မြန်မာ့နိုင်ငံရေးဓလေ့နှင့် ဒီမိုကရေစီနောက်ပြန်အရွေ့

မောင်ထွန်း

နိုင်ငံယဉ်ကျေးမှု (တစ်နည်း) နိုင်ငံရေးဓလေ့ဆိုတာ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လူ့အဖွဲ့အစည်းထဲမှာနေတဲ့ သူတွေရဲ့ သဘောထားအမြင်တွေ၊ ယုံကြည်ယူဆချက်တွေနဲ့ အခြေအနေတစ်ခု ဖြစ်ရပ်တစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ခံစား ချက်တွေနဲ့ဆက်စပ်တဲ့ အတွေးအမြင်တွေကိုဆိုလိုကြောင်း၊ အဲဒီအချက်တွေပဲ နိုင်ငံရေးစနစ်တစ်ခုမှာ စီမံအုပ်ချုပ်မှုဆိုင်ရာ အပြုအမူတွေ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ဖြစ်ပေါ်စေကြောင်းကို နိုင်ငံတကာ လူမှုရေးသိပ္ပံဆိုင်ရာ စွယ်စုံကျမ်းက နေဖွင့် ဆိုထားပါတယ်။ နောက်ပြီး နိုင်ငံရေးဓလေ့တွေဟာ လူ့အဖွဲ့အစည်းတစ်ခုဖြတ်သန်းခဲ့ရာ နိုင်ငံရေးစနစ်တွေရဲ့သမိုင်း ကြောင်းနဲ့  အဲဒီလူ့အဖွဲ့အစည်းထဲမှာနေထိုင်ကြတဲ့ လူတွေရဲ့ သမိုင်းကြောင်းနှစ်ခုစလုံးရဲ့ ထုတ်ကုန်လည်းဖြစ်ပါတယ်။ လူ့ အဖွဲ့အစည်းတစ်ခုရဲ့ နိုင်ငံရေးဓလေ့တွေဟာ အများပြည်သူဆိုင်ရာဖြစ်ရပ်တွေနဲ့ လူတစ်ဦးချင်းစီရဲ့ အတွေ့ အကြုံတွေအပေါ် မှာလည်း အမြစ်တွယ်နေပြန်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးစနစ်တစ်ခု ခိုင်မာအားကောင်းခြင်း ရှိမရှိကို လေ့လာရာမှာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးဓလေ့တွေကို သေချာလေ့လာပြီး လုပ်ကိုင်ဆောင်ရွက်လာကြတာကိုတွေ့ရပါတယ်။

လူ့အဖွဲ့အစည်းတိုင်းမှာ မတူညီတဲ့ နိုင်ငံရေးဓလေ့တွေရှိသလို မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း မတူညီတဲ့ နိုင်ငံရေး ဓလေ့တွေရှိပါတယ်။ မြန်မာ့နိုင်ငံရေးဓလေ့ဟာ နားလည်ရအလွန်ခက်ပါတယ်။ အထူးသဖြင့် ဗမာတွေရဲ့ နိုင်ငံရေးဓလေ့ဟာ ပိုပြီးနားလည်ရခက်ပါတယ်။ အဲဒီဓလေ့ကို သေချာနားလည်ထားမှုမရှိဘဲ (တစ်နည်း) မိမိဆန္ဒ ဒါမှမဟုတ် အကျိုးစီးပွားတစ်ခု ခုကြောင့် အဲဒီဓလေ့ကို လျစ်လျူရှုပြီးလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်မှန်သမျှဟာ အောင်မြင်မှုရရှိဖို့အလွန်ခက်ခဲ့ပါတယ်။ ဗမာတွေဟာ အုပ်ချုပ်သူအစိုးရတွေကို ဘုန်းရှင်ကံရှင် ပါရမီရှင်တွေလို့ တစ်ဖက်ကယုံကြည်လက်ခံထားသလို တစ်ဖက်က လည်း ရန်သူမျိုးငါးပါးထဲမှာထည့်ထားပါတယ်။ ဘယ်အချိန်မှာ ရန်သူမျိုးငါးပါးထဲထည့်ပြီး ဘယ်အချိန်မှာ ဘုန်းရှင်ကံရှင်လို့ သတ်မှတ်တယ်ဆိုတာ လူတစ်ဦးတည်းမှာတင် သူ့လုပ်ဆောင်ချက်နဲ့ အခြေအနေပေါ်လိုက်ပြီး ယုံကြည်သတ်မှတ်ကြတဲ့ လူမျိုးပါ။ ဒါကိုလည်း ဘာသာရေးသင်ကြားချက်အရ၊ သမိုင်းဆိုင်ရာ ဆိုရိုးစကားတွေအရ လူ့အဖွဲ့အစည်းထဲမှာ စွဲကပ်နေ ပါတယ်။

