မြန်မာ့ငွေစက္ကူအာမခံချက်

 

အခုတလော ငွေစက္ကူအတုကိစ္စက အတော်ကို ပွက်လောရိုက်နေပါတယ်။ မြန်မာ့ငွေစက္ကူတွေထဲမှာမှ တန်ဖိုးအမြင့်ဆုံး ကျပ်တစ်သောင်းတန်ကို အတုပြုလုပ်သုံးစွဲလာတာတွေ များလာတယ်ဆိုတော့ ပွက်လောရိုက် တာလည်း မဆန်းပါဘူး။

တစ်သောင်းတန် အတုလုပ်တဲ့ဖြစ်စဉ်တွေထဲမှာ ပြည်တွင်းရော၊ ပြည်ပနဲ့ပါ ပတ်သက်လာတဲ့အထိ ငွေ စက္ကူအတုဖြစ်စဉ်တွေက ဆက်စပ်လာတာမို့လည်း အထိုက်အလျောက် စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်လာ တာ ဖြစ်ပါတယ်။

အဲဒီလို စိုးရိမ်စရာအခြေအနေအမျိုးမျိုးကြုံလာရသူတွေထဲမှာ ငွေစက္ကူတွေကို နိစ္စဓူဝ ကိုင်တွယ်အသုံး ပြုနေရတဲ့ ပြည်သူတွေရဲ့ စိုးရိမ်စိတ်ရေချိန်ကတော့ အမြင့်ဆုံးပေါ့။ဒါဆိုရင် ပြည်သူတွေဘာလို့ ဘယ်လို စိုးရိမ် နေကြတာလဲဆိုပြီး မေးစရာရှိပါတယ်။

အဓိက စိုးရိမ်ကြတာကတော့ ကိုယ့်လက်ထဲငွေစက္ကူအတု တစ်ရွက်တလေရောက်လာတာ မသိဘဲသုံး မိလို့အဖမ်းခံရလေမလား၊ ကိုယ့်ကို သူများကပေးစရာရှိတဲ့ငွေ ပေးချိန်မှာအတုတွေများ ထည့်ပေးလေမလား၊ ဘဏ်တွေကသွားထုတ်တဲ့အခါ အဲဒီငွေစက္ကူတွေကရော စိတ်ချရနိုင်ပါ့မလား၊ ရှုပ်ပါတယ်ကွာဆိုပြီး အတုလုပ် တာများတဲ့ တစ်သောင်းတန် ငွေစက္ကူတွေကို အစိုးရကပြန်ပြီးတော့များ ဖျက်သိမ်းလိုက်လေမလား၊ ငွေပေး ငွေချေတဲ့အခါ  တစ်သောင်းတန်ဆိုရင်မယူပါဘူးဆိုပြီး ငြင်းပယ်သူတွေများလာပြီး သုံးရစွဲရ  အကျပ်ရိုက်သွား လေမလားစသဖြင့် လားပေါင်းများစွာနဲ့ စိုးရိမ်စိတ်အဖုံဖုံက ပြည်သူတွေစိတ်မှာ ကိန်းအောင်းနေပြီ ဖြစ်ပါတယ်။

အဲဒီ နောက်ဆက်တွဲဆိုးကျိုးက ငွေပေးငွေယူလုပ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ကြား ယုံကြည် မှု ပိုနည်းလာမှာ ဖြစ်ပါတယ်။ အဲဒီအခါ တစ်သောင်းတန် ပေးပြီဆိုရင်ကိုပေးတဲ့သူကို မသမာသူအဖြစ် ရာခိုင် နှုန်း ၈ဝလောက်သတ်မှတ်ဖို့ ငွေလက်ခံသူရဲ့စိတ်မှာ အလိုလိုစေ့ဆော်တိုက်တွန်းလိုက်သလို ဖြစ်နေမှာပါ။ အဲဒီ လိုပဲ ငွေပေးသူကလည်း တခြားပိုက်ဆံမပါဘဲ တစ်သောင်းတန်ပဲပါလို့ မဖြစ်မနေပေးရရင်တောင် ငါ့ကို ဟိုမေးဒီ မေးဟိုစစ်ဒီစစ်လုပ်လေဦးမလား၊ အတုများပါနေရင် အရှက်ကွဲတဲ့အပြင် အဖမ်းခံရလေမလားဆိုပြီး ကိုယ့်ပိုက် ဆံနဲ့ကိုယ် သောကပွားရမှာ အမှန်ပါပဲ။

