ဖြစ်စဉ်အပေါ်စိတ်ပျက်မှု၊ ဗဟိုပါဝါမတည်ငြိမ်ခြင်းနဲ့ လက်တလောတိုက်ပွဲ

(၁) ဖြစ်စဉ်အပေါ် စိတ်ပျက်အားကုန်မှု လက္ခဏာလား (Process Fatigue)

မကြာသေးခင်ကပင် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်မှုကော်မတီ JMCအစည်းအဝေးတွေမှာ ကိုယ်စား လှယ်အဖြစ် တက်ရောက်နေသူတစ်ဦးနဲ့ ဆုံဖြစ်ကြသည်။ သူကပင်စ၍ ‘လတ်တလော ဂျေအင်မ်စီညီလာခံနဲ့ အစည်းအဝေး တွေမှာ မီဒီယာတွေ သတင်းလာယူမှု နည်းသွားတာ သတိထားမိတယ်’ဟု စာရေးသူကိုပြောသည်။ ‘ဖြစ်စဉ်က ကြာလာပြီး သမားရိုးကျလို့ သဘောထားပြီး တိုးတက်မှုမရှိလို့ခံ စားရတဲ့အတွက်လား ဒါမှမဟုတ် စာဖတ်ပရိသတ်ကပါ ငြိမ်းချမ်းရေးဖြစ် စဉ်သတင်းတွေကို အီလာတဲ့အတွက် စိတ်မဝင်စားတော့လို့ လာပြီးသတင်းမယူကြတော့ တာလားတစ်ခုခုတော့ တစ်ခုခုပဲ’ဟု ပြန်ဖြေလိုက်သည်။

သူကလည်း စာရေးသူရဲ့ ပြောဆိုချက်ကို မငြင်းပယ်။ ‘နိုင်ငံရေးအရရှေ့မတိုးရင် ဒီဂျေအင်မ်စီလည်း ရေရှည်အောင် မြင်ပါ့မလားဆိုတာ သံသယဝင်နေတယ်’လို့ သူက ပြန်ပြောရှာသည်။ စာရေးသူကတော့ ဂျိုနသန်ပါဝဲလ်ရဲ့ Talking to Terro rists; How to end Armed Conflicts စာအုပ်ထဲက  The Art of Negotiation အခန်းမှစာပိုဒ် လေးတစ်ပိုဒ်ကို ပြေးမြင်မိလိုက် သည်။’စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်မှာ အောင်မြင်မှုမပြနိုင်ဘဲ မြေပြင်အခြေအနေတွေကလည်း ပိုဆိုးလာခဲ့မယ်ဆိုရင်တော့ Process Fatigue လို့ခေါ်တဲ့ ဖြစ်စဉ်အပေါ် စိတ်ပျက်အားကုန်မှုတွေဖြစ်လာတတ်တယ်။ ဖြစ်စဉ်ကပဋိပက္ခကို စီမံဖို့လောက်ပဲ အသုံးဝင် တဲ့ အခြေအနေဖြစ်သွားပါလိမ့်မယ်’ဟု ဂျိုနသန်ပါဝဲလ်ကဆိုသည်။ အမှန်တော့ ဒီကော်မတီတွေဟာလည်း အစိုးရ၊ တပ်မ တော်၊ တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ သုံးပွင့်ဆိုင် ပူးတွဲပိုင်ဆိုင်မှုအပေါ် အခြေခံပြီး ပဋိပက္ခလျှော့ချရေးအတွက် ဖွဲ့စည်း ထားသည့် ကော်မတီတွေပင်။ သို့သော်ကော်မတီဖွဲ့စည်းမှု နှစ်နှစ်ကျော် ကြာမြင့်သည်အထိတပ် နေရာချထားမှုကဲ့ သို့ ကိစ္စရပ်များမှာ မတို့အပ်မထိအပ်သည့် အခြေအနေတွေရှိနေသည်။ လက်နက်လူအင်အားသိပ်မရှိသည့် အပစ်ရပ် အဖွဲ့များ နှင့် တိုက်ပွဲများမတွေ့ရသော်လည်း လက်နက်လူသူအင်အားရှိသည့် အဖွဲ့နှစ်ဖွဲ့နှင့်တော့တင်းမာမှုတွေ မကြာခဏဖြစ်နေ သည်။ တိုက်ပွဲဖြစ်သည့် အခါလည်းရှိနေသည်။

