မြန်မာ့ငြိမ်းချမ်းရေးမှ ရခိုင့်အရေး လျှပ်တစ်ပြက်အကဲခတ်ခြင်း

များပြားလှသော တိုက်ပွဲများ၊ ပြင်းထန်လှသော စကားလုံးထိုးစစ်များ၊ မပြီးစီးနိုင်သော ကတိတရား များဖြင့်တည်ဆောက်လာခဲ့သော ပြည်ထောင်စုဆိုသည်မှာလည်း ခေတ်စနစ်အရ ခေတ်မီပစ္စည်းများ ပြောင်း လဲသွားသည် နှင့်အမျှ ယေဘုယျသဘောထားများမှာ ပြောင်းလဲလာသည်ကို မတွေ့ရသေးပေ။ ပြည်တွင်းစစ်မှာလည်း ခေတ် ပြောင်း သွားသည့်အတွက် လက်နက်ခဲယမ်း အသစ်အဆန်းများဖြင့် တိုက်သည်မှလွဲ၍ ပြောင်းလဲသည်ကို မတွေ့ရပေ။

ဘယ်အချိန် ပြောင်းလဲမလဲဆိုသည်ကိုလည်း ခန့်မှန်းနိုင်ရန်စောလွန်းလှသည်။ မြန်မာ့နိုင်ငံရေးမှာ အဖြေမထွက် သော နိုင်ငံရေးပြဿနာများ ရှိနေသမျှလည်း အဖြေပေးနိုင်သော တိကျသည့် နိုင်ငံရေးသီအိုရီ တစ်ရပ်လည်းရှိလာမည်ဟု မယူဆမိပေ။ သို့သော် စစ်ပွဲ၏နိယာမများနှင့် လူသားတို့၏ လိုအင်များကား ထင်ဟပ်လျှက်ပင်ရှိသေးသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကိုစောင့် ကြည့်သူအပေါင်းမှာလည်း ဘောလုံးပွဲ ကြည့်သူများနှင့် အလားသဏ္ဌာန် တူလာသည်။ ကိုယ်အားပေးသည့်ဘက်က နိုင်စေချင်သည်။ ကိုယ်အားပေးသည့်ဖက်က ဂိုးအပြတ်ရလျှင် လက်သီးလက် မောင်း တန်းချင်သည်။ ထိုသို့ရကြောင်းကိုလည်း အာပေါင်အာရင်းသန်သန် ပြောချင်သည်။ မရလိုက်လျှင်လည်း အားမလို အားမရဖြစ်ချင်သည်။ လောင်းကြေးဖြင့်ဆိုလျှင်တော့သာ မန်ယူပရိတ်သက်ထက် ပိုဆိုးသည်။ သူတို့ ကအားပေးသည် ထက် မျှော်လင့်သည်လည်းပါသည်။ သို့ဆိုလျှင် ဘောလုံးပွဲမှလောင်း ကြေးထည့်ထားသူများကဲ့သို့ စစ်ပွဲထဲတွင် လောင်း ကြေးထည့်ထားသူများမှာ ဘယ်သူများဖြစ်နိုင်လေမလဲ။ အဖြေကတော့ ရှင်းပါသည်။ လူဆိုသည်မှာ အကျိုးစီးပွားကိုယှဉ် ၍ မွေးဖွားလာသည့်အတွက် မိမိအကျိုးစီး ပွားဖြစ်စေသည့်ဘက်ကို ပို၍အားပေးသည် မှာသဘာဝကျပါသည်။ ယင်းကဲ့ သို့အကြောင်းတရားများက ဘက်ကိုဖြစ်ပေါ်စေသည်။ ”သူ့ဘက်-ကိုယ့်ဘက်”။ ရှင်းအောင်ပြောရလျှင် စစ်တပ်က စစ် တိုက်၍ကောင်းစားသူ များကစစ်တပ်ကိုအားပေးမည်။ သူပုန်နှင့်မှီ၍ အဆင်ပြေသူများက သူပုန်ကိုအားပေးမည်။ သို့သော် ခံစစ်နှင့်ထိုးစစ်၊ တရားသောစစ်နှင့် မတရားသောစစ်က ရှိသေးသည်။ နောက်ပြီး စစ်ဖြစ်စေသော အကြောင်းတရားများ။

မြန်မာနိုင်ငံ၏ စစ်ဖြစ်စေသော အကြောင်းတရားမှာကတိဖြစ်သည်။ တောင်ပေါ်,မြေပြန့်ဒေသမရွေး ဗိုလ်ချုပ် အောင်ဆန်းထားရှိခဲ့သောကတိဖြစ်သည်။ အများသိရှိထားသော ပင်လုံကတိပင်။ သို့သော် နှစ်ကာလ ကြာရှည်သည်အထိ ပင်လုံကတိ နေနေသာသာ ပင်လုံပွဲကို နေပြည်တော်မှာ ကျင်းပလိုက်သည်အားဖြင့် ပင်လုံမြို့လည်း အတုဖြစ်လာသည်။ ယခုဖြစ်နေသော စစ်ပွဲများကိုပဲကြည့်လျှင် ကတိကိုအကောင်အထည်မဖော်ခြင်းမှာဘဲ အရင်းတည်သည်။ ပေးထားသည့် ကတိအတိုင်းလုပ်သွားလျှင် ဘာမှပြဿနာမရှိ။ သို့သော် ဝေ့ကာဝိုက်ကာ ဖြေရှင်းနေသည့်အခါ လိုရင်းမရောက်။ စင်ကလဲ့ လူးဝစ်ပြောသလိုပင် စစ်ပွဲဆိုသည်မှာ နိုင်ငံရေးအရမဖြေရှင်းနိုင်၍ တိုက်ရ ခြင်းပင်ဖြစ်သည်။ ယင်းကြောင့် မြန်မာ့တပ် မတော်နှင့်မတိုက်ဖူးသည့် သူပုန်တပ်ဖွဲ့လည်းမရှိတော့။ မြန်မာနိုင်ငံအစိုးရနှင့်မြန် မာတပ်မတော်တို့က အကြမ်းဖက်၊ သောင်း ကျန်းသူဟု မသတ်မှတ်ခဲ့သော၊ အစိုးရသတင်းစာတွင်မကြောညာခဲ့သော သူပုန်တပ်လည်းမရှိသလောက်။ ကရင် တုန်းကလည်း KNU အကြမ်းဖက်သမား၊ KIA တုန်းက လည်း KIA အကြမ်းဖက်သမား၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကိုလည်း ပြည်ဖျက်၊ မျိုးဖျက်တွေ။ ဤသို့ပင်လျှင် အသီးသီးသော နာမဝိသေသနတို့ ဖြင့်စွပ်စွဲခဲ့ဖူးပြီ။ သို့သော် တိုင်းပြည်က စစ်ဒဏ်ကြောင့် ဖွတ်သထက်ဖွတ်လာခဲ့သည်။ အဖြေကအခုထိ ရှာမတွေ့သေး။