ဥပမာ အဇာတသတ်မင်းဟာအဖသတ်သားဖြစ်တဲ့အတွက် အဝီစိငရဲကိုသက်ဆင်းခဲ့ရပေမဲ့နောက်ပိုင်းမှာ ဗုဒ္ဓမြတ်စွာ ဘုရားနဲ့တွေ့ပြီးနောက် ဘာသာ၊ သာသနာပြန့်ပွားရေးကိစ္စတွေမှာကြိုးစားဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် လည်း နောင်တစ်ချိန်မှာ ဘုရားငယ်တစ်ဆူအနေနဲ့ပွင့်မယ်ဆိုတဲ့ ဘာသာရေးပို့ချချက်တွေ၊ လူပေါင်းများစွာကို သတ်ဖြတ်၊နိုင် ငံပေါင်းများစွာကိုကျူးကျော်သိမ်းပိုက်ခဲ့တဲ့ အသောကမင်းကြီးဟာသံဝေဂရပြီး သာသနာပြုမင်းအဖြစ်ဆောင်ရွက်ခဲ့တာအ ပေါ် ထောက်ခံကောင်းချီးပေးခဲ့မှုတွေ၊ နောက်ပြီးကျန်စစ်မင်းဟာ ဘုရင့်ဘဏ္ဍာဖြစ်တဲ့မဏိစန္ဒာကိုပစ်မှားခဲ့လို့ ကြာကူလီ အဖြစ်၊ ဝရမ်းပြေးအဖြစ်နဲ့ပုန်းရှောင်ခဲ့ရပေမဲ့ ရှင်ဘုရင်ဖြစ်လာတဲ့အခါမှာ သူ့ရဲ့စွမ်းဆောင်ချက်တွေကြောင့် လူအများကလက် ခံလာတယ်ဆိုတဲ့ သမိုင်းဆိုင်ရာပို့ချမှုတွေဟာ ဗမာ့လူ့အဖွဲ့အစည်းမှာစွဲကပ်နေပါတယ်။ အဲဒီအချက်တွေဟာ ဘာကိုပြောပြ နေသလဲဆိုရင် လူတစ်ဦးတစ်ယောက်ရဲ့ပြုမူဆောင်ရွက်မှုတွေကို ပြုမူဆောင်ရွက်ချက်ပေါ်မူတည်ပြီး လက်ခံခြင်း၊ ငြင်းပယ် ခြင်းကိုပြုမူဆောင်ရွက်တတ်တဲ့ အလေ့အထဓလေ့တစ်ခုရှိနေပါတယ်။ နောက်ပြီးအဲဒီအလေ့အထမှာ လက်ရှိတည်ဆဲပစ္စုပ္ပန် မှာ လူတစ်ဦးတစ်ယောက်တစ်သင်းတစ်ဖွဲ့ ပြုမူဆောင်ရွက်မှုအပေါ်မူတည်ပြီး ကောင်းသည်ဆိုးသည်ကို လက်ခံစဉ်းစားတဲ့ ဓလေ့ပါ။ အဲဒီဓလေ့တွေတည်ရှိနေတာလည်း  ဒီမိုကရေစီအယူအဆတွေမရောက်လာခင် ဟိုနှစ်ပေါင်း ၈ဝဝ ကျော်ကတည်း ကပါ။

ဒါ့အပြင် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း၊ အခြားသူများ၊ အခြားလူ့အဖွဲ့အစည်းကို အထင်သေးတတ်ခြင်းတွေ ဟာလည်း ဗမာ့နိုင်ငံရေးဓလေ့မှာတွေ့ရတတ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာနဲ့ထိ တွေ့ဆက်ဆံမှုနည်းခြင်း၊ နိုင်ငံတကာ ရေးရာ ကမ္ဘာ့ရေးရာတွေကို စိတ်ပါဝင်စားမှုနည်းခြင်းဟာလည်း မိမိကိုယ်ကိုယ်အထင်ကြီးတဲ့ စိတ်၊ မော်ကြွားတတ်တဲ့ စိတ်ဖြစ်ထွန်းဖို့ အတွက်အားပေးနေပြန်ပါတယ်။ ဒါကြောင့်သာပဲ ၁၉ရာ စုနှောင်းပိုင်းမှာ နယ်ချဲ့ အင်္ဂလိပ်နဲ့ဖြစ်တဲ့စစ်ပွဲတွေမှာ အရှုံးကြီးရှုံးခဲ့ရပြီး နောက်ပိုင်းမိမိတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကိုပါ လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ ဒီမှာလည်း သမိုင်း သင်ကြားသူ၊ ရေးသားသူတွေဟာ နယ်ချဲ့အင်္ဂလိပ်ရဲ့လောဘနဲ့ ကိုလိုနီနယ်ချဲ့ဝါဒကိုသာ အများစုပုံဖော်ခဲ့ကြပြီး မိမိတို့လူ မျိုးရဲ့ လက်ရှိအခြေအနေကို မသုံးသပ်တတ်မှု၊ စိတ်ကြီးဝင်မှု၊ မော်ကြွားမောက်မာမှုတွေကို သေချာသုံးသပ်ပြခြင်း မျိုးမရှိခဲ့ ခြင်းကလည်း အားနည်းချက်တစ်ခုပါ။ အဆင်အခြင်မဲ့ သူတစ်ပါးကိုအထင်သေးပြီး မိမိကိုယ်ယိုယ် အထင်ကြီးလွန်းခြင်း စိတ်အခံဟာလည်း ဗမာ့လူ့အဖွဲ့အစည်းမှာ အခုအချိန်အထိ ကိန်းအောင်းနေဆဲပါပဲ။

