မြေသိမ်းဆည်းခံရသူများအတွက် ဥပဒေအကာအကွယ်

မောင်ဒိုး(ကံပေါက်)

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်ဟာ စိုက်ပျိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးရေး၊ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးစတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး နိုင်ငံတစ်ဝန်းလုံးမှာ မြေဧကပေါင်းသန်းနှင့်ချီသိမ်းဆည်း ခဲ့ကြပါတယ်။ ဒီလိုသိမ်းဆည်းရာမှာလည်း တည်ဆဲဥပဒေဖြစ်တဲ့ ‘၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေ’အတိုင်း သိမ်းပိုက်ခဲ့တာမျိုး မဟုတ်ဘဲ တရားလက်လွတ်လုပ်ဆောင်ခဲ့တယ်ဆိုတာ အကျယ်ချဲ့ပြောနေစရာတောင် မလိုတော့ပါဘူး။ နစ်နာသူမိသားစု တွေအတွက် လျော်ကြေးနဲ့နစ်နာကြေးတွေ ခံစားခွင့်မရခဲ့ကြသလို မိမိတို့ရဲ့မြေယာ၊ အိမ်ရာမြေတွေ စွန့်လွှတ်ဖယ်ရှားခံရလို့ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက်လည်း တာဝန်ယူမှုမရှိခဲ့ပါဘူး။ အကျိုးဆက်အနေနဲ့ နှစ်ပေါင်းများစွာ အခြေချနေ ထိုင်ခဲ့ကြတဲ့ ဒေသခံတောင်သူလယ်သမားတွေ၊ ဥယျာဉ်ခြံမြေ လုပ်ကိုင်သူတွေနဲ့ ဌာနေတိုင်းရင်းသားအများအပြား လယ်မဲ့ ယာမဲ့ဘဝရောက်ပြီး စီးပွားရေးဘဝတစ်ခုလုံး လက်လွတ်ဆုံးရှုံးခဲ့ရတာသာ အဖတ်တင်ခဲ့ပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ မြေယာသိမ်းဆည်းမှုတွေကို လုံးဝရပ်တန့်ခဲ့ပေမဲ့ သိမ်းဆည်းခံမြေယာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အမှုအခင်းတွေ ဒီကနေ့အထိ ဖြေရှင်းလို့မဆုံးဖြစ်နေတာဟာ မြေသိမ်းဥပဒေကို ဥပေက္ခာပြုခဲ့လို့ဆိုတာ ဘယ် သူမှ မငြင်းနိုင်ပါဘူး။ ဒီလိုအနေအထားတွေကြောင့် တောင်သူလယ်သမားတွေ လယ်ယာမြေကို ဥပဒေနှင့်အညီပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းခွင့်ရှိစေရမယ်၊ တောင်သူလယ်သမားတွေ ဥပဒေမဲ့ဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေပြန်ရဖို့၊ လျော်ကြေး၊ နစ်နာ ကြေးတွေရရှိဖို့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်၊ ဥပဒေနဲ့ညီညွတ်မှုမရှိတဲ့ လယ်ယာမြေသိမ်းဆည်းမှုတွေ မဖြစ်ပေါ်စေဖို့ ကာကွယ်ပေးမယ်လို့ ဒီချုပ်က၂ဝ၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ကတိကဝတ်ပြုခဲ့တာပါ။

၂ဝ၁၇ မြေသိမ်းဥပဒေကြမ်း