ခပ်ရဲရဲဝေဖန်ရလျှင် မြန်မာ့တပ်မတော်သည် ကလေးဆိုးကဲ့သို့ အလိုလိုက်ခံရသော အုပ်စုဖြစ်မှန်းမသိ ဖြစ်လာ သည်။ လက်ရှိတပ်မတော်ကို အတိုက်အခံလုပ်ပြီး အာဏာရှင်ကိုတွန်းလှန်လာသော ပါတီပင်လျှင် စစ်တပ်ကို အလိုလိုက် နေရသည်။ ထောက်ခံသူအုပ်စုများက စစ်အာဏာရှင်စနစ်၊ တပ်မတော်က နိုင်ငံရေးထဲတွင် ပါဝင်နေမှုများကို မည်သို့ပင် မလိုလားသည်ဆိုသော်လည်း ဒီမိုကရေစီ၏ မယ်တော်ကြီးမှာ စစ်တပ်နှင့် အဆင်ပြေရေး အဓိကလမ်းကိုလိုက်ရင်းက သဘောထား တူသယောင်ရှိလာသည်။

အရေးကြီးသော နိုင်ငံရေးဆုံးဖြတ်ချက်တို့တွင် ပေါ်လစီယိမ်းယိုင်မှုဖြစ်လာသည်။ ဥပမာ-မြစ်ဆုံကိစ္စ။ မြစ်ဆုံအ ရေးကို ဒီမိုအစိုးရလက်ထက်တွင် ယခင်ကကဲ့သို့ဖြစ်လိမ့်မည်မဟုတ်ဟု အများစုကယုံကြည်ခဲ့ကြသည်။ တစ်နည်းအားဖြင့် ၅ နှစ်သာရပ်တန့်ထားနိုင်သော ဦးသိန်းစိန်အစိုးရထက်တော့ ဘာပဲဖြစ်ဖြစ် ပို၍ယုံကြည်ခဲ့ကြသည်သာ။ သို့သော် ယခုပြည် သူကို အမြင်ကျယ်ရမည် ဟုပြောလာပြန်သည်။ တစ်နည်းအားဖြင့် ၄င်းတို့နောက်ပြန်လှည့်၍ မရသည့်သဘောကို ပြောင် ပြောင်တင်းတင်း ဖော်ပြခြင်းပင်။ နောက်တစ်ချက်က ဒီချုပ်အစိုးရမတက်ခင် နှစ်၆ဝကျော်နေပြီဖြစ်သော ပြည်တွင်းစစ်ကို ဒီချုပ်အစိုးရဖြစ်လာသည့်အခါ ငြိမ်းချမ်းရေးကို တစ်စုံတစ်ခုသောအတိုင်းအတာ ထိရှိလာလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် လက်ရှိမှာ မြင်နေရသည့်တိုက်ပွဲ သတင်းများကအတောမသတ်။ တစ်ဖက်တွင်လည်း လက်ရှိအစိုးရအပါအဝင် ပြည်တော်ပြန်နိုင်ငံရေး သီအိုရီသမားများ၏ ကောက်ချက်များဖြစ်သည်။ အများစုမှာ အင်စတီကျူးရှင်းအပေါ်တွင် အခြေ တည်ပြီး ခံစားချက်ကို ထည့်မတွက်ခြင်းဖြစ်သည်။ ဝန်ကြီးဦးအောင်မင်းလက်ထက်က ဝန်ကြီးဦးအောင်မင်းကို တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင် (မှတ်ချက်- တိုင်းရင်သားဆိုသည်ကိုပင် ဗမာမဟုတ်သော တခြားလူ မျိုးများက ဗမာကို တိုင်းရင်းသားဟုမသတ် မှတ်သည့်အတွက်မကြိုက်ကြပေ။) က သဘောကျကြသည်ဟု သိရသည်။ အကြောင်းမှာ ဝန်ကြီး ဦးအောင်မင်း၏အားသာချက်က ဘယ်အဖွဲ့ခေါင်းဆောင်က လေကြောရှည်ပြီးပြောစေကာမူ အလိုက် တသိဖြင့်နား ထောင်ပေးသည်ဟူ၏။ စကားကြောရှည်ခြင်းမှာ ခံစားချက်ဖြစ်သည်။ ယင်းခံစားချက်ကိုယ်စီကို အလေးထားသည့် သူများ လက်ထက်တွင်တော့ ရေရှည်ပြဿနာမပြေလည်သော်လည်း လက်ရှိပြဿနာ အခိုက်အတန့်က ပြေလည်စေသေးသည်။ သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ Dialogue Calture နည်းသထက်နည်းလာသည်။ မကြာသေးမီက ကျင်းပခဲ့သော အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် အမျိုးသားဗဟိုဌာန (NRPC) မှာပင် အစိုးရ ခေါင်းဆောင်များဘက်က မိမိတို့ပြောလို သည်များကို မီဒီယာများရှေ့တွင် အရင်ပြောပြီး မီဒီယာများကို အပြင်ထွက်ခိုင်းလိုက်သည်။ ဟိုဘက်ဒီဘက် ဆွေးနွေး ချက်များကများသည့်အခါ တံခါးပိတ် (Off-Record) ဟုဆိုသော်လည်း စကတည်းက သူတို့ပြော သည့်စကားကိုပါ (Off-Record) လုပ်သင့် သည်ဟုထင်သည်။ ယခုဖြစ်သွားသည့်ပုံစံက ငါတို့ပြောတာကိုသိစေ၊ သူတို့ကတော့ ဆွေးနွေးပွဲပြီးမှ ကိုယ့်သဘောနဲ့ ကိုယ်ပြောစေဆိုသည့်သဘော။ သို့ဆိုလျှင် သတင်းဌာနအသီးသီးမှာ ပြောကြသည့်အခါ အတူ တူဆုံ တုန်းက အပြန်အလှန်မေးခွန်းထုတ်၊ ဆွေးနွေးကြသည်များထက် အတ္တနောမတိ များပါသွားခဲ့ပြီး ဖြစ်သည်။ အစိုးရဖက်မှ လည်း ထိန်းချုပ်စရာမလိုတော့။ နောက်မြန် မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲများက မြန်မာဗီဒီယိုကားများလိုပင် တွက်ချက်၍ ရလာသည်။ အကြီးအကျယ် တိုက်ဆွေးနွေး၊ ဆွေးနွေးတုန်း ထပ်တိုက် ဖြစ်သည်။