ဒေသအခြေစိုက်တပ်မှူးတွေပါသည့် ဂျေအင်မ်စီအစည်းအဝေးတွေကိုရွှေ့ဆိုင်းရတာတွေလည်းရှိလာနေသည်။ ဆိုတော့ ပဋိပက္ခလျှော့ချရေးအတွက် အဓိကရည်ရွယ်သည့် အစည်းအဝေးပင် ရွှေ့နေရသည်က သီအိုရီကားချပ်ပေါ်ပဲ တင်ကြည့် ကြည့် နိုင်ငံတကာ ဖြစ်စဉ်တွေက သင်ခန်းစာတွေကိုပဲ ကြည့်ကြည့်ကောင်းသည့်လက္ခဏာတွေမဟုတ်ပေ။ တပ်က စွပ်စွဲ လိုက် အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေက စွပ်စွဲလိုက် စွပ်စွဲချက်သတင်းတွေရှိနေပေမဲ့ ရလဒ်ထွက်အောင် ညှိနှိုင်းနိုင်သည့် အစည်းအဝေးကတော့ အင်မတန်မှပင် နည်းနေသည်ဟု ယေဘုယျကောက်ချက်ချနိုင်သည်။ ခြောက်လ တစ်ကြိမ်ကျင်းပဖို့ ရည်ရွယ်ထားသည့် အပစ်ရပ်အဖွဲ့တွေ ပါဝင်မှုအပေါ် အခြေခံသည့် ၂၁ ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီ လာခံ သည်ပင်လျှင်မကျင်းပနိုင်သည်မှာ တစ်နှစ်တိတိရှိနေပြီဖြစ် ပြီး နောက် ဇွန်၊ ဇူလိုင်တွင်ပင် ကျင်းပဖြစ်ပါ့မလားဆိုသည်က လည်း မရေမရာပင်။ နိုင်ငံရေးအဖြေရှာရ မည့်ပွဲဆက်မကျင်းပနိုင်သည်က ကောင်းသည့်လက္ခဏာမဟုတ်လှသလို နိုင်ငံရေး အရ ဖြေရှင်းဖို့အတွက် အပစ်ရပ်လက်မှတ် ထိုးသည့်တိုင်းရင်းသား အဖွဲ့တွေနှင့်အချို့ ပါတီအဖွဲ့အစည်းများ မည်သည့် အတွက်ကြောင့် ၂၁ ပင်လုံကို တိုက်ရိုက်ဆွေးနွေးနိုင်မှုကို ခေတ္တနှောင့်နှေးအောင် အချိန်ဆွဲနေသည်ဆိုသည်ကိုလည်း တာဝန်ရှိသူများစဉ်းစားဖို့ လိုအပ်မည်ဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှု အခြေခံသဘောတရားဖြစ်သည့် ရပ်တည်ချက်အပေါ် အခြေခံဆွေးနွေးချက်ထက် အကျိုးစီးပွား အပေါ် အခြေခံဆွေးနွေးပါဆိုသည့် ကင်းဘတ် ပေါ်၂၁ ပင်လုံ၊ တပ်နေရာချထားရေး၊ တပ်တွေကို လျှော့ချဖျက်သိမ်းပေါင်း စည်းရေး လုပ်ငန်းစဉ်တွေကိုကျော်ပြီး ဒေသ (ပဋိပက္ခဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် အဖွဲ့အစည်း အလိုက် အကျိုးစီးပွား)တို့ကို ပြေးကြည့်တော့လည်း စိတ်သက်သာဖွယ်ရာ အနေအထားမျိုးတော့ မဟုတ်လှ။ အပစ်ရပ် ဒေသများတွင် အရင်ကလောက် အရပ်သားသေကျေမှုနှုန်း မရှိတော့သော်လည်း စစ်ဘေးရှောင်များ မူလနေရပ်မှာ ပြန်လည် အခြေချရေး ဒေသတွင်းဖွံ့ဖြိုးရေး၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး နိုင်ငံသားမှတ်ပုံတင်ရရှိမှု၊ လယ်ယာမြေ ပိုင်ဆိုင်ခွင့် ကိစ္စတွေနဲ့ အပစ်ရပ်နယ်မြေတွေအတွင်း နိုင်ငံရေးအရအဖြေမထွက်ခင် အငြင်းပွားဖွယ် စီမံကိန်းကြီးတွေ အကောင်အထည် ဖော်ဖို့ ခြေလှမ်းပြင်လာမှုလို ကိစ္စတွေမှာတော့ အငြင်းပွားရာ အမြောက်အမြားရှိနေပါသည်။