ဥပဒေနှင့်အညီ မြေသိမ်းမှုဖြစ်ပေါ်စေခြင်းဖြင့် မတရားမြေသိမ်းဆည်းမှုတွေကို တားဆီးဖို့နဲ့ မြေသိမ်းခံရသူတွေရဲ့ အကျိုးစီးပွားကို ဥပဒေရဲ့ကာကွယ်စောင့်ရှောက်မှု ရရှိစေဖို့ဆိုပြီး အောက်တိုဘာ ၃ဝ ရက်ကကျင်းပတဲ့ အမျိုးသားလွှတ် တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီက ‘၂ဝ၁၇ မြေသိမ်းဥပဒေကြမ်း’ကို တင်သွင်းခဲ့ပါတယ်။ ဒီအချက်ဟာ မြေယာနဲ့ပတ်သက်ပြီးပေးထားတဲ့ ရွေးကောက်ပွဲကတိကို အကောင်အထည်ဖော်ဖို့ စတင် ကြိုးပမ်းတဲ့ ခြေလှမ်းဖြစ်လို့ ကြိုဆိုရမယ့်ကိစ္စပါ။
အခန်း(၁၂)ခန်းနဲ့ ပုဒ်မပေါင်း(၇၃)ခုပါတဲ့ ဥပဒေကြမ်းပါ ဖော်ပြချက်တွေအရဆိုရင် မြေသိမ်းရာမှာ အကျိုးစီးပွား ထိခိုက်နစ်နာတဲ့ မိသားစုတွေ၊ ဒေသခံပြည်သူတွေပါဝင်တဲ့ ကြိုတင်အသိပေးခြင်း၊ လွတ်လပ်စွာညှိနှိုင်းခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ခြင်းလုပ်ငန်းစဉ်တွေနဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ၊ မြေသိမ်းရာမှာဖြစ်ပေါ်လာတဲ့ ဆုံးရှုံးနစ်နာ မှုတွေအတွက် တရားမျှတတဲ့လျော်ကြေး၊ နစ်နာကြေးရရှိမယ့် အစီအမံတွေ၊ မြေသိမ်းရာမှာဖြစ်ပေါ်လာတဲ့ ဆုံးရှုံးနစ်နာမှုတွေ အတွက် ပြန်လည်နေရာချထားပေးတာတွေ၊ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ပေးမှုတွေအတွက် ပြဋ္ဌာန်းချက်အများအပြား ပါဝင်လာတာတွေ့ရပါတယ်။ ဒါပေမဲ့ ဒီဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတချို့လည်းရှိနေပါတယ်။
လျော်ကြေး၊ နစ်နာကြေး
မြေသိမ်းဆည်းတဲ့အခါမှာ အရေးကြီးဆုံးအချက်က သိမ်းဆည်းမြေကို ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးရေး ပါ။ ဥပဒေကြမ်းရဲ့ ပုဒ်မ ၂၊ ပုဒ်မခွဲ (င) မှာဖော်ပြထားတဲ့ ‘လျော်ကြေး’ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ လျော်ကြေးဆိုတာကို အစား ထိုးဖလှယ်ပေးမြေသို့မဟုတ် ငွေကြေးသို့မဟုတ် အခွင့်အရေးသို့မဟုတ် အခြားပစ္စည်းတစ်ရပ်ရပ်လို့ ဖွင့်ဆိုထားတာတွေ့ ရပါတယ်။ ဒါပေမဲ့ မြေသိမ်းဆည်းခံရတဲ့ နစ်နာသူအတွက် ငွေကြေးကို လျော်ကြေးအဖြစ်ပေးမှာလား၊ ဘယ်လိုစံနှုန်းတွေနဲ့ ပေးမှာလဲ၊ အစိုးရကသတ်မှတ်ပေးတဲ့ ဈေးနှုန်းနဲ့ပေးမှာလား၊ ကာလပေါက်ဈေးအတိုင်းပေးမှာလားဆိုတာကိုတော့ ရှင်းရှင်း လင်းလင်းဖော်ပြထားတာမျိုးမတွေ့ရပါဘူး။ ပြီးတော့ ‘သို့မဟုတ်’ဆိုတဲ့ စကားရပ်တွေနဲ့ ကြားခံထားတာကြောင့် လျော် ကြေး အဓိပ္ပာယ်ဖွင့်ဆိုချက်ပါ အမျိုးအစားလေးမျိုးစလုံးကို တစ်ပြိုင်တည်းခံစားခွင့်ပြုမှာလား၊ တစ်ခုခုကိုပဲ ခံစားခွင့်ပြုမှာ လားဆိုတာကိုလည်း တိတိကျကျဖော်ပြထားခြင်းမရှိပါဘူး။ ဒါကြောင့် ဒီအချက်တွေဟာ အငြင်းပွားစရာ ပြဋ္ဌာန်းချက်တွေ ဖြစ်လာနိုင်တဲ့အတွက်ပြန် လည်သုံးသပ်ဖို့လိုနေတယ်လို့ မြင်ပါတယ်။