နောက်ပြီး လွတ်လပ်ရေးဆုံးရှုံးခဲ့မှုဟာ ဗမာ့လူ့အဖွဲ့အစည်းမှာ ဘယ်လိုမှလက်မခံနိုင်တဲ့ ထိုးနှက်ချက်ဖြစ်လာသလို စိတ်ဒဏ်ရာလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီသမိုင်းကြောင်းဆိုင်ရာ စိတ်ဒဏ်ရာကြောင့် အမျိုးသားရေးစိတ်ဓာတ် တွေ၊ တစ်ခါတစ်ရံအစွန်းရောက်မှုတွေ အားကောင်းလာဖို့အတွက် ရေခံမြေခံဖြစ်နေပြန်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နိုင်ငံခြားသားဆို မယုံကြည်မှု၊ လက်မခံမှု၊ (တစ်နည်း) နိုင်ငံခြားသားကြောက်ရောဂါဝင်လာပါတယ်။ တစ်ပြိုင်တည်းမှာပဲ အဲဒီနိုင်ငံခြားသားတွေနဲ့ ဘာသာရေးအရ ဆက်နွှယ်မှုရှိတဲ့ ကရင်လူမျိုးတွေ၊ ကချင်လူမျိုးတွေအပေါ် မယုံကြည်မှုတွေဟာ လည်းတိုးပွားလာပါတယ်။ အခုအချိန်ထိ မွန်နဲ့ယှဉ်ရင် ခရစ်ယာန် ကရင်တွေအပေါ်မှာအတူတူပဲလို တချို့ဗမာတွေ စိတ်ထဲ မှာ ခံစားလို့မရကြသေးပါဘူး။ နောက်ပြီး နိုင်ငံခြားသားအများစုရဲ့ ဗမာ့နိုင်ငံရေးဓလေ့အပေါ် နားလည်ထားမှု အားနည်း လွန်းခြင်း၊ ထည့်သွင်းစဉ်းစားမှု အားနည်းခြင်း (တစ်ခါတစ်ရံ နိုင်ငံခြားသားများ၏ ဒေသခံများအပေါ်အထင်သေးလွန်းခြင်း) စတဲ့လုပ်ဆောင်ချက်တွေ၊ မိမိအကျိုးစီးပွားအပေါ်အခြေခံပြီး လုပ်ဆောင်ချက်တွေဟာလည်း နဂိုရှိပြီးသား နိုင်ငံခြားသား ကြောက်ရောဂါကို (Xeno- phobia) ပိုဆိုးရွားစေပြန်ပါတယ်။ ဒီလိုယုံကြည်ယူဆချက်တွေဟာ ဒီမိုကရေစီနိုင်ငံရေး စနစ်ရဲ့ အဓိကအနှစ်သာရဖြစ်တဲ့ မတူညီတဲ့လူ့အဖွဲ့အစည်းတွေကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုအတွက် အဟန့်အတားဖြစ် နေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးအဖွဲ့ကိုလုပ်ကြံဖို့အတွက် ဦးစောဦးဆောင်တဲ့အဖွဲ့ကို အင်္ဂလိပ်စစ်တပ်က အရာရှိတွေ က ဘရင်းဂန်းအလက် ၂ဝဝ ထုတ်ပေးလိုက်တယ်ဆိုတဲ့ဖြစ်ရပ်ဟာ ဗမာတွေစိတ်ထဲမှာ အခုထက်ထိ မမေ့သေးပါဘူး။ လွတ်လပ်ရေးရပြီး ၁၉၅၂ ဝန်းကျင်မှာ တရုတ်ဖြူ ကူမင်တန်တွေရဲ့ကျူးကျော်မှု၊ အဲဒီကျူးကျော်မှုကို အမေရိကန်ရဲ့လက် နက်အင်အား၊ လူအင်အားနဲ့ငွေ အင်အားထောက်ပံ့မှု၊ အဲဒီအချိန်မှာ ကုလသမဂ္ဂအဖွဲ့ကြီးက တရားမျှတစွာဆုံးဖြတ်လုပ်ကိုင် နိုင်မှုမရှိခြင်းစတဲ့ဖြစ်ရပ်တွေဟာလည်း ဗမာတွေရဲ့စိတ်ထဲမှာ အနောက်နိုင်ငံဆိုတာ သူတို့အကျိုးစီးပွားအတွက်ဆို ဘာစံနှုန်း၊ ဘာ တရားမျှတမှုကိုမဆို လျစ်လျူရှုတတ်တဲ့သူတွေဆိုတဲ့ အမြင်ကို ပေါ်ထွန်းလာပါတယ်။ ခြုံပြောရရင် ဗမာတွေအနေနဲ့ အနောက်နိုင်ငံနဲ့ပတ်သက်လာရင် အခြား ကချင်၊ ကရင်တွေနဲ့နှိုင်းယှဉ်ပါက မယုံကြည်မှု၊ လက်မခံလိုမှုတွေ ပိုများပါတယ်။

ဦးနေဝင်းလက်ထက်မှာတော့ တံခါးပိတ်စီးပွားရေးစနစ်နဲ့အတူ ဗမာ့လူ့အဖွဲ့အစည်းမှာ နိုင်ငံခြားသားကို မယုံကြည်မှု၊ လက်မခံနိုင်မှုစတဲ့ဓလေ့ဟာ ပိုမိုကြီးမားလာပါတယ်။ ကမ္ဘာ့အရပ်ရပ်မှာ ဖြစ်တဲ့စစ်ပွဲတွေမှာ အမေရိကန်ဦးဆောင်တဲ့ အနောက်ကမ္ဘာရဲ့ပါဝင်စွက်ဖက်မှုတွေ၊ အထူးသဖြင့် ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲတွေမှာ အမေရိကန်ရဲ့အလွန်အကျွံ ပါဝင်မှု၊ စစ်ရေးအရဝင်ရောက်စွက်ဖက်မှုတွေဟာလည်း လက်တစ်ဆုပ်စာလူအနည်းငယ်က လွဲရင် အများစုအတွက်တော့ ခြိမ်းခြောက်မှုလို့ ယုံကြည်၏လက်ခံလာကြပါတယ်။

၈၈ ဒီမိုကရေစီအရေးတော်ပုံ မတိုင်ခင်အထိ ဗမာလူ့အဖွဲ့အစည်းမှာ အနောက်ကမ္ဘာနဲ့ပတ်သက်လာရင် အကောင်း မြင်မှုထက် အဆိုးမြင်မှုကပိုများပါတယ်။ အဲဒီအတွက်လည်း အာဏာရှင်အဆက်ဆက်က နည်းမျိုးစုံနဲ့ သွတ်သွင်းလုပ်ဆောင် ခဲ့ကြပါတယ်။ ၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ အနောက်ကမ္ဘာရဲ့ထောက်ခံမှုပံ့ပိုး ကူညီမှုတွေဟာ လူ့အဖွဲ့အစည်းအတွက် အရင်ကရှိခဲ့ဖူးတဲ့ အနောက်ကမ္ဘာပေါ်မှာ မြင်တဲ့အမြင်ကို အနည်းငယ် ပြေလျော့စေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း စစ် တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ခေတ် တစ်လျှောက်လုံးမှာ သာမန်ပြည်သူလူထုအတွက်ကတော့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိမှုအောက် ယခင်ကရှိခဲ့ဖူးတဲ့ဓလေ့တွေကို ခိုင်မာလာပြန်ပါတယ်။