လက်ရှိရခိုင်ပြည် မြောက်ပိုင်းတွင် ရဟတ်ယာဉ်နှင့် ဖြစ်သောတိုက်ပွဲများထိ ကြီးကျယ်စွာ ပြင်းထန်နေစဉ်မှာပင် နိုင်ငံ တော်သမ္မတရုံးမှ အမျိုးသားရင်ကြားစေ့ရေးအတွက် လက်နက်ကိုင်(၈)ဖွဲ့ကိုငြိမ်းချမ်း ရေးဆွေးနွေးပွဲလုပ်ရန် ခေါ်ဆောင်ခဲ့ သည်။ ယင်းသို့ဆွေးနွေးပွဲအပြီး ညနေပိုင်းမှာပင် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာတွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဗုံးတွင်းထဲတွင်ပုန်းခိုနေသာ မိသားစုတစ်စုမှ ၅ ဦး၊ အသက် ၈၅နှစ်အရွယ်အဘွားအို တစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်ပေါ်လာသည်။ AA ဖက်မှလည်း ၄င်းတို့တိုက်ပွဲဖော်ဆောင် ခြင်းမရှိဟု ပြောဆိုသည်။ ရွာသားများမှလည်း တပ်မ တော်စစ်ကြောင်းတစ်ခု နေ့လယ် ၂နာရီခန့်က ရောက်လာပြီး ညနေ ၉ နာရီခွဲခန့်တွင် ရွာကိုစတင်ပစ်ခတ်သည်ဟု ဆို ထားသည်။ သို့သော် အဆိုပါပစ်ခတ်မှုလည်း မြောက်ဦးတိုက်ပွဲလိုပိုင်ရှင်မဲ့ဖြစ်ရာ တာဝန်ယူမဲ့သူ တစ်ဦးမှမျှရှိ။ နစ်နာ ကြေးရဖို့ဝေးလို့ ရွာသားတချို့လည်း ဒဏ်ရာကြီးငယ်ရကာ စစ်တွေဆေးရုံတွင် ဆေးကုနေရသည်။ ယင်းဖြစ်စဉ်ရှေ့က ရသေ့တောင် သမီးလှရွာမှ အသက် ၉နှစ်အရွယ်မောင် နိုင်စိုး၊ မင်းဖူးကျေးရွာမှ မရီရီစိုး အသက် ၁၈ နှစ်သေဆုံးမှုတို့သည် တစ်နေ့ထက် တစ်နေ့ ပြင်းထန်လာသည့်အခြေအနေကို ဖော်ပြခဲ့ပြီးဖြစ်သည်။ မြောက်ဦးတွင်လည်း လက်နက်ကြီးများ ကျရောက်ပြီး မြောက်ဦးမြို့တွင်းက နေအိမ်များ၊ ရှေးဟောင်းသမိုင်းဝင်စေတီများ ထိခိုက်ပျက်စီးသွားသည်။ ရွာဟောင်း တောကျေးရွာမှ အိမ်တစ်ဆောင်ကို လက်နက်ကြီးကျရောက်ပြီး ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရကာဆေးရုံ တင်ခဲ့ရသည်။ ရွာဟောင်းတောရွာနှင့် မြောက်ဦးမှ အမျိုးသား၊ အမျိုးသမီး ၇ဦး လက်နက်ကျည်ဆန်များ ထိခိုက်မှုကြောင့် မြောက်ဦးဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်။ ယင်းမတိုင်မီကလည်း မြောက်ဦးမြို့နယ် ဘူးရွက်မညိုးမှ ဆိုင်ကယ်ဝပ် ရှော့ပြင် လူငယ်တစ်ဦးအား တပ်မတော်စစ်ကြောင်းကပြေးခိုင်းကာ နောက်ကလှမ်းပစ်သည့်အတွက် စစ်တွေဆေးရုံတွင် ကုသနေရဆဲဖြစ်သည်။ အဆိုပါသတင်းများအား သတင်းစာမျက်နှာများတွင်ဖော်ပြထားသည်။ သို့သော် နေ့နေ့ညည တပ်မတော်စစ်ကြောင်းမှ ကားများဖြင့် ဖြတ်သန်းသွားလာမှုများကို ဒေသခံများကတွေ့နေရသည်။ ၄င်းတို့ထံမှ သေ နတ်ဖြင့် ပစ်ခတ်မှုများကိုလည်း ဒေသခံများကမြင်သည်။ သို့သော် တပ်ဖက်က ပြောတာတော့ရှင်းပါသည်။ အဆိုပါနေရာ များမှာ AA ဘက်မှချောင်းမြောင်းပစ်ခတ်သည့်အတွက် တပ်မတော်ကပစ်ခတ်ရတာဖြစ်သည်ဟုဆိုသည်။ ယင်းထက်တိ ကျသောအဖြေလည်း မရှိနိုင်တော့ပေ။ ဘယ်ပြည်သူမှလည်း သေနတ်ပြောင်းဝရှေ့တွင် ကင်မရာမသုံးရဲသမျှတော့ ပိုင် ရှင်မဲ့စစ်ပွဲများကဖြစ်နေဦးမည်သာ။ သို့သော် ဗြိတိန်နိုင်ငံသားတစ်ဦးက ကိုးသောင်းပုထိုးတော်တွင် ၄င်းကိုယ်တိုင် တွေ့မြင်ခဲ့ရသော မြန်မာတပ်မတော်မှ စစ်သားများရှိသည်ဆိုသည့် ရုပ်သံကိုတွစ်တာတွင်လွှင့်ခဲ့သည်။ သို့သော် တစ်ဖက် နိုင်ငံသား၏စကားမှာ တိုင်းပြည်ကိုကာကွယ်နေသောတပ်မတော်မှ ထုတ်ပြန်ချက်လောက် ခိုင်လုံပါမည်လား။ ဤသို့ ပင် လျှင် နစ်နာသောပြည်သူများအတွက် တာဝန်ခံသည့်အဖွဲ့အစည်းက ပျောက်နေသည်။ သို့သော် သေနတ်သံ၊ လက်နက် ကြီးသံများက ယခုထိကြားနေကြဆဲ။

စတုတ္ထမဏ္ဍိုင်မှသည် အဆိပ်ခတ် မဏ္ဍိုင်ဆီသို့

အထက်မှာဖော်ပြခဲ့သလို အစိုးရဘက် မှနိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့နှင့်ပြဿနာဖြစ်သောအ ဖွဲ့အား နာမဝိသေသနမျိုးစုံဖြင့်ခေါ်ဆိုစေကာမူ သူတို့၏လုပ်ငန်းစဉ်သာ ဖြစ်သည်။ ဖြစ်စဉ်ကို ကြည့်လျှင် ARSA ကို အစိုးရဘက်မှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သည်၊ ဖမ်းဆီးသည်။ တခြားလူမျိုးအမည်သစ်တစ်ခု အဖြစ်ကျန်သော ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ဗမာ၊ ရခိုင်စသော လူမျိုးများကလည်း ကန့်ကွက်ခဲ့၊ ရှုတ်ချခဲ့သည်။ နောက် EAOs ထဲတွင်လည်း ၄င်းတို့ကို ထည့်သွင်းရန်၊ ဆွေးနွေးရန် အစီအစဉ်မရှိ။ သို့သော် AA ကိုတော့ ယခုပစ်ခတ်လိုက်၊ မီဒီယာတွင် အ ငြင်းပွား လိုက်ဖြစ်နေဆဲမှာပင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုခေါ်သည်။ ယခင်မိုင်ဂျားယန်တွင်လည်း AA ကိုခေါ်ခဲ့သည်။ ကျောက် ဖြူညီလာခံတွင်လည်း AA တက်ရောက်ခဲ့ သည်။ ဆိုလိုသည်မှာ အဆိုပါအဖွဲ့သည် ရက္ခိုင့်တပ်မတော်ဟု နာမည်ခံထားပြီး ရခိုင်ပြည်အတွက် တိုက်ပွဲဝင်နေသည်ဟု ၄င်း တို့ကိုယ်တိုင်လည်း ဝိသေသပြုထားသည်။ ပြည်သူထောက်ခံမှုကိုလည်း အများစုရထားသည်ကို ခေတ်မီသူတိုင်းသိနေကြသည့် ကိစ္စဖြစ်သည်။ အွန်လိုင်းပေါ်တွင်လည်း AA ကိုအပြစ်ဆိုလျှင် ချေပချက်များလည်း ဒုနဲ့ဒေးရှိနေသည်။ အရှိတရားပင်ဖြစ်သည်။ တပ်မတော်ကိုယ်တိုင်က ပြည်သူများအနေ ဖြင့် AA ကို အားမပေးရန် ထုတ်ပြန်ချက် ထုတ်ရသည်ဆိုကတည်းက လူထု၏ဆန္ဒကို အကဲဖြတ်၍ရသည်။

