖြစ်သည်။ တပ်မတော်ဆောင်ရွက်ချက်တွေ အပေါ် ထောက်ခံပွဲတွေပြုလုပ်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့ အခမ်းအနားတစ်ခုတွင် တပ်ချုပ်က တိုက်တွန်း ပြောဆိုလိုက်သည်။ တပ်မတော်ထောက်ခံပွဲတွေအပေါ် ယခုလို တပ်ချုပ်ဘက်က မီးစိမ်းပြလိုက်ခြင်းသည် တပ်မတော် ထောက်ခံရေးဆန္ဒပြနေသူတို့အတွက် အားဖြစ်စေခဲ့သည်။ ဒါ့အပြင် ထောက်ခံဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာစေမည့် တွန်းအားလည်းဖြစ်သည်။ ဒီတိုက်တွန်းစကားသည် တွန်းအားဖြစ်,မဖြစ် ယခုကာလအတွင်းပေါ်ထွက်ခဲ့သည့် တပ်မတော် ထောက်ခံပွဲများကို ကြည့်လျှင်သိနိုင်သည်။

မောင်ဂျေ သိရသလောက် ဒီရက်ပိုင်းအတွင်း တပ်မတော်ထောက်ခံပွဲလေးပွဲ ကျင်းပခဲ့ပြီးဖြစ်သည်။ တောင်ကြီး တစ်ပွဲ၊ မော်လမြိုင်တစ်ပွဲ၊ မိတ္ထီလာတစ်ပွဲ၊ ကျိုက်ထိုတစ်ပွဲဖြစ်သည်။ အားရစရာကောင်းလှသည်။ ရက်ပိုင်းအတွင်းလေးပွဲ ဖြစ်သည်။ ထိုပွဲများကိုအတုယူ၍ ဒီမိုကရေစီထောက်ခံပွဲ၊ အမျိုးသားရင်ကြားစေ့ရေး ထောက်ခံပွဲ၊ ဘာပွဲ၊ ညာပွဲဆိုသည်များ လည်း အားကျမခံထွက်ပေါ်ကောင်း ထွက်ပေါ်လာနိုင်ဖွယ်ရှိသည်။ ထိုအခါ လော်စပီကာနှင့် အသံချဲ့စက်များလည်း သူ့ထက် ငါ အပြိုင်အဆိုင်ငှားကြမည်။ သူ့ထက်ငါအပြိုင်လော်ကြမည်။ အော်ကြမည်။ မောင်ဂျေတို့ လော်ဈေးကွက် ဆတက် ထမ်းပိုး ကြီးမားကျယ်ပြန့်လာဖွယ်ရာရှိသည်။

ထိုသို့ ကျယ်ပြန့်လာသည်နှင့်အမျှ လော်စပီကာသုံးခြင်း၊ အသံချဲ့စက်သုံးခြင်းကို ယခုလို ဝါကျွတ်ကာလတစ်ခု တည်းတွင် သာမက ၁၂လရာသီအပြိုင်အဆိုင်သုံးစွဲလာကြတော့မည်။ လော်လာကြတော့မည့် အရေးတွေးရင်း မောင်ဂျေ ရွှေရင်အေးလျက်ရှိသည်။ စီးပွားရေး ချွတ်ခြုံကျနေသည့် ယနေ့ကာလတွင် သည်လိုဖောက်သည်များ တိုးပွားလာခြင်းသည် မောင်ဂျေ့အတွက်  ကြီးမားသော မင်္ဂလာတရားဖြစ်သည်။ ထောက်ခံ၊ ကန့်ကွက်ဆန္ဒပြပွဲတွေသာ စီလာခဲ့လျှင် မောင်ဂျေတို့ လော်ဈေးကွက်၊ အသံချဲ့စက်ဈေးကွက် ခေတ်တုံးစရာမရှိ တော့။ နောင်ရေးစိတ်အေးဖွယ်ရာ ဖြစ်သည်။

ဒီကနေ့ကစပြီးလော်အရေး၊ လော်အရာနှင့် ပတ်သက်လာလျှင်လည်း မောင်ဂျေသည် လော်အုပ်စုဘက်တွင် ပြတ်ပြတ်သားသား ရပ်တည်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ အများပြည်သူမည်သို့မည်ပုံ ဒုက္ခကြုံနေပါစေ မောင်ဂျေ သည် မောင်ဂျေ့အကျိုးဖြစ်ထွန်းရေးကို ဦးစားပေးရမည်။ ခပ်ရှင်းရှင်းဆိုရလျှင် မောင်ဂျေသည် ငတေဖြစ်သည်။ ”ဘယ်သူ သေသေ ငတေမာဖို့လိုသည်” ဆိုသောစကားပုံအတိုင်း မောင်ဂျေလည်းမာဖို့လိုသည်။ သို့အတွက် လော်ခေတ်ရှိနေဖို့လို သည်။ များများလော်နိုင်၊ အော်နိုင်ကြဖို့လိုသည်။ သို့မှသာ ငတေမာနိုင်မည် ဖြစ်သည်။

ယခု ကန်တော့ပစ္စည်းများဝယ်ပြီး၍ ရန်ကင်းစင်တာမှ အိမ်သို့ပြန်နေပြီဖြစ်သည်။ ခဏနေအိမ်ပြန်ရောက်မည်။ ရောက်လျှင် လော်နှင့် အသံချဲ့စက်သုံးစွဲသူ၊ သုံးစွဲရန်တွန်းအားပေးသူတို့၏  ကျေးဇူးရှိပုံအကြောင်း၊ ထိုသူတို့ကို နှစ်စဉ်နှစ် တိုင်း ယခုလိုဝါကျွတ်ကာလတွင် အထူးအစီအစဉ်တစ်ရပ်ဖြင့် မမေ့မလျော့ကန်တော့မည့်အကြောင်း လော်စပီကာဖြင့် ရပ်သိ ရွာသိ ကြေညာမောင်းခတ် ရင့်ကျူးပါမည်။ ဆက်လက် လော်ပေးကြဖို့ကိုလည်း တိုက်တွန်းပါဦးမည်။ အသံချဲ့စက်ဖွင့်ခွင့်၊ အော်ခွင့်၊ တားမြစ်ခွင့်သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင်ရှိသည်ဟု ရပ်ကျေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကြီးကိုလည်း ကန်တော့ရဦးမည်။

မောင်ဂျေ