အပစ်ရပ်အဖွဲ့များအတွက်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အခွင့်အလမ်းများမရသည့်အလျောက် အပစ်ရပ်အဖွဲ့များ၏ ဝန် အပါအဝင် ပြည်သူ့စစ်အဖွဲ့များ၏အခွန်အကောက်လို ကိစ္စတွေကအစ မြေသိမ်းမှုအဆုံး ဒေသခံပြည်သူများမှာ ခံစားနေရ ဆဲဖြစ်နေသည်။ ဒီလောက်များတဲ့ တပ်ဖွဲ့ဝင်တွေ စားဝတ်နေရေးအတွက် အခွန်မကောက်ရင်လည်း ကျွန်တော်တို့က ဘာနဲ့ တပ်ဖွဲ့ဝင်တွေကို ထမင်းကျွေးမလဲဗျာ။ အင်န်စီအေထဲမှာပါတဲ့ ကြားကာလ ထူထောင်ရေး အပစ်ရပ်အဖွဲ့တွေကို နယ်မြေ သတ်မှတ်ပြီး ဖွံ့ဖြိုးရေး စီးပွားရေးလုပ်ခွင့်တွေမှ မပေးတာလို့ အပစ်ရပ်ရှမ်းအဖွဲ့အစည်း RCSS/SSA မှ တာဝန်ရှိသူက စာရေးသူကို ပြောဖူးသည်။ ထို့ထက်ပို၍ ကြည့်မကောင်းသည့်ဖြစ်စဉ်မှာ အပစ်ရပ်အဖွဲ့အချင်း ချင်း၊ တိုင်းရင်းသားအဖွဲ့ အချင်းချင်း၊ တိုက်ပွဲများပင်။ အပစ်ရပ်အဖွဲ့အချင်းချင်း တိုက်ပွဲကြည့်မည်ဆိုပါက မွန်ပြည်သစ်ကေအင်န်ယူ၊ အာစီအက်စ် အက်စ်၊ ပအိုဝ်း ပီအင်န်အယ်လ်အိုတို့လို နယ်မြေချင်း ဆက်စပ်သည့်အဖွဲ့များက တိုက်ပွဲဖြစ်လေ့ရှိသည်ကို တွေ့ရသည်။

(၂) တိုင်းရင်းသားအချင်းချင်း တိုက်ပွဲနဲ့ ဗဟို ပါဝါ မတည်ငြိမ်မှုပြဿနာ

အပစ်ရပ်အဖွဲ့အချင်းချင်း တိုက်ပွဲများကလည်း နယ်မြေအငြင်းပွားမှုကိုအခြေခံသလို အပစ်ရပ်တွေ အပစ်မရပ်အဖွဲ့ တွေဖြစ်တဲ့ တိုက်ပွဲကလည်း နယ်မြေကိစ္စကိုပင် အခြေပြုကြခြင်းပင်။ အပစ်မရပ်နဲ့ အပစ်ရပ်တိုက်ပွဲတွေကတော့ တအန်း ပလောင် တီအင်န် အယ်လ်အေနဲ့ အာစီအက်စ်အက်စ်အဖွဲ့အကြား တိုက်ပွဲနှင့် ရခိုင်နှစ်ဖွဲ့ဖြစ်တဲ့ အေအေနဲ့အေ အယ်လ်ပီ အကြား တိုက်ပွဲဆိုပြီး မြင်ကြရမှာပါ။ တိုင်းရင်းသား အချင်းချင်းတိုက်ပွဲဖြစ် တန်ရာကိုစဉ်းစားရင် နယ်မြေ ကိစ္စအပြင်၊ နောက်ခံအစုအဖွဲ့ဌာနချုပ် နေရာတည်ရှိမှု ကွဲပြားခြင်း (ဥပမာ ထိုင်း နယ် စပ်နှင့် တရုတ်နယ်စပ်)၊ ပြည်နယ်တစ်ခု အတွင်း က အဓိကအင်အားများတဲ့ လူများစုနဲ့ အဲဒီပြည် နယ်အတွင်းမှာပဲ သီးသန့်ပြည်နယ်ထပ်တောင်း နေသည့်လူမျိုးစုကို အခြေခံ သည့်အဖွဲ့ဆိုပြီး တွေ့ရမည်ဖြစ်သည်။ ရှမ်းမြောက်ဒေသအတွင်း တအန်း ပလောင်အင်အားရှိလာပြီး ကေအိုင်အေနှင့်အတူ ရှမ်းလူမျိုးများကိုတပ်သားစု အခွန်ကောက်မှုကတဆင့် ရှမ်းအများစုမှာ မကျေမနပ်ဖြစ်မှုက အစပြုသည်ဟုဆိုရမည်။ ယခင် က ရှမ်းမြောက်ဒေသတွင် အာစီအက်စ်အက်စ် လှုပ်ရှားဖူးသော်လည်း ယခု အင်န်စီအေထိုးပြီး နောက်ပိုင်းလှုပ်ရှားသလို အုံလိုက်ကျင်းလိုက်မဟုတ်ပါ။