၂ဝ၁၁ နောက်ပိုင်းမှာတော့ ကဏ္ဍများစွာမှာစစ်တပ်ရဲ့ ချုပ်ကိုင်မှုတွေရှိနေပေမဲ့လည်း ဗမာ့လူ့အဖွဲ့အ စည်းမှာဖြစ် တည်နေတဲ့ တချို့တွေးပုံခေါ်ပုံတွေ၊ ဓလေ့တွေပြောင်းလဲလာပါတယ်။ အဲဒီအထဲမှာအနောက်ကမ္ဘာနဲ့ အနောက်လူ့အဖွဲ့ အစည်းတွေအပေါ် သိမြင်လက်ခံမှုတွေလည်းပါပါတယ်။ အနောက်ရဲ့ကဏ္ဍစုံထောက်ပံ့ကူညီရေးအစီအစဉ်တွေကနေတစ် ဆင့် ယဉ်ကျေးမှုတွေ၊ စံနှုန်းတွေ၊ တန်ဖိုးတွေကူးလူးဆက်ဆံမှုအားကောင်းလာပါတယ်။ အဲဒီအထဲမှာ ဒီမိုကရေစီဓလေ့တွေ၊ တန်ဖိုးတွေ၊ လူသားဆိုင်ရာ အယူအဆတွေ အတွေးအခေါ်တွေပါ စတင်သိမြင်လေ့လာခွင့်၊ ထိတွေ့ခွင့်ရရှိလာပါတယ်။ ကာလအနည်းငယ်အတွင်းမှာ ထိတွေ့ခွင့်ရလိုက်ရုံနဲ့ ဗမာ့လူ့အဖွဲ့အစည်းထဲမှာ အဲဒီတန်ဖိုးတွေ၊ အယူအဆတွေကို ယုံကြည် လက်ခံလိုက်ပြီလို့ တထစ်ချသတ်မှတ်လိုက်လို့တော့မရပါဘူး။ လူ့အပြုအမူပြောင်းလဲခြင်း သီအိုရီအရ ပြန်လည်သုံးသပ် ဆန်းစစ်တဲ့အဆင့်၊ စမ်းသပ်ကျင့်သုံးတဲ့ အဆင့်ပဲရှိသေးပါတယ်။ သံတမန်အသိုင်းအဝိုင်းနဲ့ နီးစပ်နေသူ၊ အနောက်နိုင်ငံတွေ မှာ ပညာသင်ကြားခဲ့သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်နေသူ လက်တစ်ဆုပ်စာကိုကြည့်ပြီး ဗမာ့လူ့ အဖွဲ့အစည်းတစ်ခု လုံးအခြေအနေကို သုံးသပ်ဆုံးဖြတ်ခြင်းဟာ လက်တွေ့နဲ့ ဘယ်လိုမှမအပ်စပ်နိုင်ပါဘူး။

နောက်ပြီး ဒီမိုကရေစီစံနှုန်းတန်ဖိုးတွေဟာ ဒီလူ့အဖွဲ့အစည်းမှာ နှစ်ပေါင်းများစွာကတည်းက ရှိမနေပါဘူး။ဘယ်တုန်း ကမှလည်းမရှိခဲ့ပါဘူး။ ဘုရင်စနစ်ကျင့်သုံးခဲ့တဲ့ ကာလတစ်လျှောက်လုံး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုစည်းခွင့်၊ အုပ်ချုပ်သူအစိုးရကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခွင့်စတဲ့ ဒီမိုကရေစီအခွင့်အရေးတွေဟာ ပြည်သူလူထုအနေနဲ့ ဘယ်တုန်းကမှမရခဲ့ပါဘူး။ ပြည်သူလူထုဟာ အုပ်ချုပ်သူတွေအလိုကျ စစ်ဖြစ်တဲ့အခါမှာ စစ်တိုက်ရပြီး၊ စစ်မဖြစ်တဲ့အခါမှာ စပါးစိုက်ခဲ့ကြရတဲ့ သူတွေပါ။ ဘုန်းကြီးကျောင်းပညာရေးစနစ်နဲ့ကြီးပြင်းခဲ့ရသူတွေဖြစ်လို့ ဘုန်းကံအကြောင်း၊ ရှေးဘဝ ကံကြမ္မာအကြောင်းကို လက်ခံယုံကြည်ခဲ့ကြသူတွေပါ။ ဒါကြောင့်လည်း ဘုရင်(အုပ်ချုပ်သူတွေ)ကို ရွေးချယ်ဖို့ ဝေဖန်ပြော ဆိုဖို့အတွက် သာမန်ပြည်သူလူထုအနေနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အရာတစ်ခုလို့ လက်ခံယုံကြည်ထားပြန်ပါတယ်။