ဒီနေရာမှာ ကြုံကြိုက်တုန်း ငွေစက္ကူနဲ့ပတ်သက်လို့ ကိုယ်ကိုယ်တိုင် မယုံသင်္ကာအဖြစ်ခံရတဲ့ ကိုယ်တွေ့ ပြည်တွင်း ပြည်ပ အတွေ့အကြုံတချို့ကို ပြန်ပြောပြချင်ပါတယ်။

စာရေးသူ အင်ဒိုနီးရှားသွားတုန်းကပါ။ အဲဒီအချိန်တုန်းက အမေရိကန်ဒေါ်လာကလည်း ပုံစံအသစ် ထွက်တဲ့အချိန်ဖြစ်ပါတယ်။ ကိုယ်လည်း ဈေးဝယ်ဖို့ဆိုပြီး ရှော့ပင်းမောလ်တစ်ခုက ငွေလဲကောင်တာမှာ ငွေလဲ တော့အစစ်ခံရပါတယ်။ သူတို့က အသစ်ထွက်တဲ့ ဒေါ်လာ ၁ဝဝတန်ကို မမြင်ဖူးသေးဘူးထင်ပါတယ်။ ကိုယ်က အတုပေးတယ်ထင်ပြီး အချိန်အတော်ကြာ စစ်ဆေးခံရပါတယ်။ ဘေးမှာလည်း လုံခြုံရေးဝန်ထမ်းက မယောင်မ လည်နဲ့ရစ်သီရစ်သီလာစောင့် ကြည့်နေပါတယ်။ အတုဆိုတာသေချာရင်ဖမ်းမလို့ဆိုတာ ကိုယ်လည်း သဘော ပေါက်ပါတယ်။

အဲဒီတုန်းကတော့ ကိုယ်ကစိတ်သိပ်မပူမိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဒေါ်လာတွေကို အမေရိကန်ရဲ့ တရားဝင်အဆင့် မြင့်အဖွဲ့အစည်းတစ်ခုကနေ ခရီးစရိတ် အဖြစ်ထုတ်ပေးလိုက်လို့ပါ။

နောက်ဆုံး သူတို့ငွေလဲကောင်တာရဲ့တာဝန်ရှိတဲ့ လူကြီးပိုင်းတစ်ယောက်ရောက်လာပြီး ကိုယ့်ရဲ့ဒေါ် လာကအစစ်ဆိုတာ အတည်ပြုပေးလိုက်တော့မှ ရှောရှောရှူရှူနဲ့ ငွေလဲလို့ရခဲ့ပါတယ်။ အချိန်တော့ ကုန်တာ ပေါ့လေ။

နောက်တစ်ခါ ပြည်တွင်းမှာကြုံရတာပါ။ နာမည်ကြီး ကြေးအိုးဆိုင်တစ်ခုမှာစားပြီး  ငွေရှင်းဖို့လုပ်တော့ တစ်သောင်းတန်ပေးပါတယ်။ အဲဒီတစ်သောင်းတန်က အသစ်ထုတ်ထားတဲ့ စက္ကူသားနဲ့ပါ။ ဒါနဲ့သူတို့က အတု ဆိုပြီးမယူပါဘူး။ ကိုယ်က ကိုယ့်ပိုက်ဆံအစစ်ဆိုတာ သေချာသိလို့ တခြားတစ်ရွက်မလဲပေးချင်ပါဘူး။ ဒါနဲ့ လဲစ ရာတခြားပိုက်ဆံမပါဘူး၊ မယုံရင်ရဲခေါ်စစ်လိုက်ပါလို့ပြောပြီး တမင်တင်းခံထားဦးမလို့ပါပဲ။ ဇနီးဖြစ်သူက စကား မများချင်တာနဲ့ အရင်တစ်သောင်းတန် ပုံစံဟောင်းနဲ့လဲပေးလိုက်ပါတယ်။ အဲဒီအတွေ့အကြုံက အခုလို တစ် သောင်းတန်အတုတွေ ဖောဖောသီသီထွက်မလာခင်တုန်းကပါ။ အခုလိုတစ်သောင်းတန်အတုတွေ များလာချိန် မှာဆိုရင် ဘယ်လောက်တောင် ပိုဆိုးလိုက်မလဲလို့ တွေးမိပါတယ်။

