မြန်မာ့အခြေအနေနှင့် တရုတ်မဟာဗျူဟာ

လင်းထင်

တရုတ်-မြန်မာဆက်ဆံရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဟာ နဝတ/နအဖတစ်ခေတ်လုံး တရုတ်ရင်ခွင်ထဲရောက် နေတဲ့ ကလေးသူငယ်လိုဖြစ်နေခဲ့တယ်။ မြန်မာ့တပ်မတော်စစ်အစိုးရဟာ ကမ္ဘာကဘယ်လို မှလက်မခံနိုင်တဲ့ ရိုင်းရိုင်းစိုင်း စိုင်းကြမ်းကြမ်းတမ်းတမ်းနဲ့ တစ်လျှောက်လုံးနိုင်ငံကို အုပ်ချုပ်လာလိုက်တာ ဆင်းသွားတဲ့အထိ အာဏာရှင်ဥပဒေကြီးကို ချန် ထားရစ်ခဲ့သေးတယ်။ ပြည်သူတွေက ဘယ်သူမှလက်မခံပါဘူး။ လူထုဆန္ဒအရ မကြာမတင်မှာ ဝိုင်းဖျက်လို့ပျက်သွားစရာ ရှိပါတယ်။ စစ်အစိုးရက အနောက်နိုင်ငံတွေက အဆက်ဖြတ်တာကြောင့် တရုတ်နဲ့နီးစပ်ရတာဖြစ်ကြောင်းပြန်ပြီးအပြစ်ဖို့ လိုက်ပါသေးတယ်။ ပြောရင် စစ်အစိုးရကိုတစ်လျှောက်လုံး စစ်လက်နက်တွေပေး၊ ငွေကြေးအကူအညီတွေပေး၊ကုလ သမဂ္ဂ မှာ စစ်တပ်ဘက်ကရပ်တည် စတဲ့အကြောင်းများကြောင့် ပြည်သူတွေကတရုတ်ကို မျက်မုန်းကျိုးနေကြတာကြာပါပြီ။

တရုတ်-မြန်မာဆက်ဆံရေးအကျဉ်းကိုကြည့်ရင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးဝန်ကြီးချုပ်ဦးနုလက်ထက် တရုတ် ကွန်မြူနစ်ပါတီအောင်ပွဲရကတည်းက မြန်မာက ကွန်မြူနစ်တရုတ်ကို ပထမဆုံးအသိအမှတ်ပြုခဲ့တာပါ။ တရုတ်လိုဧရိယာ ကျယ်ပြန့် လူဦးရေများပြားတဲ့ နိုင်ငံကြီးတစ်ခုကို ကုလသမဂ္ဂက လက်ခံရမည်ဖြစ်ကြောင်းလည်း တရုတ်ဘက်ကနေပြောခဲ့ပါ သေးတယ်။ အဲဒီတုန်းကကုလသမဂ္ဂဟာ အမေရိကန်မျက်နှာနဲ့ ထိုင်ဝမ်ကျွန်းငယ်လေးကို တရုတ်နိုင်ငံအဖြစ် မတော်မ တရားလက်ခံထားတာပါ။ ဝန်ကြီးချုပ်ဦးနုတစ်ခေတ်လုံး ဆက်ဆံရေးကောင်းခဲ့ပါတယ်။ တော်လှန်ရေးကောင်စီ တက်ပြီး မကြာမီ ဆန်စပါးရှားပါးတဲ့ ပြဿနာဖြစ်ပါတယ်။ နောက်မကြာမီ တရုတ်-မြန်မာအရေး အခင်းဖြစ်ပါတယ်။ ဆက်ဆံရေးတွေ လည်း အောက်ဆုံးအဆင့်ကို ရောက်သွားပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဖိနှိပ်ခဲ့တဲ့ စစ်အာဏာရှင်အစိုးရဟာ ပြည်သူလူထုကို ရုံးဂါတ်အချုပ်ထောင် သေနတ်နဲ့ အုပ်ချုပ်ခဲ့တာ ၂၂နှစ်ကြာပါတယ်။ အနောက်နိုင်ငံအများစုက စစ်အစိုးရဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်လွန်း လို့ မထောက်ခံကြပါဘူး။ ဒီမိုကရေစီအခွင့်အရေးတွေပေးဖို့ ညှဉ်းပန်းဖိနှိပ်နေတာတွေကိုရပ်တန့်ဖို့ အမြဲတမ်းတိုက်တွန်း ပြောဆိုနေခဲ့ကြပါတယ်။ မြန်မာပြည်သူ အနေနဲ့ကြည့်ရင်တော့ စစ်အစိုးရဟာဘီလူးပါ။ သို့ပေမဲ့ တရုတ်အစိုးရကတော့ အားရပါးရထောက်ခံပါတယ်။ ငွေကြေးအကူ အညီတွေပေးပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပါတယ်။

တရုတ်က အဲဒီလိုနဲ့ စစ်တပ်ကိုကူညီလာလိုက်တာ သူ့အကျိုးစီးပွားကိုလည်း တည်ဆောက်လာလိုက်တာ ဟန်ပြ အရပ်သားအစိုးရ ဦးသိန်းစိန်လက်ထက်မှာ တရုတ်ရဲ့မြစ်ဆုံစီမံကိန်းကိုဖျက်သိမ်းဖို့ လူထုတွေဆန္ဒပြမှုကို ကြုံလာရပါတယ်။ ဦးသိန်းစိန်အစိုးရကလည်း လူထုဆန္ဒမို့ မတတ်သာတော့ဘဲ မြစ်ဆုံစီမံကိန်းကို ယာယီရပ်ဆိုင်းဖို့ ကြေညာလိုက်ရပါတော့ တယ်။ တရုတ်-မြန်မာဆက်ဆံရေးမှာ တရုတ်ဟာ မှင်တက်မိသွားပါတယ်။ အရင်ကတော့ စစ်အာဏာရှင် လက်ခံရင်ဖြစ် တယ်ဆိုတဲ့ပုံစံကနေ ပြည်သူလူထုကပါ လက်ခံမှဖြစ်တော့မယ်ဆိုတဲ့ အခြေအနေကိုပြောင်းသွား ပါတော့တယ်။ ဘာတတ် နိုင်မလဲ၊ ဘယ်သူမပြုမိမိမှုပါပဲ။