နောက်ပြီး ဗမာ့လူ့အဖွဲ့အစည်းအပါအဝင် အာရှလူ့အဖွဲ့အစည်းတွေဟာ လူတစ်ဦးချင်းတန်ဖိုးထက် လူ့အဖွဲ့အစည်း ကောင်းကျိုး၊ လူ့အဖွဲ့အစည်းတည်မြဲဖို့ကို အဓိက ဦးစားပေးသူတန်ဖိုးထားကြတဲ့ လူ့အဖွဲ့အစည်းပါ။ နှိုင်းယှဉ်ချက်အနေနဲ့ အနောက်ရဲ့လစ်ဘရယ်တန်ဖိုး ဒီမိုကရေစီတန်ဖိုးတွေဟာ လူသားတစ်ဦးချင်းစီကို အလေးထားတဲ့ ဦးစားပေးစဉ်းစားထားပါ တယ်။ လစ်ဘရယ်ဒီမိုကရေစီဟာ Individualist culture (တစ်ဦးချင်းတန်ဖိုးကို အလေးထားသောယဉ်ကျေးမှု)ကို ပိုအလေး ထားပါတယ်။ ဒါကြောင့် အဲဒီလစ်ဘရယ်တန်ဖိုးတွေ၊ ဒီမိုကရေစီတန်ဖိုးတွေဟာ တန်ဖိုးရှိသလောက် ဗမာ့လူ့အဖွဲ့အစည်းမှာ အနှစ်နှစ်အလလကတည်ရှိနေတဲ့ တန်ဖိုးတွေနဲ့တော့ ဝိရောဓိဖြစ်နေပါတယ်။ ဒါကို အတင်းဇွတ်မှိတ်ပြီး အမျိုးတော် လို့မရပါဘူး။

ဒါပေမဲ့ ဒီမိုကရေစီဟာ အခြားစနစ်တွေထက် ပိုကောင်းတဲ့အတွက်အဲဒီစနစ်၊ အဲဒီတန်ဖိုးတွေကို ဒီလူ့အဖွဲ့အစည်းမှာ ပြုစုပျိုးထောင်ဖို့၊ စိုက်ထူဖို့ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ မီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ ဒီမိုကရေစီဆိုတာ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနှင့်သာ သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပါတယ်။ အဲဒီအတွက် လူ့အဖွဲ့အစည်းမှာနေထိုင်သူတွေမှာ ဒီမိုကရေစီ အသိစိတ် (ရေချိန်) မြင့်နေဖို့၊ ခိုင်မာအားကောင်းနေဖို့ လိုပါတယ်။ လူ့အဖွဲ့အစည်းမှာ နေထိုင်သူတွေအားလုံးဟာ ဒီမိုကရေစီ အသိပညာတွေ၊ အလေ့အထတွေကိုနားလည် လက်ခံကျင့်သုံးမှ ဒီမိုကရေစီစနစ်ဟာ ရေရှည်ခံမှာဖြစ်ပါတယ်။ အဲလိုမဟုတ် ဘဲ ခေါင်းဆောင်တွေ၊ ပညာတတ်တွေလောက်ပဲ ဒီမိုကရေစီအသိစိတ်ရှိနေပြီး ကျန်တဲ့သူတွေမှာ ရှိမနေဘူးဆိုရင် ဒီမိုကရေစီ နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ဖြစ်တည်လာဖို့အလွန်ပဲခက်ခဲပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ၁၈ ရာစု ပြင်သစ်အတွေးအခေါ်ပညာရှင် မွန်တက်စကျူနဲ့ ၁၉ရာစု အတွေးအခေါ်ပညာရှင် ဂျွန်စ တူးတေးမီးလ်တို့က နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီကျင့်ထုံးစနစ်တွေ တည်ဆောက်ဖို့ဆိုရင် အဲဒီလူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု နဲ့သဟဇာတဖြစ်မှ တည်ဆောက်လို့ရမယ်လို့ပြောခဲ့ပါတယ်။ လူတွေဟာ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးစနစ်ကိုပဲ ကျင့်သုံးလိုကြပြီးမကိုက်ညီတဲ့ ယဉ်ကျေးမှုစနစ်ကို တဖြည်းဖြည်းနဲ့ ပြောင်းလဲကျင့်သုံးလိုမှု နည်းပါးကြတယ်လို့ဆိုခဲ့ကြပါ တယ်။  တချို့ပညာရှင်တွေကတော့ ယဉ်ကျေးမှုတွေဟာ ဒီမိုကရေစီကိုဟန့်တားတဲ့ အရာဖြစ်တယ်ဆိုတဲ့အမြင်နဲ့ ပြောဆို ကြပြီးတစ်ချိန်တည်းမှာပဲ ယဉ်ကျေးမှုကပဲ ဒီမိုကရေစီကိုဖော်ဆောင်တဲ့အခါမှာ အထောက်အကူဖြစ်တယ်လို့လည်း ကောက် ချက်ချသူတွေရှိနေပြန်ပါတယ်။ ဟန်တင်တန်ကတော့ သူ့ရဲ့ The Clash of Civilization (ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း)ဆို တဲ့စာအုပ်မှာ ယနေ့ကမ္ဘာမှာ လစ်ဘရယ်အယူအဆတွေဖြစ်တဲ့ တစ်သီးပုဂ္ဂလဝါဒ၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေး၊ တရား ဥပဒေစိုးမိုးရေး၊ လွတ်လပ်တဲ့ ဈေးကွက်၊ ဒီမိုကရေစီ၊ နိုင်ငံရေးနဲ့ ဘာသာရေးကို ခွဲခြားခြင်း စတာတွေဟာ အစ္စလာမ်၊ ကွန်ရှပ်၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာအတွေးအခေါ် လွှမ်းမိုးတဲ့ယဉ်ကျေးမှုစနစ်တွေနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူးဆိုပြီး ဝေဖန်ဆွေး နွေးထားပါတယ်။