နမ့်ခမ်းဘက်မှ ရှမ်းများအနေဖြင့် မြို့အနီးတွေ ရှမ်းလက်နက် ကိုင်များလာရောက် အခြေချရန် ဖိတ်ခေါ်မှုများရှိခဲ့ သည်။ ပြဿနာ ဖြစ်နေသည့် သို့မဟုတ် ပြဿနာဖြစ်နိုင်သည့် ရပ်ကွက်ထဲမှာ နေနေပြီး ကိုယ့်အိမ်နှင့်ကိုယ်နေသည်ဟု မည်မျှပင် ဆိုစေကာမူ ပြဿနာ ရှိသည့်ရပ်ကွက်ထဲတွင်နေသည့်အတွက် အခြားအိမ်မှ မီးများကိုယ့်အိမ်ကိုအချိန်မရွေးကူး စက်လာနိုင် သည်ဆိုသည့် ယူဆမျိုး အဆိုပါ သွားဖိတ်ခေါ်သည့်ရှမ်းများတွင်လည်း ရှိဟန်မတူ။ တစ်ဖက်တွင်လည်း ဝမ်ဟိုင်း SSPP လိုအဖွဲ့မှာလည်း ရှမ်းအများစုနေသည့် နေရာများတွင် ခြေကုပ်မယူထားခြင်း၊ ယူဖို့မကြိုးစားခဲ့ခြင်းက နောက်ပိုင်း တွင် ရှမ်းလူထု၊ အာစီအက်စ်အက်စ်စသဖြင့် အဖွဲ့များက တစ်ဖက် ရှမ်းအများစုမကြိုက်သည့် သူ့မဟာမိတ် ဝ၊ တအန်း ပလောင်စ သဖြင့်တစ်စုကြားတွင် ညှပ်ဖို့ ဖြစ်လာခဲ့ပေသည်။ ပထမဆုံး သူတို့သွားချဉ်းကပ်သည်က ဝမ်ဟိုင်း SSPP/SSA အဖွဲ့ပင်။ ဝမ်ဟိုင်း အဆင်မပြေသည့်အတွက် ထိုင်းနယ်စပ်တွင် အခြေချ သည့်အာစီအက်စ်အက်စ်နှင့် ဆက်သွယ်မိကာ မြောက်ပိုင်းမှ ရှမ်း လူငယ်များကို သင်တန်းပေး မြောက်ပိုင်းပြန်စေလွှတ်ရာမှ တီအင်န်အယ်လ်အေနဲ့ ပစ်ခတ်မှုတွေစခဲ့သည်။ ယခင်က အဆိုပါနှစ်ဖွဲ့ အကြား ဆက်နွယ်မှုအချို့ရှိခဲ့သော်လည်း အင်န်စီအေအပစ်ရပ်ပြီးနောက် အုပ်စုမတူမှုအပေါ် မူတည်၍ ဖြစ်လာ သလောမပြောတတ်။ ဝမဟာမိတ်အဖွဲ့နှင့် အစဉ်အလာအရ ဝ နှင့် တိုက်ခိုက်ခဲ့ ဖူးသည့် အဖွဲ့ဆိုသည့်ကိစ္စမျိုး အပြင် ထိုင်း နယ်စပ်အခြေစိုက်အဖွဲ့နှင့် တရုတ်နယ်စပ်အခြေစိုက်အဖွဲ့လို ကိစ္စက လည်းရှိနေသည်။ ယခုနောက်ဆုံးထူးခြားသည်က မဟာ မိတ်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်သည့် တအန်းပလောင် TNLA နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ဝမ်ဟိုင်း SSPP/SSA တို့၏ နမ္မတူမြို့ နယ် ထဲက တိုက်ပွဲပင်။