၂ဝဝ၈ ဖေဖော်ဝါရီ ၂၅မှာ ”မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (Institute for strategy and Policy-Myanmar)ကနေ” တရုတ်၏အလွှာစုံဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ပကတိအခြေအနေ (China’s Multilayered Engagement Strategy and Myanmar’s Reality:) ဆိုတဲ့ စာတမ်းတစ်ရပ်ကို ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည် လမ်းထောင့်ကဖီးမှာ ဖတ်ကြားဆွေးနွေးသွားခဲ့ပါတယ်။ စာတမ်းကတော့ မရှည်လှပါဘူး။ သို့ပေမဲ့ စာတမ်းကထောက်ပြ ပြော ဆိုတာတွေဟာ မြန်မာ့နိုင်ငံရေးကိုစိတ်ဝင်စားသူ လေ့လာသူတွေအနေနဲ့သိဖို့ကောင်းတဲ့ အချက်တွေကိုတွေ့ရပါတယ်။ လေ့ လာမယ်ဆိုရင် အတိုင်းအတာတစ်ခုအရ ကိုယ့်နိုင်ငံအတွက်ဘာတွေကောင်းမလဲ၊ ဘာတွေဆိုးမလဲ။ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိစေချင်ရင် ဘယ်လိုလုပ်ရမလဲ စသဖြင့် တွေးတောဆင်ခြင်စရာအကြောင်းလည်းရှိနေပါတယ်။ အင်စတီကျုရဲ့ အမှု ဆောင်ဒါရိုက်တာ(ကို)မင်းဇင်က မြန်မာနိုင်ငံဟာ အခြားအရှေ့ တောင်အာရှနိုင်ငံများနဲ့မတူဘဲ မူဝါဒရေးရာ သုတေသန ဆောင်ရွက်မှုများ အားနည်းနေသေးသည်ကိုတွေ့ရတဲ့အပြင် ဒေသိယ အခြေအနေကို ထင်ဟပ်သုံးသပ်ထားတဲ့ သုတေသန ပိုမိုလိုအပ်နေတယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ သုတေသနစီမံချက်အတွက် ထုတ်ဝေမယ့်စာတမ်းတွေ အနက် ပထမခြေလှမ်းဖြစ်ကြောင်းပြောခဲ့ပါတယ်။ စာတမ်းရှင်(ဒေါ်)ခင်ခင်ကျော်ကြီးရဲ့စာတမ်းကို လေ့လာကြရအောင်ပါ။

 

တရုတ်၏အလွှာစုံဆက်ဆံရေး မဟာဗျူ ဟာ

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရပေါ်ပေါက်လာပြီးနောက် မြစ်ဆုံစီမံကိန်းယာယီရပ်ဆိုင်းခံလိုက်ရပြီးတဲ့နောက် တရုတ်ဟာ သြဇာအာဏာကိုအသုံးချတဲ့ အခြေအနေကနေပြီးတော့ စည်းရုံးသိမ်းသွင်းမှုကိုအားပြုတဲ့ (Soft Power) ကို သိသိသာသာဆောင်ရွက်လာတာကိုတွေ့ရကြောင်းပြောပါတယ်။ ဆောင်ရွက်ချက်တွေမှာ အရောင်အသွေးစုံပြီး တော့ အလွှာစုံကို ဆက်ဆံလာတာလည်းတွေ့ရပါတယ်။ ယဉ်ကျေးမှုဖလှယ်ရေး၊ အနုပညာပြပွဲ၊ လူမှုဖူလုံရေး အစီအစဉ်၊ အလှူ အတန်း၊ သတင်းမီဒီယာ၊ ပညာသင်ဆုစတဲ့ နယ်ပယ်စုံမှာ ဖြန့်ကြက်ဆက်ဆံတာတွေ့ရပါတယ်။ အရင်ကတော့ ယခုလို ဆက်ဆံတာမဟုတ်ပါဘူး။ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်ရွှေမန်းစတဲ့ထိပ်ပိုင်းပါဝါတွေနဲ့သာဆက်ဆံပြီး စီးပွားရေးအစီ အမံတွေကို ရသလောက်ယူသွားတဲ့ ပုံစံကိုသာသုံးခဲ့တာပါ။ တရုတ်ရဲ့အလွှာစုံ ဆက်ဆံရေးမဟာဗျူဟာမှာ ထင်သာမြင်သာ ရှိတဲ့ အစိတ်အပိုင်းတစ်ခုကတော့ လေ့လာရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး အတွေ့အကြုံဖလှယ်ရေးစတဲ့ခေါင်းစဉ်အောက် မှာ မြန်မာ့အလွှာအသီးသီးက အရေးပါသူများကို တရုတ်သို့အလည် အပတ်ဖိတ်ကြားခြင်းဖြစ်ပါတယ်။ အဲဒီခရီးစဉ်တွေမှာ လိုက်ပါခဲ့ဖူးသူဆိုရင် ၂ဝ၁၃ နောက်ပိုင်းမှာ ၁ဝဝဝ ကျော်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါမျိုးဟာ ယခင်ကမရှိခဲ့ပါဘူး။

တရုတ်ဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ် သက်တဲ့ ဆက်ဆံရေးမှာ နိုင်ငံချင်းဆက်ဆံရေးနဲ့ ပါတီချင်းဆက်ဆံရေးဆိုပြီး နှစ်ခုနှစ်မျိုးခွဲထားတတ်တဲ့ သဘာဝရှိပါတယ်။ မြန်မာနိုင်ငံအရှေ့မြောက်မှ ဗမာပြည်ကွန်မြူနစ်ပါတီရှိစဉ်က သခင်ဗသိန်း တင်ကို ပါတီချင်းအနေနဲ့ ဆက်ဆံပြီးတော့ ဗိုလ်နေဝင်းကိုတော့ နိုင်ငံချင်းအနေနဲ့ဆက်ဆံပါတယ်။ မြန်မာနိုင်ငံ ၂ဝ၁ဝ ကစပြီး ပါတီစုံစနစ်ကို ပြောင်းခဲ့တဲ့နောက်ပိုင်းမှာ အထူးသဖြင့် ၂ဝ၁၂ NLD လွှတ်တော်ထဲရောက်လာတဲ့ နောက်ပိုင်းမှာ တရုတ်ဟာ နိုင်ငံရေးပါတီများနဲ့ ထိတွေ့ဆက်ဆံမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံတကာဆက်ဆံမှုဌာနက ပါတီများနဲ့ဆက် သွယ်ပြီး ခရီးစဉ်များစွမ်း ဆောင်ရည်မြှင့်တင်ရေးစတဲ့ ခေါင်းစဉ်တွေနဲ့ ပါတီခေါင်းဆောင်အဖွဲ့ဝင်၊ ပါတီလူငယ်နဲ့ဆက်ဆံ ရာမှာ NLD၊ ကြံ့ခိုင်ရေး၊ တိုင်းရင်းသားပါတီငယ်တို့ဟာ တရုတ်ကွန်မြူနစ်ပါတီ ဖိတ်ကြားချက်နဲ့ တရုတ်မှာလည်း လည်ပတ် လေ့လာခွင့်ရခဲ့ကြပါတယ်။ ဒါက အစိုးရနဲ့ပါတီက တိုက်ရိုက်ဆက်ဆံတဲ့ ဆက်ဆံရေးလို့ဆိုနိုင်ပါတယ်။ အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့ အစည်းကတစ်ဆင့်ဆက်ဆံတာလည်း လေ့လာနိုင်ပါသေးတယ်။