သို့သော် တပ်မတော်နှင့် AA တို့၏လက်နက်ပဋိပက္ခကိစ္စသာ အရင်းတည်နေသည်ဖြစ်ရာ တပ်မတော်ကထုတ် ပြန်သောစာစောင်၊ အစိုးရမှထုတ်ပြန်သောစာစောင် တို့ကသုံးနှုန်းသောအကြမ်းဖက်၊ သောင်းကျန်းသူဆိုသော အသုံးအ နှုန်းကို ဂုဏ်သိက္ခာရှိခဲ့သည်ဟုယူဆရသော မီဒီယာကြီးတချို့ကပါ ယူသုံးလာကြသည့်အခါ AA ကို အစိုးရက အကြမ်း ဖက်ဟုတကယ်ယူဆလိုက် ပြီလားဆိုသောမေးခွန်းဖြစ်သည်။ အဆိုပါ မီဒီယာများက အကြမ်းဖက်၊ သောင်းကျန်း သူများ ဟုတစ်ခဲနက် အော်နေသည့်ကြားက AA အဖွဲ့က နေပြည်တော်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လေယာဉ်ဖြင့်ကြော့ကြော့လေး ရောက်လာခဲ့ခြင်းပင်။ သို့ဆိုလျှင် ယင်းသို့ဖော်ပြသော မီဒီယာများအနေဖြင့် စတုတ္ထမီဒီယာတွင် ရပ်တည်နေသေးသလား၊ ဆန္ဒာကတိများ ပါနေသလားဆိုသည်ကို သုံးသပ်ဖို့လိုသည်။ မီဒီယာ အများစုကလည်း ဒေသခံသတင်းသမားများကို လစာ ပေးခန့်အပ်ထားသည်မှာ ရခိုင်တစ်ပြည်လုံး ၄ ယောက်ထက်ပိုမရှိပေ။ အဆိုပါ ပုဂ္ဂိုလ်တို့မှာလည်း နယ်မြေကွင်းဆင်းမှု အားနည်းသည်။ တစ်ဖက်တွင်လည်းတကယ့် သတင်းတချို့ကို ဖော်ပြသည့်အခါ ဒေသခံ သတင်းသမားများကိုကျော်ပြီး မိမိတို့ဘာသာ ထင်သလိုရေးသားသွားကြသည်။ စတုတ္ထမဏ္ဍိုင်တွင် ရပ်တည်ပြီး Impact နှစ်ဖက်ကိုဘက်မျှရအောင် ဖော် ပြရမည့်သူများကဆန္ဒာကတိဖြင့် အထက်ကဖော်ပြခဲ့သလို မိမိနိုင်လိုသည့်အုပ်စုဖက်ကလိုက်ပြီး ပြည်သူကိုအဆိပ်ခတ်လာ ကြသည်။ အမုန်းတရားများကို ပွားစေကြတော့သည်။

တကယ်က တိုင်းရင်းသားရပိုင်ခွင့်ပြဿာနာနှင့် လက်နက်ကိုင်ပဋိပက္ခမှာထင် သလို မရိုးရှင်းလှပေ။ ဘောလုံးပွဲကို အားပေးသလို ငါ့အဖွဲ့ပဲနိုင်စေဆိုသည့်စိတ်ဖြင့်အားပေးတိုင်းလည်း ဂိုးအပြတ်နိုင်သည်မဟုတ်ပေ။ အမြစ်ပြတ်ခဲ့ပြီဖြစ်သည် ဟု စစ်အစိုးရခေတ်တစ်လျှောက်လုံး ဝါဒဖြန့်ခဲ့သော ကွန်မြူနစ်ပါတီသည်ပင်လျှင် ရန်ကုန်တက္ကသိုလ်မှာ အထိမ်းအမှတ်ပွဲ လာလုပ်သည်ကိုကြည့်လျှင် မြန်မာ့နိုင်ငံရေး၊ လက်နက်ကိုင်ရေးပြဿနာမှာ အမြစ်ပြတ်ချေမှုန်းခြင်းဆို သည့်စကားလုံး သည် ဝေါဟာရထက်မပိုသည်ကို တွေ့ရပါလိမ့်မည်။

ယင်းကြောင့် ဝါဒဖြန့်စာစောင်ကအ သုံးအနှုန်းများဖြင့် စတုတ္ထမဏ္ဍိုင်ထဲကိုယူ ဆောင်လာသည့်အခါ ဆိုးကျိုးများ ကိုသာ ဖြစ်စေပါသည်။

အားကြီးသူ ငြိမ်းချမ်းရေးပိုလိုလား သလား

တကယ်တမ်းကျလျှင် မြန်မာနိုင်ငံပြည်တွင်းစစ်မှာ စစ်အုပ်စုဘက်မှ လက်ဝါးကြီး အုပ်ထားသည်ကအစပြုပြီး တချို့ကလည်း လက်နက်ကိုင်ရင်း သေနတ်အရသာကိုသိလာကြခြင်းပင်ဖြစ်သည်။ ယင်းနှင့်ဆက်စပ်၍ တချို့နိုင်ငံရေး ကျွမ်းကျင်သူများက သေနတ်ကိုင်မှ လူရာဝင်သည်ဆိုသည့် အတွေးကို တွေးလာကြသည်ဟု ထောက်ပြကြသည်ကို တွေ့ ရသည်။