အဲဒီလို တွေးမိတာကြောင့် ငွေစက္ကူတွေနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်လိုအာမခံချက် ပေးထားလဲဆိုတာရယ်၊ ငွေစက္ကူတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့လုပ်ပိုင်ခွင့်တွေရယ်၊ အ တုပြုလုပ်ရင် ပြစ်မှုပြစ်ဒဏ်တွေကို  ဥပဒေမှာ ဘယ်လိုသတ်မှတ်ထားလဲဆိုတာတွေကို ပြန်လည်မျှဝေ ပေးချင် ပါတယ်။

တစ်သောင်းတန် အတုတွေများလာတာမို့ အဲဒီတစ်သောင်းတန်တွေကိုသာ အစိုးရက ဖျက်သိမ်းလိုက် ရင် တစ်သောင်းတန်အများစု လက်ဝယ်ရှိသူတွေ နစ်နာဆုံးရှုံးရလေမလားဆိုပြီး ပြည်သူတွေ စိုးရိမ်နေ တဲ့အ ချက်နဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကပေးထားတဲ့ အာမခံချက်ကို ဦးစွာပထမ မျှဝေပေးချင်ပါတယ်။

”နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသောငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်း မပြု” ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၆ ပုဒ်မခွဲ (င) မှာ ပြဋ္ဌာန်းပေးထားပါတယ်။ ပုဒ်မ ၃၆မှာ ပါတဲ့ ‘နိုင်ငံတော်’ ဆိုတာက ရှေ့နောက်စကားရပ်တွေရဲ့ အဓိပ္ပာယ်ကိုထောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေ ပြုမှုအခွင့်အာဏာကိုဖြစ်ဖြစ်၊ အုပ်ချုပ်မှု အခွင့်အာဏာကိုဖြစ်ဖြစ် ကျင့်သုံးတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂိုလ်ကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအချက်ကိုကြည့်ရင် တရားဝင်ထုတ်ဝေထားတဲ့ ဘယ်ငွေစက္ကူကိုမဆို မဖျက်သိမ်းဘူးဆိုပြီး အာမခံ ထားတဲ့ သဘောပါပဲ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က  ငွေစက္ကူတွေကို တရားမဝင်အဖြစ် ကြေညာခဲ့ လို့ ဖြစ်ပွားခဲ့တဲ့ ပြဿနာအရပ်ရပ်ကို ဆင်ခြင်ထောက်ရှုပြီး ဒီအချက်ကို ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူ ၄၈ချက်ထဲမှာ ထည့်ခဲ့တယ်လို့ သုံးသပ်မိပါတယ်။ တရားဝင်ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဆိုတဲ့ ပြဋ္ဌာန်း ချက်မျိုးကို ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ၁၉၇၄ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ မပြဋ္ဌာန်းခဲ့ပါဘူး။

နောက်တစ်ချက်က တစ်သောင်းတန်အစစ်ပေးတာကို မယူဘဲငြင်းလို့လည်း မရပါဘူး။ ဘာလို့လဲဆို တော့ ဗဟိုဘဏ်ကပဲငွေစက္ကူနဲ့ဒင်္ဂါးတွေကို ထုတ်ပိုင်ခွင့်ရှိပြီး ဗဟိုဘဏ်က ထုတ်တဲ့ငွေစက္ကူတွေနဲ့ဒင်္ဂါး တွေဟာ နိုင်ငံတော်တစ်ဝန်းလုံးမှာ တရားဝင်ငွေအဖြစ် တည်ရှိစေရမယ်ဆိုပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၆၂မှာ ပြဋ္ဌာန်းထားလို့ဖြစ်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ ငွေစက္ကူ လဲလှယ်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ဥပဒေရဲ့ ပြဋ္ဌာန်းချက်တချို့ကို ပြောပြချင်ပါတယ်။

ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ တရားဝင် သုံးစွဲနေတဲ့ ငွေကြေးတွေကို လက်ဝယ်ရှိသူတွေက လဲလှယ် ပေးဖို့ တောင်းခံရင် တန်ဖိုးအလိုက် လဲလှယ်ပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘဏ်တွေက တရားဝင်သုံးစွဲ နေတဲ့ ငွေစက္ကူနဲ့ဒင်္ဂါးတွေကို တခြားတန်ဖိုး အမျိုးအစားဖြစ်တဲ့ တရားဝင်ငွေစက္ကူနဲ့ဒင်္ဂါး တွေနဲ့ လဲလှယ်ဖို့တောင်းဆိုတဲ့အခါ အခမဲ့ လဲလှယ်ပေးရမှာ ဖြစ်ပါတယ်။