ကျွန်တော်တို့ မြန်မာ့သမိုင်းကိုပြန်ကြည့်ရင် မြန်မာ့မြေပေါ်မှာ ဗြိတိသျှကုန်သည်ကြီးများအသင်းဆိုတာ တည်ရှိခဲ့ဖူး ကြောင်း သတိရကြပါလိမ့်မယ်။ အစိုးရ မဟုတ်လို့ အမိန့်မထုတ်နိုင်ပေမဲ့ ပါလီမန်တို့၊ ဘုရင်ခံတို့အထိအောင်နားပေါက်နိုင်တဲ့ အရပ်ဘက်အဖွဲ့ပါ။ သူတို့ဟာ ဗြိတိန် နိုင်ငံတော်ကို တစ်ဖက်ကအကျိုးပြုသူတွေပါ အခုတရုတ်ကလည်း ‘တရုတ်-မြန်မာချစ် ကြည်ရေးအသင်း’ကို ဖွဲ့စည်းထားတာရှိပါတယ်။ (China. Myanmar Friendship Association)။ တရုတ်-မြန်မာပူးပေါင်း ဆောင်ရွက်မှုမြင့်မားဖို့အတွက် တရုတ်က ဦးဆောင်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။ တရုတ်အစိုးရက အဲဒီအသင်းကို ၁၉၅၂ နှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ၁၉၆၈ နှောင်းပိုင်းမှာ ရပ်ဆိုင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားပုံစံအစိုးရဖြစ်လာ တော့ ၂ဝ၁၁ မှာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး အသင်းမှာ သံတမန်များ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေးယဉ် ကျေးမှု နယ်ပယ်စုံက ပုဂ္ဂိုလ်တွေပါဝင်ပါတယ်။ အကွက်စေ့စေ့ဆောင်ရွက်ထားတာပါ။ နောက်တစ်ခုကတော့ တရုတ်နိုင်ငံက အစိုးရ မဟုတ်သောအဖွဲ့အစည်းများ ကွန်ရက်ဖြစ်ပါတယ်။ အဲဒီကွန်ရက်ကို ၂ဝဝ၅ခုနှစ်မှာ နိုင်ငံတော်အဆင့် အရပ်ဘက်က အဖွဲ့အစည်းတစ်ခုအဖြစ်တည်ထောင်ခဲ့ပါတယ်။ အဲဒီမှာ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ဆင်းရဲမွဲတေမှုဆိုင်ရာကိစ္စများ၊ စီးပွား ရေး၊ ငြိမ်းချမ်းရေး၊ လက်နက်ဖျက်သိမ်းရေး၊ ဘာသာရေးကိစ္စများစတဲ့ အဖွဲ့ပေါင်း ၂ဝဝ ကျော်ပါဝင်တာတွေ့ရပါတယ်။ သတိထားစရာအချက်ကတော့ အဲဒီအဖွဲ့တွေဟာ အစိုးရနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတယ်။ အစိုးရကိုပံ့ပိုးတဲ့ လုပ်ငန်း အစီ အစဉ်တွေကြောင့် အစိုးရဦးစီးမှုနဲ့ဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (Govern ment Organized Non- Govern- mental Organized-GONGO) ဖြစ်ပါတယ်။ အဲဒီသတင်းတွေဟာ မြန်မာနိုင်ငံက အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ ချိတ်ဆက် ဆောင်ရွက်ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တက်ကြွသူ၊ ဒေသခေါင်းဆောင်များ၊ ရဟန်းသံဃာများကို တရုတ်နိုင်ငံ ကို ဖိတ်ကြားခဲ့တာတွေ့ရပါတယ်။ နောက်တစ်ခုထူးခြားတဲ့အဖွဲ့တစ်ခုကတော့ ‘မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း’ (Myanmar-China-Friendship Asso ciation) ဖြစ်ပြီး တရုတ်နိုင်ငံနဲ့ဆက်ဆံဖို့ မြန်မာနိုင်ငံမှ ဦးဆောင်ဖွဲ့စည်းထားသည့် အသင်းဖြစ်ပါတယ်။ သံတမန်ဟောင်းများ၊ ပညာရှင်များ၊ စာရေးဆရာများနဲ့ မြန်မာပြည်ဖွား တရုတ်များပါဝင်ထားတာဖြစ်ပါ တယ်။ တရုတ်နိုင်ငံက အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိတဲ့ အသင်းဖြစ်ပြီးတော့ သူ့ရဲ့ချိတ်ဆက်မှုနဲ့ တရုတ် ကိုသွားရောက်ခဲ့ရသူ ၂ဝဝကျော်ခန့်ရှိပါတယ်။ အဲဒီကနေ မြန်မာသတင်းသမားအလုပ်ရုံ ဆွေးနွေးပွဲမှာ သတင်းသမား ၄ဝတက်ရောက်ပြီး (၁၉)ကြိမ်မြောက်ကွန်ဂရက်ကိုလည်း သတင်းသမားတွေကို ဖိတ်ကြားတာရှိပါတယ်။ မီဒီယာရဲ့ စည်းရုံးမှု ကိုအသုံးပြုကာ မြန်မာရဲ့နှစ်လိုမှုကိုရယူဖို့ ရည်ရွယ်ပုံရတယ်ဆိုပါတယ်။

၂ဝ၁၁ နောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေမြင့်တက်လာတာကိုတွေ့ရပါတယ်။ သတင်း မီဒီယာများရဲ့ ပြည်သူလူထုအမြင်ကိုပုံဖော် ရာမှာအတော်များများ သက်ရောက်မှုရှိနေတာကို တရုတ်ကသတိထားမိလာပါ တယ်။ သတင်းဌာနကိုလည်း ဦးစားပေးဆောင်ရွက်လာတာတွေ့ရတယ်။ ဆင်ဟွာသတင်းဌာနကို ၂ဝ၁၄မှာ တည်ထောင်ပြီး မြန်မာဘာသာနဲ့ထုတ်လွှင့်လာတာတွေ့ရပါတယ်။ VOA, BBC, DVB တို့နဲ့အပြိုင် လုပ်ဆောင်လာ တာလည်းတွေ့ရပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံအရေးမှာပါဝင်ခဲ့သလို တစ်ဖက်ကတပ်မတော်ကိုလည်း ဆက်ဆံရေးတစ်ရပ်နဲ့ ဆက်လက် ထိန်းသိမ်းခဲ့တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီးမှာ တရုတ် ဒုတိယဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်တဲ့ကျာထင်အန်းက ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံတာရှိပါတယ်။ ၂ဝ၁၃ကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ကို သုံး ကြိမ်သွားခဲ့ပြီး ၂ဝ၁၇ ဒီဇင်ဘာခရီးစဉ်မှာ မဟာဗျူဟာမြောက် ဆက်ဆံရေးထိန်းသိမ်းဖို့ ပြောဆိုခဲ့ကြတယ်ဆိုပါတယ်။ ၂ဝ၁၄-၂ဝ၁၆ ခုနှစ်များမှာ တရုတ်ရေတပ် လာရောက်လည်ပတ်တာ ပူးတွဲစစ်ရေးလေ့ကျင့်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