သို့သော် ခေတ်အဆက်ဆက် လုပ်လာခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဒီကောင်က နည်းနည်းမာရင် ဥထား လိုက်၊ ဟိုကောင်ကိုအရင်ချမယ်ဆိုသောသံသရာမှာပင်လည်နေခဲ့သည်။ အမာကိုရင်တွင်းသွင်းပြီး အပျော့ကိုအပြီးသတ် ချေမှုန်းသောဗျူဟာဖြင့် လုပ်လာခဲ့သောငြိမ်းချမ်းရေးက နိုင်ငံရေးပြဿနာကို မဖြေရှင်းပေးနိုင်သည်မှာ သဘာဝကျသည်။ နှစ်သစ်ကူးလက်ဆောင်အဖြစ် ဒီဇင်ဘာ ၂၁တွင် တပ်မတော်ဖက်မှ စစ်တိုင်းကြီးငါးခု နှစ်သစ်ကူး လက်ဆောင်အဖြစ် အပစ်ရပ်စဲခဲ့သော်လည်း EYC (အနောက်တိုင်းစစ်ဌာနချုပ်)ကို ချန်လှပ်ထားခဲ့သည်။ ARSA ကြောင့် ဟုအကြောင်းပြ သော်လည်းလက်ရှိတွင် ရခိုင်ပြည်သူ ၂သောင်းကျော် ဒုက္ခသည်အဖြစ်တိုးပွားလာသည်။ ရခိုင့်တပ်မတော်နှင့် တိုက်ပွဲ များဖြစ်သည်။ ရခိုင်ပြည်သူများ ဒုက္ခသည်တိုးပွားသည်။ ဘယ် ARSA မိသားစုက ဒုက္ခရောက်သည်ကိုလည်းမတွေ့ ရပေ။ သို့သော်တလောကတော့ ARSA ကိစ္စကို ပြန်လည်ဆန်းစစ်စုံစမ်းဖို့ ထုတ်ပြန် ချက်များရှိလာသည်။

တစ်ယောက်သတ်လျှင် လူသတ်မှုဖြင့် ထောင်ကျသည်။ ၅ ယောက် ၆ ယောက်သတ်လျှင် စိတ္တဇဆေးရုံမှာ ကုသ ခံရသည်။ လူရာချီသတ်လျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အဖိတ်ခေါ်ခံရသည်ဆိုသည့်စကားက ဒီနိုင်ငံတွင်လာပြီး မှန်နေ သယောင်ရှိသောအခါ ငြိမ်ချမ်းရေးလူရာဝင်ဖို့ သေနတ်သံများများဖောက်ကြစို့ဆိုသည့် စိတ်ကဝင်လာကြသည်။ ယခု ဖြစ်စဉ်ကိုပင်ကြည့်လျှင် အဖြေပေါ်သည်။ တိုက်ပွဲအကြီးအကျယ်ဖြစ် နေဆဲမှာခေါ်လိုက်သည်ကိုကြည့်လျှင် ထင်ရှားသည်။ မာနေလျှင် ငြိမ်းချမ်းရေးစကား ပြောမည်ဆိုသည့်သဘောပင်။ တစ်ဖက်ကတွေးလျှင်ဆင် မြန်မာ့တပ်မတော်စစ်ကြောင်း များကို များများထိခိုက်စေသော လုပ်ရပ်များကို လုပ်နိုင်သည့်အဖွဲ့ကိုပင်လျှင် ငြိမ်းချမ်းရေးတွင် တလေးတနက်စဉ်းစား ခြင်းပင်ဖြစ်သည်။ လက်ရှိမှာလည်း NCA ထိုးထားသူများအချင်းချင်းမှာပင် NCA အကျိုးကို တန်းတူမခံစားရသည်ကို လေ့ လာသိရှိရသည်။

ကရင်သူပုန်ဖြစ်သော KNLA-KNU နှင့်မြန်မာ့တပ်တော်တို့၏ ဖြစ်ပွားခဲ့သော တိုက်ပွဲများလည်း အများအပြား။ ကရင်ပြည်တွင် သေဆုံးခဲ့ရသော မြန်မာ့တပ်မတော်သားများလည်း မရေတွက်နိုင်၊ မြန်မာ့တပ်မတော်ကြောင့် သေဆုံး ခဲ့သော ကရင်လူမျိုးလည်း မရေတွက်နိုင်။ ကချင်မှာလည်း ထိုနည်းနှင်နှင်။

သို့သော် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် စောမူးတူးစေးဖိုးကိုနေပြည်တော်တွင်ခေါ်ပြီးသည်နှင့် ကချင် မှာတိုက်ပွဲအကြီးအကျယ်ဖော်ဆောင်ခဲ့သည်။ ကချင်နှင့်ငြိမ်လျှင် ရှမ်း(SSPP/SSA)၊ တစ်ပြိုင်နက်တည်းမှာTNLAတအောင်း တပ်ဖွဲ့နှင့် စသဖြင့် မြန်မာ့တပ်မတော်၏ လုပ်ကွက်ကလည်း ပြောင်းလဲသည်မရှိ။ လက်နက်ကိုင်တွန်းလှန်သော အုပ်စု ကလည်းလျော့ပါးလာသည်မရှိ။ လက်နက်ကိုင်ရင်း အရသာဖြစ်လာသည်၊ စီးပွားရေးဖြစ်လာသည်ဟု တချို့ ယူဆချက် ထားသည်ကို တွေ့ရသည်။ သို့သော်ဆက်တွေးလျှင် ဤသို့ရသည်။ လက်နက်ကိုင်သည့်လမ်းစဉ်သို့ တွန်းပို့သောနိုင်ငံရေး အကျပ်အတည်းကို ဘယ်အထိတွေးဖူးသလဲ ဆိုသည်ပင်။

တစ်ချက်တွေးမိသည်မှာ ၁၇(၁)-(၂) မတရားသင်းဖြင့် ဆက်သွယ်သည့် ကိုလိုနီခေတ်က လက်ကျန်ဥပဒေ။ တကယ်တမ်းအဆိုပါဥပဒေသည်လည်း Might is Right သာဖြစ်သည်။ သူပုန်ခေါင်းဆောင်တို့၏ မိသားစုများစွာ မြန်မာနိုင်ငံတွင်းမှာ ရှိနေသည်။ သို့သော်တလောက ဒီမိုကရေစီ အစိုးရလက်ထက်မှာပင် ပါးစပ်နှင့်ပြော၍ ထောင်ဒဏ်နှစ် ၂ဝ ကျသွားသည့်ရခိုင့်နိုင် ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်နှင့်စာရေးဆရာ ဝေဟင်အောင်တို့အဖြစ်ကို ကြည့်လျှင် သိသာသည်။ ကထီးလှရဲကင်းနှင့် ယိုးတရုပ်ရဲကင်းတို့ကို ထိုးစစ်ဆင်ခဲ့သော AA အား ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်သည်။ အစိုးရကိုယ်တိုင်က အကြမ်းဖက်မှု ဥပဒေဖြင့် အမှုပင်ဖွင့်လိုက်သေးသည်။ သို့သော် အရပ်ဘက် နိုင်ငံရေးသမားကိုကျ တော့ ပြင်းထန်သောအပြစ်ဒဏ်ကိုချမှတ်သည်။ သစ်တစ်ပင်ခုတ်လျှင် ထောင် ၇နှစ် ကျမှာစိုးသည့်အတွက် တားမြစ်သူ ကိုသတ်လျှင် ၅ နှစ်သာကျမည်ဟုတွေးကာ သတ်လိုက်သည့် ဟာသတစ်ခုလိုပင်။ ယင်းကဲ့သို့ ဖြစ်ရပ်များက လူငယ်၊ လူ ရွယ်များကို ဘယ်လမ်းကို ရွေးချယ်စေမည်နည်း။