လစ်ဘရယ်တန်ဖိုးတွေ၊ ဒီမိုကရေစီအယူအဆတွေ တည်ဆောက်နေဆဲကာလ၊ အသွင်ကူးပြောင်းမှုကာလမှာ လူမျိုး ရေး ဘာသာရေးအစွန်းရောက်လှုပ်ရှားမှုတွေ ပေါ်ထွက်လာတတ်တယ်ဆိုတာ ဒီမိုကရေစီအသွင်ကူးပြောင်း ကာလမှာ နိုင်ငံ အများစုတွေ့ကြုံနေကျပြဿနာပါ။ မြန်မာပြည်မှာလည်း ၂ဝ၁၂ နောက်ပိုင်းမှာ သိသိသာသာခေါင်းထောင်လာပါတယ်။ ဒီမှာ ပိုပြီးအတွဲအစပ်ညီသွားတာက နိုင်ငံတကာမှာလည်း လက်ယာအယူအဆ အားကောင်းမှု လှိုင်းဂယက်ထနေတဲ့အချိန်နဲ့ပါ။ လက်ယာအယူ အဆမှာ Identity ဖြစ်မှုပေါ်မူတည်ပြီး အစ္စလာမ်၊ ခရစ်ယာန်စတဲ့ ဘာသာရေးအပေါ်မှာ လူဖြူ၊ တိုင်းရင်း သား၊ မူရင်းဌာနေစတဲ့ ဖြစ်မှုပေါ်မှာရောမူတည်ပြီး အားကောင်းလာပါတယ်။ နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ လက်ယာလှိုင်းဟာ မြန်မာ့ဒီမိုကရေစီအကူးအပြောင်းမှာလည်း လာဂယက်ရိုက်ပါတယ်။ အဲဒီဂယက်က နိုင်ငံရေးနဲ့ဘာသာရေး သီးခြားကင်း လွတ်ခြင်းမရှိတဲ့ မြန်မာပြည်အတွက် ခေါင်းထောင်ခါစ အမျိုးသားရေးဝါဒကိုပိုဆိုးရွားလာစေပါတယ်။ အထူးသဖြင့် ဗမာ့လူ့ အဖွဲ့အစည်းကို အစိုးရအဖွဲ့အစည်းတွေနဲ့အပြိုင် လွှမ်းမိုးချုပ်ကိုင်နိုင်တာက သံဃာ့အဖွဲ့အစည်းပါ။ ရဟန်းသံဃာအချို့ရဲ့ ဦးဆောင်မှုနဲ့အတူ အားကောင်းလာတဲ့ အမျိုးသားရေးအလံဟာ ရွေးကောက်ပွဲအပြီး အစိုးရသစ်ရဲ့စွမ်းဆောင်နိုင်မှုကို စိန် ခေါ်လာပါတယ်။ ထို့အတူ အစိုးရသစ်အနေနဲ့ စစ်တပ်နဲ့ အကူးအပြောင်းကာလ ယုံကြည်မှုတည်ဆောက်ဆဲကာလမှာ ရခိုင် ပြည်နယ်မြောက်ပိုင်းအရေး ဖြစ်ပေါ်လာပါတယ်။ အစိုးရသစ်ဟာ စစ်တပ်ကိုမထိန်းချုပ်နိုင်ပါဘူး။ ထို့အတူ စစ်တပ်ကို လက်တွဲထားနေရပြန်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြတဲ့သူတွေ အထူးသဖြင့် ရိုဟင်ဂျာတွေဟာလည်း လူ့အခွင့်အရေးဆုံးရှုံးမှု၊ ခွဲခြားဆက်ဆံမှုဒဏ်ကို နှစ်ပေါင်းများစွာကတည်း ကခံစားနေကြရသူတွေပါ။ ဒါပေမဲ့ ခေတ်အဆက်ဆက် အထူးသဖြင့်  ဦးနေဝင်းအာဏာသိမ်းပြီးကတည်းက အုပ်ချုပ်သူအစိုးရတွေအနေနဲ့ သူတို့ကို ဗမာ့လူ့အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဘယ်တုန်းကမှထည့် သွင်းမစဉ်းစားခဲ့ပါဘူး။ အခြားသူတွေ ခိုးဝင်တွေ ကျူးကျော်သူတွေအဖြစ် ပုံဖော်ထားမှုဟာ လူ့အဖွဲ့ အစည်း တစ်ခုလုံးကလက်ခံထားပါတယ်။ အနှစ်နှစ်အလလက လက်ခံထားမှုကို စာတစ်ပုဒ်တည်း အဖြစ်အပျက်တစ်ခု တည်းနဲ့ ပြောင်းလဲပစ်လို့မရပါဘူး။

နိုင်ငံရေး အကူးအပြောင်းကာလမှာ ခေတ်အဆက်ဆက် လူ့အခွင့်အရေးဆုံးရှုံးမှုတွေ တွေ့ကြုံနေရသူတွေဟာ လည်း သူတို့နည်းသူတို့ဟန်နဲ့ နည်းမျိုးစုံသုံးပြီး လှုပ်ရှားဆောင်ရွက်လာပါတယ်။ အစပထမမှာ သိပ်မသိသာပေမဲ့ ၂ဝ၁၆ ခုနှစ်တိုက်ခိုက်မှုတွေနောက်ပိုင်း ကမ္ဘာ့မီဒီယာတွေမှာနေရာယူလာပါတယ်။ အဲဒီအတွက်လည်း ဗြိတိန်နိုင်ငံနဲ့ အစ္စလာမ် နိုင်ငံ များကများစွာ ကူညီပံ့ပိုးခဲ့ကြပါတယ်။ နိုင်ငံတကာမှာရို ဟင်ဂျာအရေးဆောင်ရွက်သူတွေရဲ့ ဆွဲဆောင်စည်းရုံးနိုင်မှု၊ နိုင်ငံ တကာအဖွဲ့အစည်းပေါင်းစုံရဲ့ အားပေးကူညီပံ့ပိုးမှုတွေ၊ အကြမ်းဖက်အဖွဲ့အစည်းအချို့ရဲ့ ကူညီမှုတွေနဲ့အတူ ရိုဟင်ဂျာ အရေးဟာ အနုနည်း အကြမ်းနည်းမျိုးစုံနဲ့ မြန်မာ့အရေးမှာ အခြားအရေးများစွာကို ကျော်လွန်ပြီး အဓိက အရေးကိစ္စအနေနဲ့ နေရာယူလာပါတယ်။ ဒီမှာလည်း အနောက်ကမ္ဘာမှာ ရိုဟင်ဂျာတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လျစ်လျူရှုထားမှုဟာ သူတို့ကို မျှမျှတတပြောဆိုဆောင်ရွက်သူတွေ အဖြစ်လက်ခံဖို့ ဗမာပြည်သူတွေကိုသံသယဝင်စေပါတယ်။ ဒါဟာ တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှုကို သတိရစေပါတယ်။ နိုင်ငံခြားသားကြောက်ရောဂါရှိနေတဲ့ လူ့အဖွဲ့အစည်း၊ နိုင်ငံခြားကျူးကျော်မှု ဒဏ်ကိုခံခဲ့ရပြီး လွတ်လပ်ရေးဆုံးရှုံးခဲ့ဖူးတဲ့ လူ့အဖွဲ့အစည်းမှာရှိတဲ့ လူတွေရဲ့ရှိဆဲဓလေ့တွေနဲ့ သွားထိပ်တိုက်တိုးမိခဲ့ပါတယ်။