တရုတ်ရဲ့ အလွှာစုံဆက်ဆံရေးမူဝါဒအရ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်မှာ လိုက်လျောညီထွေဆက်ဆံပုံမျိုးကို ၂ဝ၁၆ ကနေစတင်ခဲ့တဲ့ တရုတ်-မြန်မာနှစ်နိုင်ငံကာကွယ်ရေးနဲ့ နိုင်ငံကြားရေး (၂+၂)ဆွေးနွေးပွဲမှာ မြင်တွေ့ရတယ်လို့ဆိုပါ တယ်။ မြန်မာနိုင်ငံရေး အခင်းအကျင်းသစ်မှာ အရေးပါတဲ့လူပုဂ္ဂိုလ် (သို့)အသင်းအဖွဲ့နဲ့  ‘ကွန်းရှိ’ (Guanxi) ခေါ်တဲ့ အပြန် အလှန် ဆက်ဆံရေးတည်ဆောက်ထားခြင်းဖြင့် အကျိုးစီးပွားကိုမြှင့်တင်ဖို့ ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးယူခြင်းဖြစ်ပါ တယ်။ အပြန်အလှန်အကျိုးပြုပေါင်းကူးဆက်သွယ် ကွန်ရက်များလို့ဖွင့်ဆိုလေ့ရှိတဲ့ ‘ကွန်းရှိ’ဟာ တရုတ်စီးပွားရေးမှာ အခြေ တည်တဲ့ လူမှုဆက်ဆံရေးအယူအဆတစ်ခုဖြစ်ပါတယ်။ တရုတ်ယဉ်ကျေးမှုမှာ လူတစ်ယောက်က မျက်နှာသာပေးတယ်။ မျက်နှာသာပေးခံရသူက တစ်ချိန်မှာ (အနာဂတ်)ပြန်လည်ကူညီရမယ်ဆိုတဲ့ လူမှုဝတ္တရားကိုတည်ဆောက်ခြင်းဖြစ်တယ်။ တရုတ်က ဦးတည်ဆက်ဆံထားတဲ့ မြန်မာပုဂ္ဂိုလ်များကိုကြည့်ရင် သြဇာရှိနေသူများဖြစ်နေတာတွေ့ရပါတယ်။ ဒါက မတော် တဆတိုက်ဆိုင်တာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီအချို့ကိုဖိတ်ကြားရာမှာလည်း အနည်းဆုံး အမတ်တစ်နေရာရထားတဲ့ ပါတီ တွေကိုသာရွေးပြီးခေါ်တာတွေ့ရပါတယ်။

 

အလွှာစုံဆက်ဆံရေး၏ ဦးတည်ချက်သုံးခု

ပထမဦးတည်ချက်ကတော့ အလွှာစုံက အရေးပါသူတွေနဲ့ဆက်ဆံရေးတည်ဆောက်ပြီးတော့ တရုတ်ပုံရိပ်ကိုမြှင့် တင်ခြင်းဖြင့် စီးပွားရေးနဲ့ မဟာဗျူဟာမြောက် စီမံကိန်းများမှာ လူထုထောက်ခံမှုကိုရယူလိုခြင်းဖြစ်ပါတယ်။ တရုတ်ခရီးစဉ် မှာပါဝင်သူများဟာ တရုတ်စီမံကိန်းများဖြစ်တဲ့ ရပ် ဝန်းလမ်းကြောင်းစီမံကိန်း (Belt and Road Initiative) နဲ့ ဆက်စပ်တူများ ဖြစ်နေပါတယ်။ ၂ဝ၁၆မှာ မြစ်ဆုံနဲ့ပတ်သက်တဲ့ဒေသ ကရပ်ရွာခေါင်းဆောင်နဲ့ ဘာသာရေးခေါင်းဆောင် ၁၃ဦးကိုဖိတ်ပြီး တော့ တရုတ်ရဲ့ မြစ်ကြောင်းသုံးသွယ်စီမံကိန်းနဲ့ ရေအားလျှပ်စစ်အောင်မြင်စွာဆောင်ရွက်နိုင်မှုကို ပြသခြင်းဖြစ်ပါတယ်။ တရုတ်စီမံကိန်းတွေဟာ နိုင်ငံတိုင်းမှာ အကျိုးဖြစ်ထွန်းတယ်ဆို တဲ့သဘောပြောလိုခြင်းလည်းဖြစ်ပါတယ်။ ပြည်နယ်များက ဖိတ်ကြားခံရသူများကိုကြည့်ရင် ကချင်-ရခိုင်နဲ့ ရှမ်းပြည်တို့ကဖြစ်ပြီး ရပ်ဝန်းလမ်းကြောင်းစီမံကိန်းဖြတ်သန်းသွားမည့် ပြည်နယ်တွေဖြစ်နေတာတွေ့ရပါတယ်။ ဒါက အစီအစဉ်ရှိရှိဆောင်ရွက် ချက်ဖြစ်ပါတယ်။ မြစ်ဆုံတုန်းကလို တရုတ်စီမံကိန်း များပေါ်မှာ မြန်မာလူထုရဲ့ဆန့်ကျင်မှုကိုကြည့်ရင် မြန်မာအရပ်ဘက်အဖွဲ့ အစည်းများဟာ အဓိကအခန်းကပါခဲ့တယ်လို့ တရုတ်မူဝါဒချမှတ်သူများထံမှာ ရှိနေပါတယ်။ အလားတူအဖြစ်မျိုးကို ရှောင်ရှားလိုပါတယ်။

ဒုတိယအနေနဲ့ တရုတ်ရဲ့အလွှာစုံဆက်ဆံရေးဟာ ဗျူဟာမြောက်စီမံကိန်းတွေကို ဦးတည်ခဲ့တဲ့အပြင် နိုင်ငံရေး ရည်မှန်းချက်လည်းရှိနေပါတယ်။ (၁၉)ကြိမ်မြောက်ပါတီကွန်ဂရက်မှာ တရုတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေးပုံစံဟာ ဖွံ့ဖြိုးဆဲတို့ အတွက်အလျင် အမြန်ဖွံ့ဖြိုးအောင် ဖော်ဆောင်နိုင်သလို နိုင်ငံရေးလွတ်လပ်မှုကိုလည်း ထိန်းသိမ်းမယ့် လမ်းကြောင်းဖြစ် ကြောင်းဆိုထားပါတယ်။ တရုတ်နဲ့လက်တွဲခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေလည်း အမြန်ဖွံ့ဖြိုးလာမယ်လို့ဆိုလိုတာပါ။ တရုတ်က အလုံးစုံလွှမ်းသွားမှာပဲလို့ စိုးရိမ်မှုများကြတယ်မဟုတ်လား။