သူတို့ကိုယင်းကဲ့သို့ပြစ်ဒဏ် ကြီးကြီးမားမားချလိုက်သည့်အတွက် လက်ရှိဒီမိုကရေစီအစိုးရအနေအားဖြင့် ဘယ်အထိ နိုင်ငံရေးအမြတ်ရရှိ သွားသလဲဆိုတာပင်။ ဆွန်ဇူး၏ ပြောစကားအရဆိုလျှင် မြေပြင်ကိုပိုင်မှစစ်ကိုနိုင်ပါသည်။ မြေပြင် (တစ်နည်း) လူထု ထောက်ခံမှုများစွာကိုရရှိထားသော ဒေါက်တာအေးမောင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး ကို ထောင်ဒဏ်နှစ် ၂ဝ ချလိုက်ခြင်းဖြင့် အစိုးရအတွက်လည်း အမြတ်ရဖွယ်တစ်စုံ တစ်ရာမှမျှရှိပေ။ ထောင်ဒဏ်မှလွှတ်လိုက် လျှင်တောင်မှ ယခု လို လက်နက်ကိုင်ပဋိပက္ခ အားပြိုင်နေသည့်အခါ ပါးစပ်ဖြင့်ပြောသည့် နိုင်ငံရေးသမားအနေဖြင့် အခိုက်အတန့် ဖြစ်စေ မှေးမှိန်သွားဖွယ်ရာရှိသည်။ အကြောင်းမှာ ဒေါက်တာအေးမောင်ကြောင့် ရခိုင်လူထု Redical ဆန်သည်ဆိုလျှင်ပင် ယခုအချိန်မှာ ရခိုင်လူထုကို နိုင်ငံရေးဆွေး နွေးပွဲ၊ စာပေဟောပြောပွဲများပြုကာ မျိုးချစ်စိတ်ကို ဆော်သြရန်မလိုတော့ပေ။ အစိုးရ၏ အကိုင်အတွယ်ညံ့ဖျင်းမှုကြောင့် ယင်းလမ်းပေါ်သို့ ရောက်သူပိုများလာခဲ့ပြီဖြစ်သည်။ နှစ်ဦးနှစ်ဖက်ချစ်ပြီး ခိုးရာ လိုက်ပြေးဖို့ထိ ပြင်ဆင်နေသောစုံတွဲအတွက် အောင်သွယ်မလိုအပ်တော့ပေ။ ဒေါက်တာအေးမောင်တို့ကို နိုင်ငံတော်ပုန် ကန်မှုဖြင့် ထောင်ဒဏ်ကြီးကြီးများများ ချမှတ်မှုသည် ဒေါက်တာအေးမောင်တို့ကိုထောင်ချ ရာ မမည်ပဲလာမည့် ၂ဝ၂ဝတွင် အစိုးရအ ပေါ်ထောက်ခံမှုကို နည်းအောင်လျှော့ချ လိုက်ခြင်းဟုသာ မြင်သည်။

ရပိုင်ခွင့်ပြဿနာ

ရပိုင်ခွင့်ပြဿနာကို ဆွေးနွေးရလျှင် ဖြစ်တည်မှုကို အရင်ကြည့်ရမည်ဖြစ်သည်။ ရခိုင်တွေ ဘာကြောင့်လက်နက် ကိုင်ခဲ့သလဲ။ ရှမ်းတွေ ဘာကြောင့်လက်နက်ကိုင်ခဲ့သလဲ။ ကရင်တွေဘာကြောင့်လက်နက် ကိုင်ခဲ့သလဲ။ ရခိုင်သည်လည်း ကောင်း၊ ရှမ်းသည်လည်းကောင်း လွပ်လပ်ရေးရခါစတွင်လက် နက်ကိုင်လမ်းစဉ်ကို မရွေးခဲ့သေးပေ။ သို့သော် စစ်အုပ်စု၏ တင်းမာသောချုပ်ကိုင်မှု၊ နိုင်ငံရေးအကျပ်အတည်းများက လက်နက်ကိုင်ချင်သည်ထက် လက်နက်မကိုင်လျှင် မဖြစ်သည့် အခြေအနေသို့ တွန်းပို့ခဲ့သည်ကို နိုင်ငံရေး လေ့လာသူတိုင်းသိမှတ်ကြပြီးဖြစ်သည်။ သို့သော် ရခိုင့်ဖြစ်စဉ်ကတင်းမာနေ သည်အတွက် ရခိုင်ဘက်ကိုသုံးသပ်ရလျှင် ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်က ရခိုင်ဘုရင် ထီးနန်းသိမ်းပိုက်ခံရသည်။ ယင်း နောက်ပြီး အင်္ဂလိပ်တို့က ကင်းဘာရင်းဟုခေါ်ဆိုသော ဗိုလ်ချင်းပြန်ကစပြီး ဗမာအုပ်ချုပ်သူတို့ကို ပုန်ကန်ခြားနားခဲ့သည်။ ယင်းနောက်ပိုင်း ဂျပန်ခေတ်တွင် ဦးစိန္တာတို့ ဦးပညာသီဟတို့ပေါ်လာပြီး ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်တွဲ၍ တော်လှန်ရေး လုပ်ခဲ့သည်။ သို့သော် နိုင်ငံရေးပြဿနာများမပြေလည်မှုကြောင့်  လမ်းခွဲခဲ့ကြသည်။ ယင်းနောက်ပိုင်းအခိုက် အတန့်ငြိမ် နေခဲ့ပြီး ဦးနေဝင်းအစိုးရလက် ထက် ၁၉၆၃-သြဂုတ် ၁၃ရက်တွင် စစ်တွေ တွင် ဆန်ပြဿနာပေါ်လာခဲ့သည်။တချို့က လူ ၃ဝဝနီးပါး စစ်အစိုးရ၏သေနတ်ဖြစ်ပစ်ခတ်မှုကို ခံခဲ့ရသည်ဟုဆိုသည်။ မည်သို့ပင် ဆိုစေကာမူ ယင်းအကြောင်းတရား ကြောင့် ရခိုင်ပညာတတ် လူငယ်တချို့အား တော်လှန်မှဖြစ်မည် (တစ်နည်း)လက်နက်ကိုင် လမ်းစဉ်ကို ရွေးမှဖြစ်တော့မည် ဆိုကာ ၁၉၆၄တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)-ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)ကို ကရင်ပြည် တွင် KNU နယ်မြေထဲတွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၆၇ ခုနှစ် ဇွန် ၄ရက်တွင်  နာမည်ကြီး မိုးလင်းရာဇာ စစ်ကြောင်းတွင် ဥက္ကဋ္ဌလည်းဖြစ်၊ စစ်ဦးစီးချုပ်လည်းဖြစ်သူ ခိုင်မိုးလင်းနှင့်အတူ ရခိုင်ပြည်ကိုချီတက်သော ALP တစ်ဖွဲ့လုံး မဆလစစ်တပ်ထံတွင် ချေမှုန်းခံခဲ့ရသည်။ ခေါင်းဆောင်ဖြစ်သူဥက္ကဋ္ဌခိုင်မိုးလင်းလည်း မဆလစစ်တပ်ထံတွင် အညံ့မခံပဲ ကိုယ့်နားထင်ကို ကိုယ်ပစ္စတိုဖြင့် ချင်းပြည်နယ်တွန်း ဇံတံတားအနီးတွင် ပစ်သတ်ခဲ့သည်။

