ဖြတ်လေးဖြတ်ပေါ်လစီအောက်က အရပ်ဘက်အဖွဲ့အစည်းများ

မောင်ထွန်း
ယနေ့ခေတ် မဂ္ဂဇင်း ၊ မေလ ၂၀၁၇ ထုတ်မှ

ဖြတ်လေးဖြတ်ပေါ်လစီဆိုတာက နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတိုင်း ရင်းနှီးပြီးသား စကားလုံးပါ။ အထူးသဖြင့် အာဏာရှင်ဗိုလ်နေဝင်းလက်ထက် ပြည်တွင်းစစ်ကာလမှာ

ပဲခူးရိုးမက ဗမာပြည်ကွန်မြူနစ်ပါတီစစ်ဆင်ရေးအတွက် အသုံးပြုခဲ့တဲ့ ဗျူဟာပါ။ နောင်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်တော့လည်း အဲဒီဗျူဟာကို အသုံးပြုခဲ့ပေမယ့် ဗကပကို တိုက်တုန်းကလောက်ထိတော့ မအောင်မြင်ခဲ့ပါဘူး။ ဖြတ်လေးဖြတ်ဆိုတာက ရိက္ခာဖြတ်၊ လူအရင်းအမြစ်ဖြတ်၊ သတင်းအချက်အဆက်အသွယ်ဖြတ်နဲ့ လူထုထောက်ခံမှု ဖြတ်ဆိုတဲ့ ဗျူဟာလို့ ကြားနာမှတ်သားဖူးပါတယ်။ လူသားအရင်းအမြစ်မရှိ၊ လက်နက် ရိက္ခာမရှိ၊ သတင်းအချက်နဲ့ လူထုထောက်ခံမှု ကျဆင်းတဲ့အခါ နောက်ဆုံးတော့ ပဲခူးရိုးမက ဗမာပြည်ကွန်မြူနစ်တွေလည်း အချင်းချင်း ဖြုတ်ထုတ်သတ်နဲ့ ဇာတ်ခေါင်းကွဲကြရတာပါပဲ။
အဲဒီဖြတ်လေးဖြတ် ပေါ်လစီဟာ အစိုးရအဆက်ဆက် တစ်ဖက်ရန်သူကို တိုက်ခိုက် တဲ့အခါမှာ ထိရောက်တယ်လို့ မှတ်ယူသွားတဲ့နောက် သူတို့ကို ဆန့်ကျင်တိုက်ခိုက်တယ်လို့ ယူဆတဲ့သူမှန်သမျှကို ဖြတ်လေးဖြတ်ပေါ်လစီအညွှန်းနဲ့ ရင်ဆိုင်ခဲ့ကြပါတယ်။ အခုလက်ရှိ အစိုးရလည်း အရပ်ဘက်အဖွဲ့အစည်းတွေဟာ အစိုးရကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုပြီးနောက် ဖြတ်လေးဖြတ်ပေါ်လစီကို စပြီး ကျင့်သုံးလာပြီလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
အရပ်ဘက်အဖွဲ့အစည်းဆိုတာ ဒီမိုကရေစီပြောင်းလဲမှုကို နိုင်ငံရေးပါတီတွေလို ဦးဆောင်ပြောင်းလဲတဲ့ အခန်းကဏ္ဍမှာ မပါဝင်ပေမယ့် ဒီမိုကရေစီခိုင်မာဖို့၊ ဒီမိုကရေစီ တန်ဖိုးတွေ အနှစ်သာရတွေ ခိုင်မာပြည့်ဝစွာရရှိဖို့အတွက်တော့ အရေးပါတဲ့ အခန်းကဏ္ဍမှာပါတယ်ဆိုတာ လစ်ဘရယ်ဒီမိုကရေစီကို လေးစား ယုံကြည်သူတိုင်း လက်ခံထားတဲ့ အချက်တစ်ချက်ပါ။ အထူးသဖြင့် အစိုးရဟာ နိုင်ငံသားတွေရဲ့ လူ့တန်ဖိုး နဲ့ လွတ်လပ်ခွင့်ကိုတန်ဖိုးထားဖို့၊ မဖိနှိပ်ဖို့၊ အာမခံ ပေးဖို့၊ နိုင်ငံသားတွေရဲ့ လိုလားချက်တွေကိုတောင်း ဆိုတင်ပြဖို့၊ တိုင်းပြည်ရေးရာတွေရဲ့ ဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဉ်တွေမှာ နိုင်ငံသားတွေရဲ့ ပါဝင်ခွင့်၊ လိုလားချက်တွေကိုလေးစားဖို့ စတဲ့ တန်ဖိုးတွေကိုအကောင် အထည်ဖော်ပေးတဲ့ နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်အချို့ကို ဝေဖန်နေကြပေမယ့် အဲဒီအားနည်းချက်တွေကြောင့် အရပ်ဘက်အဖွဲ့အစည်းအားလုံးကို ထိန်းချုပ်ဖို့၊ စည်းဝိုင်းအပြင်ဘက်ရောက်သွားအောင် လုပ်ဆောင်မှုတွေကတော့ လက်မခံနိုင်၊ လက်မခံသင့်တဲ့ ကိစ္စပါ။ သို့သော် …
NLD ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရကတည်းက အရပ်ဘက်အဖွဲ့အစည်းတွေမှာ တွေ့ကြုံရနိုင်တဲ့ စိန်ခေါ်မှုတွေထဲက
၁။ နိုင်ငံခြားအကူအညီတွေဟာ အစိုးရဆီကို တိုက်ရိုက်အများဆုံးသွားနိုင်ပြီး အရပ်ဘက်အဖွဲ့ အစည်းတွေဆီ ရောက်ရှိမှု နည်းသွားနိုင်တယ်။
၂။ လူတော်အများစုဟာ အစိုးရအပြောင်းအလဲနဲ့အတူ အစိုးရတာဝန်နဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ကူးပြောင်းသွားတဲ့အတွက် စွမ်းဆောင်ရည်ပြည့် အရည်အချင်းပြည့် ဝန်ထမ်းတွေ နည်းသွားနိုင်တယ်။
၃။ နည်းပညာအကူအညီအများစုဟာ အစိုးရဆီကို တိုက်ရိုက်သွားတဲ့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေမှာ နည်းပညာအကူအညီအားနည်းပြီး စဖွဲ့ကာစအဖွဲ့တွေမှာ နည်းပညာမလုံလောက်မှုနဲ့ ကြုံတွေ့နိုင်တယ်။
၎။ အစိုးရရဲ့ပေါ်လစီကိုထောက်ခံသူတွေ အစိုးရရဲ့သိမ်းသွင်းမှုအောက် ရောက်သွားပြီး မထောက်ခံသူတွေကတော့ မြောင်းထဲရောက်သွားနိုင်တယ်။
၅။ လူထု ထောက်ခံမှုအားကောင်းတဲ့အတွက် အစိုးရကို ဝေဖန်ထောက်ပြတဲ့ အဖွဲ့ အစည်းအချို့ လူထုထောက်ခံမှု၊ ယုံကြည်မှုကျဆင်းလာပြီး လုပ်ငန်းဆောင်ရွက်ဖို့ ခက်ခဲလာ နိုင်တယ်လို့ မှန်းဆခဲ့ဖူးပါတယ်။
အစိုးရသစ်တက်လာပြီး နိုင်ငံခြားအကူအညီ အထောက်အပံ့တွေကို စီမံခန့်ခွဲဖို့ ကော်မတီ ဖွဲ့ ခဲ့ပါတယ်။ အဲဒီကော်မတီရဲ့ ရည်ရွယ်ချက်ဟာ ကောင်းပေမယ့် တစ်ဖက်ကလည်း အရပ်ဘက်အဖွဲ့ အစည်းတွေကို ထောက်ပံ့နေတဲ့ နိုင်ငံတကာ အကူ အညီတွေကိုလည်း စီမံခန့်ခွဲမလားဆိုတဲ့ စိုးရိမ် မှုတွေ လုပ်လာပါတယ်။ အဲဒီကော်မတီဟာ တစ်ဖက်မှာလည်း နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေရဲ့ ရန်ပုံငွေပေးအပ်တဲ့ စည်းမျဉ်းအချို့ကို ထိန်းချုပ်လာပါတယ်။ အထူးသဖြင့် ရန်ပုံငွေ လျှောက်ထားလိုတဲ့အဖွဲ့အစည်းတစ်ခုဟာ မှတ်ပုံတင်ရှိဖို့ လိုတယ်ဆိုတဲ့ လိုအပ်ချက်မျိုး၊ မူဝါဒ တွေ စည်းမျဉ်းစည်းကမ်းတွေရှိဖို့လိုတယ်ဆိုတဲ့ တောင်းဆိုချက်တွေ.. စသဖြင့် ပိုမို တောင်းဆို လာပါတယ်။ အဲလိုတောင်းဆိုချက်ကို အချို့က ကောင်းတယ်လို့ ထောက်ခံကြပေမယ့် ဥပဒေအရ ပေးထားတဲ့ မှတ်ပုံတင်ခြင်း၊ မတင်ခြင်းအခွင့် အရေးကို မတင်ရင် မဖြစ်အောင် လုပ်ထားတဲ့၊ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ စုဝေးခွင့်ကို ထိန်း ချုပ်ဖို့ ကြိုးစားနေတယ်လို့ ယူဆသူတွေလည်းရှိပါ တယ်။ အလှူရှင်အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်ကို ပြည့်မီဖို့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ အချိန်မတိုင်မီ အတင်းအကျပ် အဖွဲ့အစည်းဘောင်သွင်းခြင်း (Force Institutionalization) ခံလိုက်ရပါတယ်။ ရလဒ်ကတော့ အဖွဲ့အစည်းကောင်း တစ်ရပ် ပေါ်ပေါက်လာရမယ့်အစား အချင်းချင်း ကွဲကြပြဲကြနဲ့ ယခင်ကရရှိထားတဲ့ စုစည်း မှု၊ စုပေါင်းလုပ်ဆောင်မှု၊ စုပေါင်းခေါင်းဆောင်မှု၊ ဘုံတန်ဖိုးတွေ ပျောက်ဆုံးမှု စတဲ့ အချက် တွေ ကြုံတွေ့လာရပါတယ်။ အထူးသဖြင့် တက်ြ<ွကလှုပ်ရှားသူတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့လေး တွေမှာ အထိအနာဆုံးပါ၊၊
နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာဒစ်ပလိုမေစီအောင်မြင် မှုကြောင့် နိုင်ငံတကာရဲ့ ချေးငွေ၊ ရန်ပုံငွေအကူအညီနဲ့ နည်းပညာအကူအညီစတဲ့ အကူ အညီအားလုံးဟာ အစိုးရအဖွဲ့အစည်းတွေဆီတိုက်ရိုက်ရောက်သွားပါတယ်။ ဥပဒေ၊ မူဝါဒ တွေ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ နိုင်ငံတကာအကူအညီငွေတွေဟာ အစိုးရယန္တရား ထဲရောက်တဲ့အခါမှာတော့ ပြည်သူတွေဆီ အကျိုးပြုရမယ့်အစား ဌာနဆိုင်ရာအတွင်း ဆီးသီးဗန်းမှောက်တဲ့ ကိန်းဆိုက်သွားပါတယ်။ ဌာနဆိုင်ရာအတွင်းအလွဲသုံးစားလုပ်မှု၊ ခြစားမှုတွေဟာ မကြားချင်မှအဆုံး ဖြစ်လာပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဆီ စီးဝင် မှုတွေဟာ သိသိသာသာလျော့ကျလာပါတယ်။ ရလဒ်ကတော့ပြည်တွင်း အရပ်ဘက် အဖွဲ့ အစည်းတွေရဲ့ လှုပ်ရှားနိုင်စွမ်းကျဆင်းလာခဲ့ပါတယ်။ ဖြတ်လေးဖြတ်ထဲက ရိက္ခာဖြတ်တဲ့ မူလားလို့တောင် ထင်မှတ်မိပါတယ်။