မြန်မာနိုင်ငံမှ တိုင်းရင်းသားများကို တရုတ်ကဖိတ်ခေါ်ပြီး တရုတ်မှာရှိတဲ့ လူနည်းစုတိုင်းရင်းသားများအတွက် ဆောင်ရွက်ပေးနေပုံကို ပြသတာတွေလည်းရှိပါတယ်။ ဒါကပဲ တရုတ်ပုံစံတစ်ခုလား။ ဗဟိုချုပ်ကိုင်မှုရှိပြီး လူနည်းစုများ အပေါ်ဦးစားပေးဆောင်ရွက်ပုံမျိုး ဖြစ်တယ်လို့လည်းဆိုပါတယ်။ မြန်မာက မြေစမ်းခရမ်းပျိုးလုပ်နေချိန်မှာ တရုတ်က သူ့ရဲ့ ဖွံ့ဖြိုးမှုပုံစံကိုဝေမျှဖို့ ဖွင့်ပေးလိုက်တယ်လို့ဆိုပါတယ်။

နောက်ဆုံး တတိယအချက်ကတော့ တရုတ်ရဲ့အလွှာစုံဆက်ဆံရေးဟာ မြန်မာမှာရှိတဲ့ အကျိုးစီးပွားထက်ပိုတဲ့ ဦးတည်ချက်တွေရှိနေပါတယ်။ ပြသတဲ့အကြောင်းအရာ နှစ်ရပ်ရှိပါတယ်။ တရုတ်ရဲ့ရေပိုင်နက်သတ်မှတ်မှုနဲ့ပတ်သက်လို့ ၂ဝ၁၆ ဇွန်လမှာ နယ်သာလန်အခြေစိုက် နိုင်ငံတကာခုံရုံးက အငြင်းပွားသူဖိလစ်ပိုင်ကို အနိုင်ပေးလိုက်ပါတယ်။ ဒါကို တရုတ်ကလက်မခံပါဘူး။ ထိုဖြစ်စဉ်အပြီးမှာ တရုတ်ကိုသွားရောက်ခဲ့တဲ့ မြန်မာအရပ်ဘက်အဖွဲ့အစည်းများကို တရုတ်နဲ့ အတူ (တရုတ်ဘက်)ကရပ်တည်ပေးဖို့ ကြေညာချက်ထုတ်ပေးဖို့တောင်းဆိုတာရှိပါတယ်။ မြန်မာဘက်ကမတုံ့ပြန်ကြပါဘူး။ ဒါက ဓားခုတ်ရာလက်လျှိုပြဿနာပါ။ ဒုတိယအကြောင်းရပ်ကတော့ ၁၉ကြိမ်မြောက် ကွန်မြူနစ်ပါတီကွန်ဂရက်ကို ဂုဏ် ပြုသဝဏ်လွှာများ ရေးသားပေးပို့ရန်ပန်ကြားခြင်းဖြစ်ပါတယ်။ သဝဏ်လွှာ ၄ဝဝ ကျော်ရရှိကြောင်း ထုတ်ပြန်ကြေညာပါ တယ်။ ဒါလောက်ကတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ တရုတ်ဟာ သူ့ရဲ့လိုလားချက်ကို အသုံးချနိုင်ကြောင်း ညွှန်ပြနေပါ တယ်။

 

မြန်မာ့ပကတိအခြေအနေနဲ့ အခွင့်အလမ်းများ

NLD အနိုင်ရပြီးတဲ့အချိန်မှ အစိုးရဟာ တရုတ်နဲ့ အနောက်နိုင်ငံများကြားမှာ အပြန်အလှန်ထိန်းညှိနိုင်လိမ့်မယ်။ တရုတ်လွှမ်းမိုးမှုကို လျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ နှစ်နှစ်နီးပါးကြာပြီးနောက် မြန်မာဟာ တရုတ်နဲ့ပဲ ပိုမိုနီးကပ် သွားတာလို့တွေ့ကြရပါတယ်။ ၂ဝ၁၃ တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆုံးဖြတ်မှုနဲ့ လက်ပံတောင်းတောင်စီမံကိန်းအခြေ မပြတ်ဆောင်ရွက်နိုင်ခဲ့တာလို့ တရုတ်က သတိထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တွေ့ကျတဲ့ စဉ်းစားပုံကိုသိပါ တယ်။ စီမံကိန်းကြီးတစ်ခုရပ်တန့်သွားရင် နိုင်ငံထဲကိုစီးပွားရေးတွေစီးဝင်လာဖို့ခက်ခဲသွားမယ်ဆိုတဲ့ စဉ်းစားချက်ဖြစ်ပါ တယ်။ အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာလည်း တရုတ်ဟာအရေးပါနေတာတွေ့ကြရတယ်။ ခေါင်းဆောင်များနဲ့တွေ့ဆုံမှု တွေ ကိုကြည့်မယ်ဆိုရင် အတိုင်ပင်ခံအဖြစ်နဲ့ အမေရိကန်နဲ့ တစ်ကြိမ်၊ ဗြိတိန်နဲ့ နှစ်ကြိမ်၊ ဂျပန်-အိန္ဒိယ-ကနေဒါနဲ့ သုံးကြိမ်ဖြစ်ခဲ့ပြီး တရုတ်ပြည်နဲ့ လေးကြိမ်တွေ့ဆုံတာကိုတွေ့ရပါတယ်။ ဒါက ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်များနဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။ အတိုင် ပင်ခံနဲ့ ကမ္ဘာ့နိုင်ငံကြီးများနဲ့ အကြီးတန်းအရာရှိများ မြန်မာနိုင်ငံမှာတွေ့ဆုံခဲ့တဲ့ အရေအတွက်ကို ကြည့်မယ်ဆိုရင် ဗြိတိန်နဲ့ နှစ်ကြိမ်၊ အိန္ဒိယနဲ့ သုံးကြိမ်၊ ဂျပန်နဲ့ အမေရိကန် လေးကြိမ်စီနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ကိုးကြိမ်တွေ့ဆုံခဲ့ပါတယ်။ တရုတ်ကို လက်ခံတွေ့ဆုံတဲ့ အရေအတွက်ဟာ ပိုများနေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံဟာ အတိုင်ပင်ခံဦးဆောင်ပြီး နိုင်ငံတော်အဆင့်နဲ့ အာဆီယံပြင်ပကို ပထမဆုံးသွားခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အတိုင်ပင်ခံဟာ တရုတ်နဲ့ဆက်ဆံရာမှာ ပီကင်းအစိုးရ မကျေမနပ်ဖြစ်စေမယ့် အပြုအမူတွေကို သတိထားရှောင်ရှားတာ တွေ့ရပါတယ်။ ၂ဝ၁၆ သြဂုတ်အတိုင်ပင်ခံ ခရီးစဉ်အတွင်း နှစ်နိုင်ငံထုတ်ပြန်တဲ့ ကြေညာချက်မှာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံပြီး ထိုင်ဝမ်၊ တိဗက်၊ ရှင်း ကျန်းအရေးတွေမှာ တရုတ်ဘက်က ရပ်တည်ချက်ကို နားလည်ထောက်ခံတယ် လို့ဖော်ပြခဲ့ပါတယ်။ အနောက်နိုင်ငံတွေ က မြန်မာ့ရပ်တည်ချက် အပြောင်းအလဲကို ထောက်ပြခဲ့ကြပါတယ်။ အဲဒီကြေညာချက်မှာ တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်း မဟာ ဗျူဟာစီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ် တရုတ်-အိန္ဒိယ-မြန်မာစီးပွားရေးစင်္ကြံလမ်းကြောင်းကို ထောက်ခံကြိုဆိုခဲ့ပါတယ်။ ၂ဝ၁၇ မေလမှာကျင်းပတဲ့ ရပ်ဝန်းလမ်းကြောင်းထိပ်သီးဆွေးနွေးပွဲကို အတိုင်ပင်ခံကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။