မိုင် ၂ဝဝဝ ကျော် ရှည်လျားသော ခရီးစဉ်သည်လည်းကောင်း၊ ၄င်းတို့၏တော် လှန်ရေးအုပ်စုသည်လည်းကောင်း အခိုက် အတန့်အားဖြင့် ပြိုကွဲသွားသည်။ တစ်ဖက်တွင်လည်း ကချင် KIA နယ်မြေထဲတွင် ထူထောင်ခဲ့သော ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်(AIO) သည်လည်း ALP ချီတက်သည့် လမ်းကြောင်းကဲ့သို့ရခိုင်ပြည်သို့ ချီတက်ခဲ့ရာ မဆလ စစ်တပ်၏ ဖြိုခွဲမှုကိုခံခဲ့ရကာ ခေါင်းဆောင်ဖြစ်သူ စံကျော်ထွန်း (History.M.A) ဖြစ်သူလည်းကျဆုံးခဲ့သည်။ သူ့ရဲဘော်ရဲ ဘက်များလည်း ချေမှုန်းခြင်းခံ ကြရသည်။

ကျန်သော ရဲဘော်ရဲဘက်များထောင် ဒဏ်ကျကြသည်။ သို့သော် ယင်းကဲ့သို့ချိုးနှိမ်ခံခဲ့ရသော်လည်း ၁၉၉၆တွင် အဆို ပါမိုး လင်းရာဇာထဲမှကျန်ရစ်ခဲ့ပြီး မန္တလေး ထောင်မှလွတ်လာသော ခိုင်ရဲခိုင် (ယခု လက်ရှိ ALP ဥက္ကဌ) ကဦးဆောင်ကာ တော်လှန်ရေးလုပ်ငန်းစဉ်များကို စတင်ပြီး လက်နက်ကိုင်ပုန်ကန်မှုကိုအစပြုခဲ့သည်။ တစ်ဖက်တွင်လည်း ALP မှခွဲထွက်ခဲ့ သော ဗိုလ်ချုပ်ခိုင်ရာဇာသည်လည်း ပင်လယ်ပြင်တွင်ကျက်စားကာ အင်အားအတော်အတန် သင့်တင့်သော တော်လှန် ပုန်ကန်မှုတစ်ခုကို စတင်ခဲ့သည်။ သူ့တပ်ကိုလည်း ရက္ခိုင့်တပ်မတော်(AA) ဟုနာမည်ပေးခဲ့သည်။ သို့သော် ဦးခင်ညွန့် လက်သံပြောင်တုန်းခေတ်က အိန္ဒယနှင့်-မြန်မာဆွေးနွေးအပြီး အိန္ဒယအက်ဒမန်ကျွန်းတွင် အိန္ဒယရေတပ်မတော် ၏သုတ် သင်မှုကိုခံခဲ့ရပြီး ၄င်း၏ကျန်သော ရဲဘော်များမှာလည်း ထောင်ကျသူကျ၊ လက်နက်ချသူချ ပြိုကွဲသွားခဲ့သည်။ သို့သော် ခေတ်သစ်တွင်ပင် မဲဆောက် အခြေစိုက်ပြီး DKBA နယ်မြေထဲတွင် အခြေချထားသော ရက္ခိုင့်တပ်မတော်(AA-ANC)ကို ဗိုလ်မှူးကြီး မင်းထွန်းကဦးဆောင်ပြီး ကချင်ပြည်တွင်လည်း ရက္ခိုင့်တပ်မတော် (SA-ULA)ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဦးဆောင်ပြီး လှုပ်ရှားနေကြသည်။ လက်ရှိ တွင် AA က တိုက်ကွက်များဖော်ဆောင်လျှက်ရှိသည်။

တစ်ဖက်ကကြည့်လျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုကြည့်လျှင်လည်း AA-ANC ကို လက်နက်ကိုင်တပ်မရှိ သည့်အ တွက် နာကြားသူအဆင့်ထက်ပိုပြီး နေရာမပေးခဲ့။ ယင်းကြောင့် မနှစ်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အဖုအထစ် ဖြစ်ခဲ့သည်။ လက်ရှိ ALP ဘက်ကိုကြည့်ပြန်လျှင်လည်း အားရစရာများကိုမတွေ့ရ။

ALP သည်၂ဝ၁ဝ ဦးသိန်းစိန်အစိုးရ လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် ဖိတ်ခေါ်ခံခဲ့ရပြီး ၂ဝ၁၅အောက်တိုဘာ ၁၅ တွင် NCA လက်မှတ်ရေးထိုးသည့်အဆင့်သို့ရောက်လာခဲ့သည်။ သို့သော် NCA လက်မှတ်ပါ အချက်အလက်များ စွာထဲမှ အခွင့်အရေးကိုမဆိုထားနှင့် ၄င်းတို့၏ စစ်ဝတ်စုံကိုဝတ်လျှင်တောင် အစိုးရထံမှတား မြစ်ခြင်းကိုခံရသည်အထိ နိုင်ငံရေးမှေးမှိန် မှုကိုရောက်ရှိနေသည့်အခါ ရခိုင်ပြည်သူလူ ထုအများစု၏ရင်ထဲတွင် လက်ရှိ Action ယူနေသော AA ကို ပို၍ထောက်ခံမှုရှိနေသည်မှာလည်း အကြောင်းတရားတစ်ရပ်ဖြစ်သည်။ ရက္ခိုင့်တပ်မတော် (AA) နှင့်မြန် မာ့တပ်မတော်တို့ ၏ရသေ့တောင်မြို့နယ် ရီစိုး(ရေစိုး)ချောင်းဒေသတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် လူ့အခွင့်အရေးချိုး ဖောက်မှုများရှိသည် ဟု Statement ထုတ်ပြန်ခဲ့သော ALP မှ ဗဟိုပါတီဝင်တစ်ဦးဖြစ်သူ ခိုင်မျိုးထွဏ်းကိုလည်း နိုင်ငံတော်အ ကြည်ညိုပျက် စေမှုပုဒ်မ ၅ဝ၅(ခ)နှင့် ထောင်ဒဏ်ချမှတ်ခဲ့ဖူးသည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာလည်း နိုင်ငံ ရေးလေ့လာသူ များက တစ်စုံတစ်ခုထိ ယုံကြည်မှုကျဆင်းနေဖွယ် ရှိသည်။ ယင်းအကြောင်းတရားက AA က ရခိုင်ပြည်နေရာ အနှံ့ကို ထိုး ဖောက်နိုင်စေခြင်းပင်။