တစ်ချိန်တည်းတွင်လည်း ဗဟိုအစိုးရထံ တိုင်းရင်းသားအခွင့်အရေး တောင်းတာချင်းအတူတူ တိုင်းရင်းသားအမည်နဲ့ ပြည်နယ်ရှိပြီးသားအဖွဲ့နဲ့ အဲဒီပြည်နယ်ထဲကပဲ ပြည်နယ်ရလိုတဲ့ အခြားတိုင်းရင်းသားအဖွဲ့ဆိုသည့် သဘောမျိုးလည်း တွေ့မြင် နေပြီဖြစ်သည်။ ယင်းအချက်မှာ မြန်မာပြည်တွင်း စစ်သက်တမ်းတစ်လျှောက် ထူးခြားသည့် အချက်တော့ မဟုတ်ပေ။ စစ်အေးခေတ်တစ်လျှောက် မျိုးနွယ်တူတိုင်းရင်းသား အချင်းချင်းအကြားမှာပင် ကွန်မြူနစ်နောက်ခံနှင့် အခြားအုပ်စုနောက်ခံ အဖွဲ့ဆိုပြီး တိုက်ခဲ့သည့် သမိုင်းရှိနေသလို ဝနဲ့ရှမ်း၊ ပအိုဝ်းတပ်ဖွဲ့နဲ့ ရှမ်းတပ်ဖွဲ့စသဖြင့် တိုက်ခိုက်ခဲ့မှုများလည်းရှိခဲ့သည်သာ။ ပြည်သူ့စစ်ခံယူထားသည့် တိုင်းရင်းသားအဖွဲ့အချို့နှင့် ဗဟိုအစိုးရကို ဆန့်ကျင်သည့်အဖွဲ့များအကြားတွင်လည်း ဖြစ်ဖူးသည် သာ။ ဥပမာ ဗကပ ၁ဝ၁ ကနေ တဖြည်းဖြည်းချင်း နယ်ခြားစောင့်အဖြစ် ပြောင်းသွားတဲ့ ဇခုံတိန့် ယိန်းတပ်ဖွဲ့နှင့် ကေအိုင်အေ တို့ တိုက်ပွဲ။ ယင်းကဲ့သို့နယ် မြေအတိအကျပိုင်းခြား သတ်မှတ်ထားသည့် တိုင်းရင်းသားလူများစုများနှင့် ဒေသတစ်ခု တည်းတွင် အစဉ်အဆက်နေထိုင်ခဲ့သည့် လူမျိုးစုငယ်တွေအကြား အကြိမ်ကြိမ်အခါခါ သဘောထားကွဲလွဲမှုကလည်း ပြည် တွင်းစစ်သက်တမ်းကို ပိုမိုရှည်လျားစေခဲ့သည်သာလို့ အီဂေါဘလာဇီဗစ်က မှတ်ချက်ပြုထားသည်။

မွန်ပြည်သစ် ကေအင်န်ယူ တိုက်ခိုက်မှုနှင့် ပလက်ဝကိစ္စအပေါ် အခြေပြုပြီးချင်း ရခိုင် တင်းမာမှုများကလည်း နယ်မြေ ကိစ္စဖြစ်ပြီး မဆလဦးနေဝင်းသတ်မှတ်ပေးခဲ့သည့် ပြည်နယ် နယ်နိမိတ်အပေါ် အခြေခံကာတင်းမာမှုနှင့် တိုက်ခိုက်မှုများရှိ ခဲ့ခြင်းဖြစ်သည်။ (ဥပမာ မွန် လက်နက်ကိုင်နဲ့ကရင် လက်နက်ကိုင်တွေဟာ ပြည်တွင်းစစ်ခေတ်ဦးမှာ မဟာမိတ်တွေဖြစ်ပြီး မွန်ပြည်နယ်ပေးလို့ မွန်လက်နက်ကိုင်လက်နက်ချသွားရာက တစ်ဆင့်ကွဲလွဲမှုတွေဖြစ်ခဲ့ပြီး ဦးနေဝင်းအစိုးရရဲ့ ပြည်နယ်နယ် နိမိတ်သတ် မှတ်ချက်ကြောင့်  မွန်လူမျိုးတွေလည်းရှိနေတဲ့ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးတို့လို ဒေသတွေမှာ မွန်ပြည် သစ်ကေအင်န်ယူတိုက်ခိုက်မှု တွေဖြစ်ခဲ့ဖူး) ယင်းကဲ့သို့ တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်မှုများကိုညှိနှိုင်း ဆွေးနွေးကြ တာရှိပေမဲ့ အောင်မြင်အောင်လည်း မလုပ်နိုင်ကြပါ။ လတ်တလော ပြန်ကြည့်ရင်လည်း တိုက်ခိုက်မှုများ ဆက်ရှိနေဆဲဖြစ်ရာ နှောင့်ယှက်ဖျက် ဆီးလိုသူတွေက သွေးထိုး၍လော သို့မဟုတ် အပေါ်က နိုင်ငံတော်ဗဟိုမှာ အာဏာကဘယ် မှာဆိုတာ မရေ မရာဖြစ်နေပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကလည်းရှေ့မတိုးတဲ့အတွက် မျှော်လင့်ချက် မဲ့နေတဲ့သူသူ ၂ဝ၂ဝ မတိုင်ခင်ရသမျှ နယ်မြေ ခိုင်ခိုင်မာမာယူထားမယ်ဆိုပြီး အကျိုးစီးပွား ဆိုင်ရာအပြိုင်အဆိုင် နယ်မြေလုမှုတွက်ဆမှုဖြင့် ချိန်သားကိုက် တိုက် နေကြသလော စဉ်းစားဖို့ လိုလာနေပြီဖြစ်သည်။ အမှန်တော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၏ အားနည်းချက်မှာ စစ ချင်း အင်န်စီအေစာချုပ်ရေးဆွဲစဉ်ကပင် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲအတွက် ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိခြင်းပင်။ တိုင်းရင်း သားအရေး လေ့လာသူ စိုင်းဝမ်းဆိုင်ကတော့ ‘ဝနဲ့ မိုင်းလားမပြေလည်မှုနဲ့ တင်းမာမှု ဝ တပ်တွေ မိုင်းလားနယ်ထဲ ဝင်ရောက် စီးနင်းမှု ပအိုဝ်းပီအင်န်အယ်လ်အိုနဲ့ အာစီအက်စ်အက်စ် အပါအဝင် ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားအချင်းချင်းတိုက်ပွဲ တွေဟာ ရှမ်းပြည်ရဲ့ ဘုံဒေသခံဖြစ် မှုကိုမဖြည့်ဆည်းနိုင်လို့ဖြစ်တယ်။ တအန်း ပလောင်၊ ဝ၊ ပအိုဝ်းတို့ လိုကိုယ့်ပြည်နယ်နဲ့ ကိုယ် နေချင်သူတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာ နယ်မြေသတ်မှတ်ချက်က ရှင်းရှင်း လင်းလင်းမရှိလှဘူး။ အဲဒီလို လူမျိုးပေါင်းစုံနေထိုင်တဲ့ ရှမ်းလို ပြည်နယ်မှာ နယ်နိမိတ်တစ်ခုစီအခြေခံပြီး သတ်မှတ်တာမျိုး က မမျှော်လင့်သင့်တဲ့ ကိစ္စပါ။