မြန်မာက သတိကြီးစွာထားပြီးဆောင်ရွက်နေမှုဟာ မြန်မာရဲ့ငြိမ်းချမ်းရေးကော စီးပွားရေးမှာပါ တရုတ်ရဲ့ အခန်း ကဏ္ဍကြီးမားပုံကို ပေါ်လွင်စေပါတယ်။ နှစ်၆ဝ ကျော် ပြည်တွင်းစစ်ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ မြန်မာအစိုးရအဆက်ဆက် အတွက် စိန်ခေါ်ချက်ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး NCA ရဲ့အပြင်ဘက်မှာ ရာခိုင်နှုန်း ၈ဝ အင်အားစုများက ရပ်တည်နေ ပါတယ်။ ၂၁ရာစုပင်လုံ နှစ်ကြိမ်ကျင်းပပြီးပါပြီ။ နှစ်ကြိမ်လုံးမှာ ညီလာခံမတိုင်မီ တရုတ်ကို အတိုင်ပင်ခံသွားရောက်ခဲ့ခြင်း များရှိပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးမှာ အပြုသဘောဆောင်ပါဝင်ကူညီဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တိုက်တွန်းတောင်းဆို တယ်လို့ သတင်းမီဒီယာများကဖော်ပြခဲ့တာတွေလည်းရှိပါတယ်။ လက်နက်ကိုင်အများစုက တရုတ်နယ်စပ်မှာရှိနေတာ ကြောင့် ငြိမ်းချမ်းရေး အောင်မြင်ဖို့ တရုတ်အရေးပါမှုကို NLD အစိုးရက အလေးပေးစဉ်းစားနေပုံလည်းရပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်အပြင် အခြားအရေးကြီးချက်တစ်ခုကတော့ သန်း ၅ဝ သော ပြည်သူတို့အတွက် စီးပွားရေးကို ဖော်ဆောင်ပေးမှုဟာ NLD ရဲ့ ကြီးလေးတဲ့တာဝန်ဖြစ်နေပါတယ်။ အလားအလာကောင်းတွေရှိနေသည့်တိုင် အခြေခံ အဆောက်အအုံ လိုအပ်ချက်အပါအဝင် အခြားသော အကြောင်းတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ မျှော်လင့်သလိုရောက် မလာပါ။ ၂ဝ၁၅ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အစီရင်ခံစာမှာ အခြေခံအဆောက်အအုံ အဆင့်အတန်းဟာ နိုင်ငံ ၁၄ဝအနက် ၁၃၁ မှာရှိနေတယ်ဆိုပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ် (A.D.B.) အဆိုအရ မြန်မာနိုင်ငံရဲ့လူဦးရေ ၆၅ ရာခိုင်နှုန်း လျှပ်စစ်မီးမရှိပါ။ လူဦးရေ၏ထက်ဝက်ကျော်ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်တာတွေ့ရပါတယ်။ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး ကိုဖြည့်ဆည်းဖို့ ၂ဝ၁၇ကနေ ၂ဝ၃ဝအတွင်း ဒေါ်လာဘီလျံ ၁၂ဝ ခန့်လို မယ်လို့ တွက်ချက်ထားပါတယ်။ လျှပ်စစ်နဲ့ သယ်ယူ ပို့ဆောင်ရေးဟာ စိန်ခေါ်ချက်နှစ်ရပ်အဖြစ်ကြီးမားပါတယ်။ တရုတ်ရဲ့ရပ်ဝန်းလမ်းကြောင်းစီမံကိန်းဟာ မြန်မာအတွက် အခွင့် အလမ်းကောင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တရုတ်နိုင်ငံရွှေလီကနေ မန္တလေးကိုဖြတ်ပြီးတော့ ကျောက်ဖြူနဲ့ ရန်ကုန်ကိုဆက်သွယ်ဖို့ တင်ပြခဲ့ရာမှာ အတိုင်ပင်ခံက မြန်မာ့ဖွံ့ဖြိုးရေးလိုအပ်ချက်နှင့် ကိုက်ညီကြောင်း ပြောကြားခဲ့ပါတယ်။

၂ဝ၁၇ နောက်ပိုင်း အကြီးအကျယ် ဂယက်ရိုက်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းပဋိပက္ခများကလည်း မြန်မာကိုပိုမိုရှုပ်ထွေးစေ ခဲ့ပါတယ်။ မြန်မာ့ပုံရိပ်ဟာ ဒီမိုကရေစီမျှော်လင့်ချက်ရှိနေရာက လူမျိုးရေးသုတ်သင်မှုရဲ့ ဥပမာတစ်ခုအဖြစ် အသွင်ပြောင်း သွားပါတယ်။ ဒါကြောင့် နိုင်ငံတကာဖိအားပေးမှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအချိန်  ကမ္ဘာ့မျက်နှာစာမှာ တရုတ်ဟာ မြန်မာကို ကာကွယ်ပေးသူအဖြစ်နဲ့ ပြန်ပေါ်လာပါတော့တယ်။ တရုတ်က မြန်မာကိုလွှမ်းမိုးရန် အခွင့်အလမ်းတစ်ခုလည်း ဖြစ် လာခဲ့ပါတယ်။ မြန်မာရဲ့ နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံနုနယ်မှုနဲ့ သမားရိုးကျလမ်းကနေ ဖောက်ထွက်နိုင်မှုမရှိခြင်း ကြောင့် မြန်မာဟာတရုတ်နဲ့ ပြန်လည်နီးစပ်သွားပြန်ပါတယ်။ ဒီမှာ မြန်မာရဲ့ရှုမြင်ခြင်းပြောင်းလဲလာတာက ယုံကြည်ကိုးစားမှု လည်းရှိလာစေပါတယ်။ စစ်အစိုးရတုန်းက ကူညီတဲ့အပေါ် မြန်မာလူထုဟာ မနှစ်သက်ကြပေမဲ့ လက်ရှိအစိုးရခေတ်မှာတော့ ပြောင်းလဲသွားပါတယ်။ လူမှုကွန်ရက်က တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် ဒီအခြေအနေပေါ်က လူထုအမြင်ကိုအကြမ်းအား ဖြင့် သိနိုင်ပါတယ်။ ယခုအချိန်မှာကြည့်ရင် တရုတ်ကိုရာခိုင်နှုန်း ၉ဝ အကောင်းမြင်ကြတယ်လို့ တင်ပြထားတာတွေ့ရ ပါတယ်။

 

ငြိမ်းချမ်းရေးနဲ့ စီးပွားရေးအပေါ်က တရုတ်ကဏ္ဍ

တရုတ်လူနည်းစုအမျိုးနွယ်တွေ လူမှုစီးပွားအရတိုးတက်လာတာကို အားကျမှုများရှိခဲ့ကြပါတယ်။ ခရီးစဉ်တွေမှာ လည်း ဧည့်ဝတ်ပျူငှာမှုကိုတွေ့ကြရတယ်။ တရုတ်ရဲ့ ‘ကွန်းရှိ’ယဉ်ကျေးမှုနဲ့ နီးစပ်တဲ့ မြန်မာတို့ရဲ့အားနာတတ်တဲ့ စိတ်ဟာ လည်း လူမှုယဉ်ကျေးမှုမှာ အမြစ်တွယ်နေပါတယ်။ အခြားသူအပေါ်မတင်စီးလိုတာ၊ ဒုက္ခမပေးလိုတာ၊ မျက်နှာမပျက်လိုတာ စသဖြင့် အားနာခြင်းကိုနားလည်နိုင်ပါတယ်။ တစ်ဖက်သားက သိပ်ကောင်းပြီး နွေးထွေးပျူငှာရှိတယ်ဆိုရင် မြန်မာ့စိတ်နေ စိတ်ထားကလည်း မေတ္တာတုံ့ပြန်တတ်ပါတယ်။ အားနာလောက်အောင်ဂရုစိုက်တာမျိုးက ငြင်းပယ်ရအလွန်ခက်ပါတယ်။ သူ့ရဲ့အစီအမံများပေါက်မြောက်ဖို့ အလားအလာဟာကောင်းမွန်လာ နိုင်ပါတယ်။ သို့ပေမဲ့ တရုတ်ရဲ့ရည်ရွယ်ချက်ကို စောင့် ကြည့်သူတွေရှိတာလည်း အသေအချာပါပဲ။

တကယ်ကြည့်တော့ တရုတ်ရဲ့စနစ်နဲ့ ဖွဲ့စည်းပုံဟာ မြန်မာနဲ့တော့မတူပါဘူး။ မြန်မာက အသွင်ကူးပြောင်းစကာ လမှာ တရုတ်ကဖွံ့ဖြိုးပြီးဖြစ်နေပါပြီ။ ကိုယ်က မြေစမ်းခရမ်းပျိုးပါ။ ဒီမှာတရုတ်က အတွေ့အကြုံတွေမျှဝေဖို့ အခွင့်အလမ်း တွေဖန်တီးပေးတာမျိုးရှိပါတယ်။ မြန်မာရဲ့အုပ်ချုပ်ရေး လူ့အခွင့်အရေးစံနှုန်းများ သက်ရောက်နိုင်တဲ့ အလားအလာရှိ ပါတယ်။ တရုတ်ရဲ့ လုပ်ထုံးလုပ်နည်းတချို့ဟာ မြန်မာနဲ့ကိုက်ညီနိုင်တယ်လို့ယူဆပြီး အသုံးပြုလာခြင်းမျိုးလည်းရှိလာ နိုင်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ တရုတ်ဟာ သိသိသာသာကိုပါဝင်လာတာတွေ့ရမှာပါ။ ၂ဝ၁၇ က ကျင်းပပြီးစီးခဲ့တဲ့ ၂၁ရာစု ပင်လုံညီလာခံမှာ တရုတ်အထူးသံတမန်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို ညီလာခံတက် ရောက်ကြဖို့ တိုက်တွန်းမှုရှိတယ်လို့ဆိုပါတယ်။ ပံ့ပိုးမှုပေးနေပါလျက် ငြိမ်းချမ်းရေးတိုးတက်မလာတဲ့အပေါ် ပြန်လည်သုံး သပ်ခြင်းများရှိနေတော့ကာ ‘မြွေမသေတုတ်မကျိုး’ ဆက်ဆံဖို့သာ အလားအလာရှိနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တွေအနေနဲ့ကလည်း NCA မှာ လက်မှတ်ထိုးကြဖို့ ဖြစ်နိုင်ခြေနည်းပါးတာကိုလည်း တရုတ်ကကောင်းစွာနားလည်နေပါ တယ်။ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းဟာ ငြိမ်းချမ်းရေးဖြစ်မှသာ ဖြစ်နိုင်တယ်ဆိုတာဟာ လက်တွေ့ကျတဲ့ စဉ်းစားခြင်းမျိုး မဟုတ်ဘူးလို့ တရုတ်ကယူဆလာပုံရပါတယ်။ အကျဉ်းသဘောက တိုင်းရင်းသားလက်နက်ကိုင်နဲ့ ငြိမ်းချမ်းရေးရမှ ရပ်ဝန်း စီမံကိန်းကိုလုပ်မှာလား။ ငြိမ်းချမ်းရေးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ရင်းနှီးမြှုပ်နှံဖို့ကို ဦးစားပေးဆောင်ရွက်ရန်ဖြစ်နိုင်တယ် လို့ စဉ်းစားလာတာမျိုးဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တရုတ်ဟာ ရခိုင်မြောက်ပိုင်းအရေးမှာ ပိုပြီးပါဝင်လာတာလည်းတွေ့ရပါတယ်။ မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ်အကြားမှာ ကြားဝင်စေ့စပ်ပေးမယ်လို့ ၂ဝ၁၇ ဧပြီမှာ တရုတ်အထူးသံတမန်က ကမ်းလှမ်းလာတာရှိပါတယ်။ ဒီပြဿနာ ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ပြည်တွင်းရေး နှစ်နိုင်ငံရေးဖြစ်တယ်လို့လည်း ရပ်ခံထားချက်ရှိပါတယ်။ အနောက်နိုင်ငံများက နိုင်ငံတကာ ပြဿနာဖြစ်အောင် ဖန်တီးတယ်။ တရုတ်က ဒါကိုဆန့်ကျင်ပါတယ်။ ထွက်ပြေးဒုက္ခသည်တွေနေရာချထားရေး၊ ဒေသစီးပွားရေး တိုးတက်ရေးအတွက် ကမ်းလှမ်းခဲ့တာလည်း တွေ့ရပါတယ်။ တကယ်တော့ တရုတ်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို လက်ကိုင်ထားတာပါ။ သို့ပေမဲ့ မြန်မာ့ ပြဿနာတော့ အနောက်နိုင်ငံတွေ ပါဝင်လာတာကြောင့် မြန်မာ့အရေးမှာ ထင်ရှားစွာပါဝင်လာခဲ့ပါတယ်။ အမေရိကန်အခြေစိုက် Stimson Center က တရုတ် အရေးသုတေသနပညာရှင် မစ္စတာယွန်စင်းက ကချင်အရေးတွင် တရုတ်ရဲ့ပါဝင်လာမှုဟာ အမေရိကန်နဲ့ အခြားနိုင်ငံကြီး များပါဝင်နိုင်မှု အလားအလာကိုစိုးရိမ်လာတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာရဲ့ပဋိပက္ခမှာ နိုင်ငံတကာပါဝင်လာမှာ ကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ပုံရတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ တရုတ်အကျိုး စီးပွားလည်းရှိနေတာကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဖြေရှင်းရန်ကိုသာလိုလားပါတယ်။ နိုင်ငံတကာပါဝင်လာမှုကိုလည်း ကန့်ကွက်သွားမယ့် အလားအလာရှိပါ တယ်။ သို့ပေမဲ့ အမြဲတမ်းရပ်တည်ပြီး အကြွင်းမယ့်ကူညီမယ်လို့တော့ မယုံကြည်သင့်ပါဘူး။