တခြားကမ္ဘာဘယ်နေရာနဲ့မှမတူဘဲ မြန်မာ့နိုင်ငံရဲ့ ရိုဟင်ဂျာအရေးကိစ္စကျမှ အနောက်နိုင်ငံရဲ့ လူသားတန်ဖိုး အကြောင်း လူ့အခွင့်အရေးအကြောင်း တသွင်သွင်ပြော ဆိုလာမှုတွေ၊ နည်းမျိုးစုံနဲ့ အစိုးရသစ်အပေါ် တိုက်ခိုက်လာမှု၊ ဖိအားပေးလာမှုတွေဟာ ဗမာ့လူ့အဖွဲ့အစည်းတွေ မှာရှိတဲ့  ပြည်သူလူထုအတွက်တော့ မျက်စိလည်စရာဖြစ်လာပါတယ်။ တစ်ပြိုင်တည်းမှာပဲ အနောက်ကမ္ဘာမှာ ထားရှိခဲ့တဲ့ အားကိုးယုံကြည်မှုတွေလည်း တစ်နေ့တခြားနည်းသထက်နည်းလာပါ တယ်။ အထူးသဖြင့် ပြည်တွင်းမှာ ဗမာအများစုရဲ့ထောက်ခံမှုကိုရယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ကို အင်္ဂလန် နိုင်ငံကဦးဆောင်ပြီးပုတ်ခတ်မှုတွေ၊ ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်လာခြင်း ဟာ ဗမာလူမျိုးအများစုအတွက် ဘယ်လို့မှ လက် သင့်မခံနိုင်တဲ့ကိစ္စပါ။

အနောက်နိုင်ငံရဲ့ ဓလေ့တွေအရတော့ နိုင်ငံခေါင်းဆောင်တစ်ယောက်ကို အဲလိုပြောဆိုတာ သိပ်မထူးဆန်းပေမဲ့ ဗမာ့လူ့အဖွဲ့အစည်းအတွက်ကတော့ ဒါဟာ ဗမာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို စော်ကားတာနဲ့အတူတူပါ။ အနောက်ရဲ့ပြောဆို မှုတွေကို နားထောင်လိုစိတ်၊ လက်ခံစဉ်းစားလိုစိတ်တွေ နည်းပါးလာပြီး ငြင်းဆိုမှုတွေများသထက်များလာပါတယ်။ အစ ပထမမှာတော့ အချက်အလက်အခြေခံပြီး ပြောဆိုတာတွေရှိလာပေမဲ့ နောက်ပိုင်းမှာ ခံစားချက်များပေါ်မူတည်ပြီး ပြောဆိုမှု တွေ ငြင်းဆန်မှုတွေပြုလုပ်လာပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာ့အသိုင်းအဝန်းမှာစတင်ဝင်ဆံ့ဖို့ ကြိုးစားနေဆဲကာလမှာ အားလုံးကို နောက်ပြန်ဆုတ်စေပါတယ်။ ဥပမာအနေနဲ့ပြောရရင် ကမ္ဘာ့ပြတင်းပေါက်ကို ချောင်းကြည့်ဖို့ ကြိုးစားနေဆဲမှာ မျက်နှာကို ရေခဲရေနဲ့အပက်ခံလိုက်ရသလိုပါပဲ။