၁၉၂၂ ခုနစ်က ကျင့်သုံးခဲ့တဲ့ ဖက်ဒရယ် ရှမ်းပြည်လို ဒေသအလိုက်ကိုယ့်ဒေသကို အုပ်ချုပ်ပြီး ပြည်ထောင်စုထဲက ရှမ်းပြည်ထောင်အဖြစ် သတ်မှတ်ချက်က လက်ရှိအခြေအနေအတွက် အကောင်းဆုံးဖြေရှင်းချက်ဖြစ်ပါလိမ့်မယ်။ (အင်္ဂလိပ် ခေတ်မှာ ပလောင်စော်ဘွား အုပ်ချုပ်တဲ့ဒေသ၊ ပအိုဝ်းစော်ဘွားအုပ်ချုပ်တဲ့ ဒေသတွေကိုလညှ်းအအေန လို့ပဲခေါ်တာဖြစ်ပြီး ကချင်က ရှမ်းမြောက်မှာ ဒူဝါအုပ်ချုပ်တှဲ့ကဘှအအေန ရှိသလို ကိုးကန့်နယ် ကိုးကန့်စော်ဘွား အုပ်ချုပ်ဖက်ဒရယ် ကောင်စီလို ဒေသအားလုံးအ ကြိုအကဲမဲနဲ့ဆုံးဖြတ်တဲ့ ပဒေသရာဇ်ကောင်စီက နေ အကြီးအမှူးတွေရွေးပြီး အုပ်ချုပ်တာဖြစ် ပါတယ်)။ အခုလို ရှမ်းပြည်ထဲက တိုင်းရင်းသား အချင်းချင်း မကျေမချမ်း တင်းမာတိုက်ခိုက်မှု တွေရှိနေရင် ရှမ်းပြည်ကို ၁၉၅ဝ ကတည်းက တပ်တွေဝင်ရောက်ချထားခဲ့တဲ့ စစ်တပ်အဖို့အကြိုက် ဖြစ်သွားပါ လိမ့်မယ်။ ရှမ်းပြည်အတွင်းက တိုင်းရင်း သားအချင်းချင်းအနေနဲ့ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အပြစ်တင်နေမှုတွေ မလုပ်သင့်တော့ပါဘူး’ ဟု သုံးသပ်သည်။