တစ်ဆက်တည်း စဉ်းစားစရာရှိလာတာက မြေသိမ်းဖို့ရည်ရွယ်ထားတဲ့ မြေကိုကွင်းဆင်းစစ်ဆေး၊ သိမ်းဆည်းရတဲ့ ရည်ရွယ်ချက်နဲ့ အများပြည်သူရဲ့သဘောထားကို ရယူဆောင်ရွက်တဲ့နေရာမှာ အစိုးရရဲ့ လျော်ကြေးနဲ့ နစ်နာကြေးပေးမှုတွေ အပေါ် ထိခိုက်နစ်နာသူက မကျေနပ်ဘူးဆိုရင် တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံယူနိုင်တယ်လို့ ဖော်ပြထားတဲ့အချက်ဖြစ် ပါတယ်။ ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်က တရားရုံးစရိတ်ကို ဘယ်သူကျခံပေးမလဲဆိုတဲ့ မေးခွန်းပါ။ မြေသိမ်း ခံရသူတွေအတွက် တရားရုံးစရိတ်နဲ့ပတ်သက်ပြီး ဥပဒေကြမ်းမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားတာမျိုး မရှိပါဘူး။ ဒါကြောင့် လျော်ကြေးနဲ့ နစ်နာကြေးပေးမှုတွေအပေါ် ထိခိုက်နစ်နာသူကမကျေနပ်လို့ တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံယူတဲ့အခါ တရား ရုံးစရိတ်ကို ဘယ်သူကကျခံရမယ်ဆိုတာကို တိတိကျကျ ဖော်ပြထားဖို့လိုပါတယ်။ မြေသိမ်းခံရသူတွေအနေနဲ့ သူ့ဘာသာ သူနေရင် ဘာမှမဖြစ်ပါဘူး။ အစိုးရက မြေသိမ်းလို့ဖြစ်လာရတဲ့ကိစ္စဆိုတော့ တရားရုံးစရိတ်ကို အစိုးရကသာ ကျခံသင့်ပါ တယ်။
အမျိုးသားမြေယာအသုံးချမှု မူဝါဒ အပိုဒ် ၄ဝ(စ)ပါ ဖော်ပြချက်အရဆိုရင် အကျိုးနစ်နာသူရဲ့ ဆန္ဒအရလုပ်ငန်းစီမံ ကိန်းမှာ ပါဝင်ရင်းနှီးမြှုပ်နှံလိုပါက ခွင့်ပြုရမယ်လို့ဆိုထားတာတွေ့ရပါတယ်။ ဒီတော့ မြေသိမ်းခံရသူအနေနဲ့ သူတို့ရရှိထားတဲ့ လျော်ကြေး၊ နစ်နာကြေးတွေမလိုအပ်ဘဲ ဆုံးရှုံးမှုတွေထပ်မဖြစ်အောင် အသိမ်းခံရတဲ့ မြေမှာ လုပ်ကိုင်မယ့်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံခွင့်ပြုမယ့် ပြဋ္ဌာန်းချက်မျိုး ထည့်ပေးသွင်းပေးနိုင်ရင် ပိုပြီးသင့်တော်မှာဖြစ်ပါတယ်။ ဒါကြောင့် မြေသိမ်းလျော် ကြေး၊ နစ်နာကြေးတွေပေးအပ်တဲ့အခါ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်ခဲ့တုန်းကအတိုင်း ငွေသားအချို့တစ်ဝက်ပေးပြီး ကျန်ငွေတွေကို လျော်ကြေးစာချုပ်တွေပေးဖို့နဲ့ ဒီစာချုပ်တွေကို