အရပ်ဘက်အဖွဲ့အစည်းဆိုတာ လူထုကို မျက်နှာမူရပါတယ်။ အစိုးရကို မျက်နှာမူလို့ မရပါဘူး။ (အရပ်ဘက်အဖွဲ့အစည်း နာမည်ခံပြီး အစိုးရကောင်းကျိုးလိုက်လုပ်ပေးတဲ့သူ တွေ ရှိနေလို့ပါ) အစိုးရရဲ့ လုပ်ဆောင်ချက် ကောင်းတယ် မကောင်းဘူးဆိုတာ အများ ပြည်သူလူထု (အထူးသဖြင့် ဆင်းရဲမေ့လျော့ခံလူထုရဲ့ဘဝ) ကို ဘယ်လောက် အကျိုး စီးပွားဖြစ်တယ်၊ မဖြစ်ဘူးဆိုတဲ့ ပေတံနဲ့ တိုင်းတာပြီး အစိုးရကို ဝေဖန်ထောက်ပြ ပြော ဆိုရပါတယ်။ ဒါကိုလည်း အစိုးရက နားလည်ပေးရပါတယ်။ မှားနေတာကို သိလျက်နဲ့ ဖင်ပိတ်ပြီး ငြင်းနေလို့ မရပါဘူး။ ဒါပေမယ့် အစိုးရရဲ့လုပ်ဆောင်ချက်တွေကြောင့် လူထုမှာထိခိုက်နေပါတယ်လို့ လူထုကိုယ်စား အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆို ထောက်ပြလာတဲ့အခါမှာ အဲဒီအဖွဲ့အစည်းတွေကို အနီကတ်ပြပြီး ကွင်းအပြင်ထုတ်ထား ပါတယ်။ အနီကတ်ပြခြင်းဟာ အခြားအဖွဲ့အစည်းတွေကိုလည်း သတိပေးတဲ့သဘောပါ။ အဲလိုလုပ်ရင် အဲလိုဖြစ်မယ်ပေါ့။ ဘယ်လောက်အထိ ပွဲပယ်ထားသလဲဆိုရင် နိုင်ငံအဆင့် ဆွေးနွေးပွဲတွေမှာ အဲဒီအဖွဲ့တွေကိုဖိတ်ကြားတာ၊ အသိပေးတာတောင် မလုပ်တော့ပါဘူး။ အဲဒါကောင်းတဲ့ အပြုအမူတော့မဟုတ်ပါဘူး။ ပြီးတော့ မိမိတို့လုပ်ဆောင်ချက်မှန်ကြောင်း ကို သက်သေပြဖို့ ကြိုးစားကြပြန်ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ဘောင်းတော်ငြိမ့် စိတ်တော်သိအဖွဲ့တွေကိုတော့ ပစားပေး ထားပြန်ပါတယ်။ မိမိနဲ့ လူချင်းရင်းနှီးတဲ့အဖွဲ့တွေ၊ မိမိအစိုးရအလိုကျရာကိစ္စတွေမှာ လိုက်လံဖြည့်ဆည်းပေးတဲ့ အဖွဲ့တွေနဲ့ကျတော့ နှစ်ပါးသွားကနေပါတယ်။ အစိုးရ ဆိုတာ ပုဂ္ဂလိကဓိဌာန် (subjective) ဖြစ်လို့မရပါဘူး။ ဓမ္မဓိဌာန်ကျဖို့ လိုပါတယ်။ ဘယ်အဖွဲ့ကိုတော့ အတွေ့ခံမယ်၊ ဘယ်အဖွဲ့ကိုတော့ မကြိုက်လို့ မတွေ့နိုင်ဘူးဆိုတာ ဘက်လိုက်ချင်း တစ်မျိုးပါပဲ။ ဒီမိုကရေစီတည်ထောင်ဖို့ဆို အားလုံးကို လက်ကမ်းကြိုဆိုရမှာပါ။ ဒီမိုကရေစီအစိုးရဆိုတာ အရင်စစ်အစိုးရလို အိမ်တော်ပါအဖွဲ့တွေ၊ ငယ်မွေးခြံပေါက်အဖွဲ့တွေနဲ့ ပျော်နေလို့ မရပါဘူး။ မခွဲခြားရေးမူ၊ တန်းတူဆက်ဆံရေးမူကို တန်ဖိုးထားဖို့လိုပါတယ်။