ဗဟိုက တစ်နိုင်ငံလုံးကို မလွှမ်းခြုံ မအုပ်နိုင်ဘဲ ဗဟိုအစိုးရ ကိုယ်တိုင်မှာတောင် အုပ်ချုပ်မှုအာဏာက မရေမရာဖြစ်နေခဲ့ တာကို အခွင့်အကောင်းယူပြီး တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှုတွေဖြစ်ခဲ့ရင်တော့ ကျွန်တော့်အဖို့ ဒီကိစ္စဟာ အခြား ကိစ္စတွေထက် အစိုးရိမ်ဆုံးကိစ္စရပ်လို့ ပြောချင်ပါတယ်ဟု တမ္ပဒီပ အင်စတီကျုမှ ဦးခင်ဇော်ဝင်းကလည်းမှတ်ချက်ပေးသည်။

(၃) လတ်တလော မြောက်ပိုင်းတိုက်ပွဲ

မြောက်ပိုင်းတိုက်ပွဲတွေဖြစ်သည့် ကေအိုင်အေ၊ တီအင်န်အယ်လ်အေတို့နှင့်တပ်မတော်အကြား တိုက်ပွဲများကတော့ ပိုမို ပြင်းထန်နေသည်မှာ အမှန်ပင်။ လူတွေ ထောင်နှင့်ချီပိတ်မိစေသည့် တိုက်ပွဲများ လွန်ခဲ့သည့် ဧပြီလကတည်းကစခဲ့သလို နောက်ဆုံးမှာတော့ မူဆယ်က ပြည်သူ့စစ်ကင်းစခန်းတွေနှင့် လောင်းကစားရုံကို ပြန်တိုက်သည့် တီအင်န်အယ်လ်အေ၏ တန်ပြန်တိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့သည်။ ထူးခြားချက်မှာ ကေအိုင်အေနှင့် တိုက်ပွဲဖြစ်သည့် နေရာများမှာ လီဒိုလမ်းဖြတ် သန်းသည့် တနိုင်းလို ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ကြောင်း Belt Road Initiative ဧရိယာဖြစ် နေခြင်းနှင့် အင်ဂျန်းယန်လို မြစ်ဆုံစီမံကိန်းရဲ့ အပေါ်ဘက် မနီးမဝေးဒေသတွေမှာ တိုက်ပွဲပြင်းထန်ခဲ့ခြင်းပင်။ ကချင်ဒေသတွင် စစ်ဘေးရှောင်များ ထောင်ချီပိတ်မိနေစဉ်က တရုတ်မှာ အသံတိတ်နေသလို တအန်းပလောင်တပ်ဖွဲ့က တရုတ်နယ်စပ် မူဆယ်မြို့က လောင်း ကစားရုံကိုတိုက် တရုတ်နယ်ထဲ ကျည်ဆန်ကျ၊ တရုတ်အချို့လည်း မူဆယ်တိုက်ခိုက်မှုမှာ သေဆုံးမှသာ တရုတ်သံရုံးက ကြေညာချက်ထုတ်ခဲ့ခြင်းပင်။ ကေအိုင်အေကော တအန်းပလောင်နှစ်ဖွဲ့လုံးဟာ ပြီးခဲ့တဲ့ မတ်လက တရုတ်နယ်စပ် ဝနယ် ပန်ဆန်းမှာ ကျင်းခဲ့သည့် ဝ ဦးဆောင်တဲ့ FPNCC မဟာမိတ်အဖွဲ့ညီ လာခံတွင် မြောက်ပိုင်း ပဋိပက္ခအရေးမှာ တရုတ်တစ်နိုင်ငံ တည်းကိုသာ အားမကိုးသင့်တော့သည့်အကြောင်း  ဝ ကိုတိုက်တွန်းခဲ့သည့် အဖွဲ့များဖြစ်နေခြင်းပင်။ အဆိုပါအစည်းအဝေး တွင် တရုတ်၏သဘောထားကို ဝ ခေါင်းဆောင် ပေါက်ယိုချန်းကပြောရာတွင် တရုတ်နယ်စပ်မှာ မြောက်ပိုင်းတပ်ဖွဲ့တွေအနေ နဲ့ တိုက်ခိုက်မှုတွေမလုပ်ဖို့ဆိုသည့် သဘောပါဝင်ခဲ့သည်ဟု ဆိုကြပါသည်။ အစဉ်အလာအရလည်း ကေအိုင်အေမှာ ကချင် ပြည်နယ်၏ အိန္ဒိယ တရုတ်နှစ်နိုင်ငံအကြား တည်ရှိမှုနှင့် လူမျိုးစုအခြေအနေ တိုးတက်မှုတစ်စုံတစ်ရာရှိခဲ့သည့် အင်္ဂလိပ် ကိုလိုနီစနစ်အောက်တွင် ကျင့်သားရခဲ့သူများပီပီပထဝီ နိုင်ငံရေးအရ အထောက်အကူကို အနောက်ဘက်မှ မျှော်သည့် အခါများလည်း သမိုင်းတစ်လျှောက်ရှိခဲ့သည်ပင်။ ပန်ဆန်း FPNCC အစည်းအဝေးမှာတော့ တရုတ်က ဝ တပ်ဖွဲ့ကိုပင် အင်န်စီအေလက်မှတ်ထိုးစေချင်သည့် သဘောပြောဆိုသယောင်သတင်း အချို့လည်းထွက်ခဲ့ပါသည်။ မူဆယ်တိုက် ခိုက်မှု က ကချင်မှာ ထိုးစစ်ပြင်းထန်နေသည့် အတွက်ဟု တအန်းပလောင်တပ်ဖွဲ့ကအကြောင်း ပြခဲ့ပြီး တိုက်ခိုက်မှုအတွက် သူတို့ အနေဖြင့်လည်း တရုတ်အမျက်တော်ရှမည့်အချက်ကို စိုးရိမ်ဟန်တူပါသည်။ တိုက်ခိုက်ခဲ့သည့်လောင်းကစားရုံမှာ တရုတ် နိုင်ငံသားများအား ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အသက်သေဆုံးမှုပါဖြစ်စေခဲ့သလို မူးယစ်ဆေးဝါးနှင့်ပတ်သက်ကြောင်းကြေညာ ချက်ထုတ်ခဲ့သည်ကို သတိထားမိပါသည်။ ကချင် တိုက်ပွဲများပြင်းထန်နေစဉ် နိုင်ငံတကာ မီဒီယာတွေကလည်း ဖော်ပြခဲ့ မှုနှင့် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် အခြေအနေမှာ အတန်ငယ် ရှုပ်ထွေးခဲ့သည်တော့ အမှန်ပင်။ မြောက်ပိုင်း ခုနစ်ဖွဲ့ ကို ပြန်ကြည့်ရင်တော့ တစ်ဖွဲ့ချင်းအပစ် ရပ်ထားသည့်သုံးဖွဲ့ ဝ၊ မိုင်းလား၊ ဝမ်ဟိုင်း SSPP တို့မှာ အစိုးရနှင့် တစ်ဖွဲ့ချင်းဆွေးနွေး ခဲ့ပြီးဖြစ်သလို ကေအိုင်အေမှာလည်း တပ်နှင့် တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးမှုကို ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ဝဦးဆောင်သည့် FPNCC မဟာမိတ်မှာ ရေရှည်ခံမည့် မဟာမိတ် မဟုတ်ဆိုသည့် ဟောကိန်းထုတ်မှုများ ရှိလာခဲ့ပါ သည်။ မည်သို့ဆိုစေ အင်န်အယ်လ်ဒီအစိုးရကို စောင့်ပြီးမှ အင်န်စီအေ လက်မှတ်ထိုးမည်ဆိုပြီး ဦးသိန်းစိန်အစိုးရ လက်ထက်က လက်မှတ်ထိုးရေး ငြင်းပယ်ခဲ့သည့် ကေအိုင်အေ၊ အတိုက်အခံဘဝဖြင့် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည် သွားသည့်နေ့တွင်ပင် တစ်ဖက်သတ်အပစ်အခတ် ရပ်စဲမှုတစ်နှစ်ပြုလုပ် ကြောင်းကြေညာခဲ့သည့် ကိုးကန့် MNDAA အဖွဲ့တို့မှာ တအန်းပလောင် တီအင်န်အယ်လ်အေ၊ အေအေ ရက္ခိုင့်တပ်မတော်တို့နှင့်အတူ အစိုးရ၏ စစ်တပ်ဖိအားအောက် မှာ အမြဲတမ်းရှိနေပြီး အင်န်အယ်လ်ဒီ၏ကာလရှည် မဟာမိတ်ဟောင်း ဗိုလ်ချုပ်ကြီးဆေထင် နာယက လုပ်နေသည့် SSPP/ SSA

ဝမ်ဟိုင်းအဖွဲ့ အင်န်စီအေမှာ အခုအချိန်အထိ လက်မှတ် မထိုးနိုင်သေးခြင်းမှာလည်း မြောက်ပိုင်းပဋိပက္ခ၏ ထူးခြားမှုပင် ဖြစ်တော့သည်။

 

ကိုစိုင်း (ရှမ်းမောမြေ)