၂ဝ၁၆ NLD အစိုးရဖွဲ့ပြီးချိန်မှာပဲ မြစ်ဆုံလုပ်ငန်းများ ပြန်လည်စတင်ဖို့ တရုတ်ကစည်းရုံးခဲ့ပေမဲ့ အစိုးရကတော့ မရေမရာဖြစ်နေပါသေးတယ်။ အတိုင်ပင်ခံ တရုတ်မသွားခင်မှာ မြစ်ဆုံစုံစမ်းရေးကော်မရှင်ကိုဖွဲ့စည်းခဲ့ပါတယ်။ ၂ဝ၁၆ နိုဝင်ဘာမှာ ကြားဖြတ်အစီရင်ခံစာထွက်လာပေမဲ့ ထုတ်ပြန်မှုမလုပ်ပေးပါဘူး။ အဖြေပေးဖို့ နှောင့်နှေးနေတာက အစိုးရရင် ဆိုင်နေရတဲ့ အကျပ်အတည်းကို ထင်ဟပ်စေပါတယ်။ တရုတ်ပေါ်မှီခိုမှုအဖြစ် တက်လာတဲ့အောက်မှာ တရုတ်ရဲ့ လိုလားချက်များ ရှေ့တန်းရောက်လာခဲ့ပါတယ်။ ၂ဝ၁၇ နိုဝင်ဘာက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက မြစ်ဆုံ ဟာနှစ်ဖက်သဘောတူထား ပြီးဖြစ်ကြောင်း သုံးသပ်ချက်များ ထောက်ခံချက်များအဆင့်ဆင့်ရရှိပြီးတဲ့ စီမံကိန်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကလည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစီမံကိန်းကို ၂ဝ၁၇ နိုဝင်ဘာမှာ ကမ်းလှမ်းခဲ့ပြန်ပါတယ်။ ရခိုင်အရေးမှာ မြန်မာကိုကာကွယ်ရင်း သူတို့လိုလားချက်ကိုလည်း ကြိုးပမ်းနိုင်တဲ့ အလားအလာ ရှိနေပါတယ်။

 

တရုတ်အသွင်ခြုံလွှမ်းသော ဒီမိုကရေစီလား

မြန်မာ့ နိုင်ငံတကာမျက်နှာစာမှာ အပြောင်းအလဲတွေ အင်မတန်များပါတယ်။ မြန်မာလူထုရဲ့ ထောက်ခံမှုရရန် တရုတ်က အလွှာစုံဆက်ဆံရေးနှင့် ပြန်လည်ချဉ်းကပ်လာခဲ့တာတွေ့ရပါတယ်။ စီးပွားရေးနဲ့ မဟာဗျူဟာအကျိုးစီးပွားများ အပြင် တရုတ်ဟာ ဖွံ့ဖြိုးတိုးတက်စေမှုကိုမျှဝေလိုတဲ့ ရည်ရွယ်ချက်ကိုလည်းတွေ့ရပါတယ်။ NLD အစိုးရဟာ တရုတ်နဲ့ အနောက်နိုင်ငံများအကြား မျှခြေတစ်ခုကို ထိန်းထားနိုင် မယ်လို့ယူဆခဲ့ပေမဲ့ သမိုင်းတစ်ပတ်လည်ကာ တရုတ်နဲ့ ပြန်လည်နီး ကပ်လာခဲ့ ပြန်ပါတယ်။ မျှတသောဆက်ဆံရေးဖြစ်ဖို့ ဝေဝါးလာခဲ့ပါတယ်။ တရုတ်က အသာစီးရလာပြန်ပါတယ်။ တရုတ်ရဲ့ ပံ့ပိုးမှု ရခိုင်မြောက်ပိုင်းအရေးမှာ ရှိနေဦးမှာဖြစ်ပေမဲ့ အသွားအပြန်မရှိတဲ့ အကြွင်းမဲ့အနေအထားတော့မဟုတ်ပါဘူး။ တရုတ် ဟာပံ့ပိုးမှုတွေနဲ့ အလျှော့အတင်းပြုရင်း မဟာဗျူဟာနဲ့ စီးပွားရေးအကျိုးအမြတ်များအတွက် ပိုမိုတွန်းအားပေးမယ့် အခြေ အနေလည်းရှိနေသည်။ ပိုလို့အာရုံစိုက်သင့်တာကတော့ ‘မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများဟာ တရုတ်အသွင်လက္ခဏာတွေ လွှမ်းခြုံနေတဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီစနစ်အဖြစ်ကို ဦးတည်သွားနိုင်တဲ့ အလား အလာပဲဖြစ်ပါတယ်။