အထက်ဖော်ပြပါ ဖြစ်စဉ်တချို့ကို ကြည့်လျှင်ပင် ရခိုင့်ရေမြေတွင် တော်လှန်သော၊ လက်နက်ကိုင်စွဲသော အလေ့အထ သည် ယခုမှပေါ်ပေါက်လာသည်မဟုတ်ဘဲ အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်ဆိုသည့်အချက်ကို တွေ့ရမည်ဖြစ်သည်။ အ ကြောင်းကတော့ ရပိုင်ခွင့်ပြဿနာပင်။ မြန်မာ့သမိုင်းအရလည်း နိုင်ငံအဖြစ်တည်ထောင်ခဲ့သော နိုင်ငံသုံးခုမှာ ရခိုင်၊ မွန်၊ ဗမာတို့ဖြစ်သည်။ နောက်လူမျိုးတစ်ခုချင်းစီ၏ နိုင်ငံရေးအိပ်မက်မတူကြပေ။ အိပ်မက်မတူသည့်အတွက်လည်း ရပိုင်ခွင့်ကို တောင်းဆိုရာတွင် ကွဲလွဲလာခြင်းဖြစ်သည်။ ယခုဆိုလျှင် AA ခေါင်းဆောင်တချို့က ရခိုင့်အိပ်မက်ကိုသိသိသာသာ ဖော်ပြ နေသည်ကိုကြည့်ခြင်းအားဖြင့် သူတို့တောင်းဆိုသည်မှာ ဖက်ဒရယ်မဟုတ် ဆိုသည်ကိုတွေ့ရသည်။ အကြောင်းမှာ ကရင် ဘက်ကနေကူးလိုက်လျှင် သောင်ရင်းမြစ်ကိုကျော်သည်နှင့်ထိုင်းဖက်ကိုရောက်သည်။ ကချင်ကနေသွားလျှင်  တရုတ်ကို ရောက်သည်။ သို့သော် ရခိုင်တို့မှာ ပင်လယ်ကူးထွက်ပေါက်ရှိနေသည်။ ကမ္ဘာကလည်းသိသည်။ မြန်မာကလည်းသိ သည်။ ရခိုင်သူရခိုင်သားများက ပို၍သိသည်။ ရခိုင်သည် နိုင်ငံအဖြင့်ဖြစ်ပေါ်ခဲ့သောနေရာဆိုသည်ကို။ သို့သော် ပြည် ထောင်စုဘောင်တွင်းထဲမှာ နေထိုင်လို အောင်လုပ်ခြင်းသည် အစိုးရ၏ မှန်ကန်သော စေတနာ၊ ဥာဏ်အမြော်အမြင်ရှိသော ကိုင်တွယ်မှုသာဖြစ်သည်။ တချို့က ဘင်္ဂလားဒေ့ခ်ျ နှင့် အိန္ဒိယ ၂ နိုင်ငံရှိနေသည်ကို ထောက်ပြကြသော်လည်း ဟိမဝန္တာတောင်ခြေမှာ ဘူတန်လ်ကဲ့သို့ လူဦးရေ သောင်းဂဏန်းဖြင့် နိုင်ငံငယ်လေးရှိနေသည်။ ယင်းကဲ့သို့ထိ တွေးမြင်၍ ရလျှင် ရခိုင်တို့၏ ရပိုင်ခွင့်ပြဿနာနှင့်တခြား လူမျိုးတို့၏ ရပိုင်ခွင့်ပြဿနာမှာမတူပေ။

နေပြည်တော် ဆွေးနွေးပွဲအပြီးတွင်လည်း ဗဗ ဘက်မှရခိုင်ပြည်မှာ သူတို့အခြေချမှဖြစ်မည်၊ ရခိုင်ပြည်တိုးတက်အောင် သူတို့လုပ်မှဖြစ်မည်ဟု အတိအလင်းပြောကြားထားသလို စေတနာမှန်လျှင်ငြိမ်းချမ်းမည် စေတနာမမှန်လျှင် ငြိမ်းချမ်းရေး က ရှေ့ဆက်၍ရမည်မဟုတ်ဟု ပြောသွားသည်။ အစိုးရဘက်မှလည်း ရခိုင်ပြည်တွင်မည် သည့်လက်နက်ကိုင်မျှ နေရာချ ထားခြင်းမရှိစေရဆိုသည့်မူကို စွဲကိုင်ထားသည်ကို ဖော်ပြသည်။ သို့ဆိုလျှင် ငြိမ်းချမ်းရေး၏အလားအလာမှာ ကြိုက်သလို ဆက်လုပ်ဆိုသည့်သဘောပင်ဖြစ်သည်။ သို့သော်လက် နက်ရှိသူချင်းတိုက်ကြသည်က ပြဿနာမရှိသော်လည်း လက်နက် မဲ့ ပြည်သူများ နေ့စဉ်ရက်ဆက် ဖမ်းဆီးခံရခြင်း၊ လမ်းပြအဖြစ်ခေါ် ဆောင်ခြင်းများက စိုးရိမ်စရာဖြစ်လာသည်။

ပြည်သူအတွက် စိုးရိမ်စရာ

အားပေးမှုမှာ နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ အမျိုးမျိုးရှိကြမည်ဖြစ်ရာ ယင်းကဲ့သို့အားပေးမှု တစ်ခုခုကို မိမိတို့ဘက်မှ မှန်ကန်သောစေတနာနှင့်လုပ် ကိုင်ဆောင်ရွက်မှုများကိုပြပြီး ပြည်သူကိုသိမ်းသွင်း ဆွဲခေါ်ရမည့် အစား မကောင်းသူထိပ်၊ ကောင်းသူထိပ် ပြည်သူကြားထဲတွင် လက်နက်များ ပစ်ခတ်မှုသည်လည်း မှန်ကန်သော အဖြေမ ဟုတ်ပေ။ ပြည်သူနှင့် အစိုးရကြားတွင်ပို၍ တင်းမာသောအခြေ အနေကိုသာ ဖြစ်ပေါ်လာစေမည်ဟုသုံးသပ် မိသည်။ တပ်မတော်ဘက်ကလည်းပစ်သည် မဟုတ်၊ ဗဗ ဘက်ကလည်းပစ်သည်မဟုတ်၊ တစ်ဖက်တွင်လည်း ပြည်သူကပြောလျှင် တစ်ဖက်ဖက်ကဟုယူဆနေသမျှတော့ မှန်ကန်သော ဖြေရှင်းချက်လည်းပေါ်လာလိမ့်မည်မဟုတ်ပေ။ နောက်ထပ်လည်း မြို့လယ်တွင်၊ ရွာလယ်တွင်ကျရောက်လာမည့် စစ်ပွဲများကများနေဦးမည်သာ။

ကျော်လင်း(ရောင်စုံ)