ရင်းနှီး မြှုပ်နှံရာမှာ အစုရှယ်ယာတွေအဖြစ် ထည့်ဝင်ခွင့်ပေးဖို့ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ဒီနေရာမှာ သံသယဖြစ်စရာ အချက်တစ်ခုက ဒီဥပဒေကြမ်းပါ ဖော်ပြချက်တွေ အတိုင်းဆိုရင် မြေသိမ်းခံရသူဟာ လျော်ကြေး၊ နစ်နာကြေး၊ ရွှေ့ပြောင်းနေရာ ချထားစရိတ်တွေအပြင် ပြန်လည်နေရာချထားပေးတာ၊ လူမှုစီးပွားဘဝပြန်လည် ထူထောင်ပေးတာ စတဲ့ခံစားခွင့်တွေ အတော် များများ ပေးထားတဲ့အတွက် နိုင်ငံတော်အနေနဲ့ ဒီလောက်အထိ လုပ်ပေးနိုင် ပါ့မလားဆိုတဲ့ မေးခွန်းပါ။ လျော်ကြေးအတွက် အိမ်ထောင်ဦးစီးကိုပေးပြီးဖြစ်လို့ နစ်နာကြေးဆိုပြီး မိသားစုကိုထပ်ပေးဖို့ မသင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဒီတော့ကတိပေးပြီး လုပ်မပေးနိုင်ရင် ပြဿနာဟောင်းတွေ မရှင်းနိုင် သေးခင် ပြဿနာအသစ်တွေ ဖြစ်လာနိုင်တာကြောင့် မြေသိမ်းဆည်းခံရသူတွေ၊ ထိခိုက်နစ်နာမှုဆုံးရှုံးသူတွေအတွက် နိုင်ငံရဲ့အတိုင်းအတာနဲ့ သင့်တင့်လျောက်ပတ်တဲ့ ထောက်ပံ့မှုမျိုးဖြစ်ဖို့လည်းလိုပါတယ်။

ပွင့်လင်းမြင်သာ လုပ်ဆောင်ပါ
မြေသိမ်းရာမှာ ဥပဒေနဲ့အညီဖြစ်ဖို့၊ ဥပဒေရဲ့ကာကွယ်စောင့်ရှောက်မှုကိုရရှိစေဖို့၊ မြေသိမ်းရာမှာ အကျိုးစီးပွားနစ်နာ တဲ့ မိသားစုတွေ၊ ဒေသခံပြည်သူတွေကို ကြိုတင်အသိပေးပြီး လွတ်လပ်စွာညှိနှိုင်းဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်တစ်လျှောက်လုံး မှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ်ဆောင်သွား မယ်လို့ဆိုထားပါတယ်။ ဥပဒေတစ်ရပ်ဟာ ရှေ့နောက်ညီညွတ်ခြင်း၊ ခိုင်မာခြင်း၊ ရှင်းလင်းခြင်း၊ တိကျပြီး အများဖတ်ရှုနားလည် နိုင်ခြင်းစတဲ့အင်္ဂါရပ်တွေနဲ့ ပြည့်စုံဖို့လိုအပ်တာကြောင့် ပုဒ်မ ၁၄(ဃ)ပါ ‘မြေ သိမ်းယူမှု အကောင်အထည်ဖော်ရေးအဖွဲ့အား တာဝန်ပေးအပ်ရာတွင် လုပ်ငန်းစဉ်များအားလုံး၌ ပွင့်လင်းမြင်သာစွာနှင့် ထိခိုက်နစ်နာ သူမိသားစုများပါဝင်သော ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်စေရမည်’ဆိုတဲ့ ပြဋ္ဌာန်းချက် ဟာ ယေဘုယျဆန် လွန်းနေတဲ့အတွက် ဒီထက် ပြည့်စုံခိုင်မာတဲ့ စာသားတွေနဲ့ ဖြည့်စွက်သင့်ပါတယ်။