သို့သော်လည်း ပျောက်ဆုံးတဲ့၊ ခိုးရာ ပါဖြစ်တဲ့၊ ချွတ်ယွင်းတဲ့၊ ပုံသဏ္ဌာန်ပျက်တဲ့ ငွေစက္ကူနဲ့ ဒင်္ဂါးတစ်ခုခု ရဲ့ တန်ဖိုးကိုတော့ ဗဟိုဘဏ်ထံကနေ ရပိုင်ခွင့်အဖြစ် ဘယ်သူမှ တောင်းဆိုခွင့်မရှိပါဘူး။ ဒါပေမယ့် ချွတ်ယွင်း တဲ့၊ ပုံသဏ္ဌာန်ပျက်တဲ့ ငွေစက္ကူနဲ့ ဒင်္ဂါးတန်ဖိုးကို လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်း ကမ်းတွေနဲ့အညီ စိစစ်ပြီး ပြန်လည်ထုတ်ပေး နိုင်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ပြောလိုတာကတော့ ပြစ်မှုပြစ်ဒဏ်ဖြစ်ပါတယ်။ ငွေစက္ကူ အတုမှန်းသိ လျက်နဲ့ သုံးစွဲတာကို ပြစ်မှုထင်ရှားစီရင်ခံရမယ်ရင်တော့ ငွေဒဏ်ဖြစ်ဖြစ်၊ ၃နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ပြစ်ဒဏ်ချမှတ်ရမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁ဝ၅မှာ ပြဋ္ဌာန်းထားပါ တယ်။

အလားတူပဲ ငွေစက္ကူအတုပြုလုပ်တာ ပြစ်မှုထင်ရှားစီရင်ခံရမယ် ဆိုရင်တော့ အနည်းဆုံး ထောင်ဒဏ် ၁ဝနှစ်ကနေ အများဆုံးထောင်ဒဏ် နှစ်၂ဝအထိချမှတ်ခံရနိုင်တယ်ဆိုပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁ဝ၆မှာဆိုပါတယ်။

ငွေစက္ကူအတုတွေကို ပြည်ပကိုတင်ပို့တာ၊ ပြည်ပကနေ တင်သွင်းတာကိုလည်း ပုဒ်မ ၁ဝ၆အရပဲ အရေးယူတာဖြစ်ပါတယ်။ ငွေစက္ကူအတုဆိုင်ရာ ပြစ်မှုတစ်ခုခုနဲ့ ပတ်သက်ပြီး အားပေးကူညီတာ၊ အားထုတ် တာ၊ ပူးပေါင်းကြံစည်တာတွေ လုပ်ဆောင်မယ့်သူတွေကလည်း သူတို့ရဲ့ ကျူးလွန်မယ့်လုပ် ဆောင်ချက်ဆိုင် ရာအလိုက် အထက်မှာဆိုခဲ့တဲ့ ပြစ်ဒဏ်တွေအတိုင်း အရေးယူခံရမှာ ဖြစ်ပါတယ်။

ဘယ်သူဖြစ်ဖြစ် ဗဟိုဘဏ်က ထုတ်ဝေတဲ့ငွေစက္ကူ၊ ဒင်္ဂါးနဲ့ လွှဲပြောင်းနိုင်တဲ့ စာချုပ်စာတမ်း တစ်မျိုးမျိုး ကို အတုမှန်းသိလျက်နဲ့ သုံးစွဲခြင်း မပြုလုပ်ရဆိုပြီး မြန် မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေရဲ့ တားမြစ်ချက်ပုဒ်မ ၁ဝ၁မှာ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့်မို့ အတုမှန်းမသိလို့သဘောရိုးနဲ့ သုံးမိမယ်ဆိုရင် အပြစ်ကနေသက်သာ ရာရမယ်လို့ ယူဆ ဖွယ်ရှိတာကို ဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ ချိန်ထိုးစဉ်းစားမိပါတယ်။ သိလျက်နဲ့သုံးတာလား မသိလို့သုံးမိတာ လားဆိုတာကတော့ ဖြစ်စဉ်ပေါ်ပေါက်ပုံ၊ ပတ်ဝန်းကျင်အခြေအနေ၊ သက်သေအထောက်အထားနဲ့ အမှုခြင်းရာ ပြဿနာ တွေက အများကြီးစကားပြောမှာ ဖြစ်ပါတယ်လို့ အပြုသဘောဆောင် အကြံပြုမျှ ဝေရင်းဖြင့်။

သာဓက