နောက်ပြီး အဆိုးဆုံးတစ်ချက်ကတော့ သင်္ကန်းခြုံတဲ့အကွက်ပါ။ သောနုတ္တိုလ်ဟာ ဆဒ္ဒန်ဆင်မင်းနင်းမှာ ကြောက်လို့ သင်္ကန်းခြုံပြီး ဘုရားသားတော်ယောင်ဆောင်တဲ့ အကွက် ကိုတချို့နေရာတွေမှာ တော်တော်များများတွေ့ရပါတယ်။ အစိုးရအဖွဲ့ကို ဖြစ်ဖြစ်၊ လွှတ်တော်အမတ်ကိုဖြစ်ဖြစ် အရပ်ဘက်အဖွဲ့အစည်းက ဝေဖန်တဲ့အခါ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နာမည်ကြီးမှုနဲ့ လူကြိုက်များမှု၊ ဒီမိုကရေစီဂုဏ်သတင်းကို အကာအကွယ်ယူ တတ်ကြပါတယ်။ ပင်နီဝတ်ထားတိုင်း ဒီမိုကရေစီကို သက်ဝင်ယုံကြည်တယ်လို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် ဝေဖန်တဲ့အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်နာမည်ကို အကာယူပြီး ဝေဖန်သူတွေကို လူထုနဲ့ လှည့်တိုက်ပေးလေ့ရှိပါတယ်။ လူထုမှာလည်း နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်နေခဲ့ရသူတွေဆိုတော့ စဉ်းစားနိုင်တဲ့ စွမ်းအားနည်းနေသေးတာ ကြောင့် ပင်နီကို ဝေဖန်သူ ပြည်သူ့ရန်သူအထိတောင် ဖြစ်လာပါတယ်။ ဒါကတော့ လူထု ထောက်ခံမှုဖြတ်ဆိုတဲ့ ဖြတ်နည်းများလားလို့ သံသယဝင်မိပြန်ပါတယ်။
လူသားလွတ်လပ်ခွင့်ကို အပြည့်အဝအာမခံချက်ပေးတဲ့ ဒီမိုကရေစီကို တစ်ရက်တည်း၊ တစ်ဖွဲ့တည်း၊ အစိုးရတစ်ခုတည်း တည်ဆောက်လို့မရပါဘူး။ လူထုအားလုံး ပါဝင်မှ၊ တည် ဆောက်မှ၊ တန်ဖိုးထားမှ ဒီမိုကရေစီဆိုတာတည်ဆောက်လို့ ရတဲ့အရာမျိုးပါ။ နောက်ပြီး ဒီမိုကရေစီကိုပုံဖော်တဲ့သူတွေဟာလည်း ဒီမိုကရေစီအလေ့အကျင့်တွေကို သက်ဝင်ယုံကြည် နေဖို့လိုပါတယ်။ လူကြားကောင်းရုံအော်နေတဲ့သူဆိုရင်တော့ ဘာမှ မထူးပါဘူး။ ကမ္ဘာ မှာ ဘယ်ပညာရှင်ကိုမေးမေး အရပ်ဘက်အဖွဲ့အစည်းတွေ ခိုင်မာဖွံ့ဖြိုးခြင်းမရှိဘဲ ဒီမို ကရေစီ ခိုင်မာအားကောင်းတယ်ဆိုတာ မရှိပါဘူး။ ဆိုတော့ တစ်နှစ်သားကျော်လာပြီးဖြစ်တဲ့ အရပ်သားအစိုးရအနေနဲ့လည်း ဒီမိုကရေစီတည်ဆောက်မှုဖြစ်စဉ်မှာ အရပ်ဘက်အဖွဲ့ အစည်းတွေကို သင်းသတ်သလို ဖြစ်နေတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားပြီး ပြန် လည်သုံးသပ်နိုင်ပါစေကြောင်း …။

မောင်ထွန်း