ဒီဥပဒေကြမ်းမှာ ပုဒ်မ ၂(က) ကနေ (ပ) အထိ ပုဒ်မခွဲပေါင်း ၂၁ ခုနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပြည့်ပြည့်စုံစုံ ဖော် ပြထားပါတယ်။ ဒါပေမဲ့ မြေယာသိမ်းဆည်း ရေးလုပ်ငန်းစဉ် ကိစ္စအဝဝကို ‘ပြည်ထဲရေးဝန်ကြီးဌာန’က ကိုင်တွယ်မဲ့သဘော ဖြစ်နေတော့ ဌာနတစ်ခုတည်းကို လုပ်ပိုင်ခွင့်ပုံ မအပ်မထားသင့်ဘူးဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။ ‘ဝန်ကြီးဆိုသည် မှာ’ဆိုတဲ့ စကားရပ်ဟာ အစိုးရသစ်လက်ထက်မှာ ဥပဒေအတော်များများမှာ ပြန်လည်ပြင်ဆင်နေရတဲ့အချက်ဖြစ်လို့ ဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ‘ပြည်ထောင်စုအစိုးရအဖွဲ့က ဤဥပဒေပါလုပ်ငန်းတာဝန်များကို တာဝန်ခံဆောင်ရွက်ပေးရန်လွှဲအပ် သည့် ပြည်ထောင်စုဝန်ကြီးဌာနကိုဆိုသည်’လို့ ပြင်ဆင်နိုင်မယ်ဆိုရင် ပြီးခဲ့တဲ့အတိတ်ဆိုးက ပုံရိပ်တွေရဲ့ ထင်ဟပ်မှုကို လည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

နိဂုံး
ပြောရရင်တော့ ‘၂ဝ၁၇ မြေသိမ်းဥပဒေကြမ်း’ဟာ စည်းနှောင်အားကောင်းတယ်လို့ ရှုမြင်နေကြတဲ့ ‘၁၈၉၄ မြေသိမ်း ဥပဒေ’မှာ ခေတ်နဲ့မလျော်ညီတဲ့ ပြဋ္ဌာန်းချက်တွေရှိလာတာကြောင့် ဥပဒေအသစ်တစ်ခုပြဋ္ဌာန်းဖို့အထိ ဖြစ်လာတာပါ။ အစိုးရ အဆက်ဆက်ရဲ့ မြေသိမ်းဆည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် ရေးဆွဲ ထားတဲ့ ဥပဒေကြမ်းတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒီဥပဒေကြမ်းကို အများပြည်သူတွေလေ့လာ အကြံပြုနိုင်အောင် အစိုးရ သတင်း စာတွေထဲမှာ ဖော်ပြထားပေမဲ့ ပုဒ်မတွေအများ အပြားပါဝင်ပြီး နားလည်ရခက်တဲ့ စကားရပ်တွေရှိနေတာကြောင့် ပြည်သူ လူထုတွေအနေနဲ့ လက်လှမ်းမီနိုင်ပါ့မလားလို့ စိုးရိမ်မိပါတယ်။ ဒါကြောင့် ၂ဝဝ၇ မြေသိမ်းဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြည်သူ လူထုအတွင်း စိမ့်ဝင်ပျံ့နှံ့မှုအားကောင်းလာစေဖို့အတွက် ပြည်သူလူထုကြားထဲ ချပြရှင်းလင်းတာတွေ၊ သဘောထားအကြံ ပြုချက်တောင်းခံတာတွေ၊ မြေယာနဲ့ပတ်သက်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အမြင်ချင်းဖလှယ်တာတွေကို ကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လိုပါတယ်။ အချုပ်ဆိုရရင်တော့ ဒီဥပဒေကြမ်းဟာ ‘၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေ’ထက်ပိုပြီး ပြည့်စုံတယ်လို့ ဆိုနိုင်တဲ့အတွက် ဥပဒေပါအားနည်းချက် တချို့အပေါ်ပြန်လည် ဆွေးနွေးပြုပြင်နိုင် မယ်ဆိုရင်တော့ မြေ သိမ်းဆည်းခံရသူတွေ လက်ခံနိုင်တဲ့ ဥပဒေတစ်ရပ်ဖြစ်လာမယ်လို့ ယူဆပါတယ်။
မောင်ဒိုး(ကံပေါက်)