အနောက်ကို ငြင်းဆန်မှုနဲ့ အတူပြုစုပျိုးထောင်ဆဲ လစ်ဘရယ်တန်ဖိုးတွေ၊ ဒီမိုကရေစီတန်ဖိုးတွေအပေါ် မေးခွန်း ထုတ်လာပါတယ်။ သံသယလည်းဝင်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ လူ့အခွင့်အရေးအကြောင်းပြောဆိုသူ တွေ၊ လုပ်ဆောင်နေသူတွေကို အနောက်အလိုတော်ရိတွေ၊ အမျိုးသားသစ္စာဖောက်တွေ အဖြစ်ပုံဖော်ပြောဆိုလာမှုတွေ၊ ဆန့်ကျင်လာမှုတွေဟာ အမျိုးသားရေးဝါဒနဲ့အတူ အားကောင်းသထက်ကောင်းလာပါတယ်။ နောက်ပြီး အနောက် နိုင်ငံတွေ ရဲ့ အလွန်အမင်းဖိအားပေးအကျပ်ကိုင်မှုတွေကို မလွန်ဆန်နိုင်တဲ့အဆုံး ရိုဟင်ဂျာတွေအပါအဝင် မွတ်ဆလင်တွေအပေါ်မှာ မနှစ်မြို့မှုတွေများလာပါတယ်။ အမုန်းတရားတွေ၊ ခါးသီးနာကြည်းမှုတွေ တိုးပွားလာနေပါတယ်။ အဲလိုအမုန်းက တရားတွေ၊ ခါးသီးနာကြည်းမှုတွေဟာ ကာလကြာရှည်လာရင် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ကတော့ ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုများစေတယ်ဆိုတာ အနောက်နိုင်ငံနြဲ့ပည်တွင်းက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ ထည့်သွင်းစဉ်းစားထား ဖို့လိုပါတယ်။ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဘက်စုံစဉ်းစားပြီးမှ ပြောဆိုလုပ်ဆောင်ဖို့ လိုပါတယ်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဗမာ့နိုင်ငံရေးဓလေ့အပေါ် ထည့်သွင်းစဉ်းစားမှု အားနည်းပြီး လုပ်ဆောင် မှုတွေကြောင့် ရိုဟင်ဂျာကိစ္စကို လူ့အခွင့်အရေးကိစ္စလို့ ယုံကြည်လက်ခံလာသူ နည်းသထက်နည်းလာပါတယ်။ ဒီကိစ္စဟာ အနောက်နဲ့ မွတ်စလင်ကမ္ဘာက မြန်မာနိုင်ငံအပေါ်၊ မြန်မာ့လူ့အဖွဲ့အစည်းအပေါ် အုပ်စုဖွဲ့အနိုင်ကျင့်မှုလို့ မြင်သထက်မြင် လာပါတယ်။ လူထုရဲ့ထင်မြင်ယူဆမှု ခိုင်မာအားကောင်းလာဖို့အတွက် စစ်အုပ်စုကလည်း နည်းမျိုးစုံနဲ့ပုံဖော်လာပြန်ပါတယ်။ အနောက်ရဲ့ ရိုဟင်ဂျာကိစ္စအပေါ် ဖိအားပေးတောင်းဆိုနေမှုတွေဟာ ပြည်ပရန်ခြိမ်းခြောက်မှုလို့လည်း တစ်နေ့တခြား ယုံကြည်လာပါတယ်။ အဲလိုယုံကြည်လောက်အောင်လည်း သမိုင်းကြောင်းအရ ၁၈၈၅ မှာ တစ်ခါကြုံခဲ့ရဖူးသလို လက်ရှိ ခေတ်ကာလမှာလည်း အာဖဂန်နဲ့ အီရတ်မှာ လတ်တလောကြုံဆုံနေရပါတယ်။ ဒီလိုနဲ့တည်ရှိဆဲ ဗမာ့လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးရေခံမြေခံနဲ့ လစ်ဘရယ်တန်ဖိုးတွေ ပြုစုပျိုးထောင်မှု အားမကောင်းခင်မှာ နိုင်ငံအချုပ်အခြာအာဏာသည် အရေး ကြီးဆုံးဆိုတဲ့ အဆိုဟာ အားကောင်းသထက် အားကောင်းလာတယ်။ ဒီမိုကရေစီတန်ဖိုးတွေ၊ လူသားတန်ဖိုးတွေဟာ အချုပ် အခြာဆိုတဲ့ခေါင်းစဉ်အောက် တဖြည်းဖြည်းမှုန်ဝါးလာပါတော့တယ်။

ပြည်သူလူထုအတွင်းမှာ ဒီမိုကရေစီစံနှုန်းအပေါ်၊ နိုင်ငံရေးစနစ်အပေါ်ထောက်ခံမှု၊ သက်ဝင်ယုံကြည်မှု၊ နားလည်မှု အားနည်းလာခြင်းဟာ ဒီမိုကရေစီအရွေ့တစ်ခုကိုသွားနေတဲ့ မြန်မာနိုင်ငံအတွက် တော့အလွန်အမင်းစိုးရိမ် စရာကိစ္စ တစ်ခုပါ။ လူထုရဲ့နိစ္စဓူဝလိုအပ်ချက်တွေနဲ့ ဒီမိုကရေစီစံနှုန်းတွေကို တွဲစပ်ပေးနိုင်အောင်ကြိုးစားဖို့၊ အဲလိုကြိုးစားတဲ့အခါမှာ လည်း ဆင့်ကဲဆင့်ကဲ တိုးတက်ပြောင်းလဲမှုနည်းလမ်းကို အလေးထားစဉ်းစားလုပ်ဆောင်ဖို့၊ လူထုကြား ဒီမိုကရေစီနှုန်းစံ တန်ဖိုးတွေကို သိမြင်လက်ခံမှုတိုးတက်လာဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ဖို့အတွက် ဒီမိုကရေစီကိုသက်ဝင် ယုံကြည်သူတွေအနေနဲ့ အထူးအားစိုက်ဆောင်ရွက်ဖို့လိုပါတယ်။

အလားတူပဲ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအရေး ကူညီဆောင်ရွက်ပေးနေသူတွေအနေနဲ့လည်း ဗမာ့လူ့ အဖွဲ့အစည်းမှာ ဒီမိုကရေစီအုတ်မြစ် ခိုင်ခိုင်မာမာအခြေချနိုင်ဖို့အတွက် လုပ်ဆောင်နေကြတဲ့ မိမိတို့ရဲ့လုပ်ဆောင်ချက်တွေ ကို ပြန်လည်သုံးသပ်ဖို့၊ ပိုမိုထိရောက်တဲ့နည်းလမ်းအသစ်တွေကို ပြန်လည်ရှာဖွေဖော်ထုတ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အဲလို ဆောင်ရွက်ရာမှာတည်ရှိ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးဓလေ့တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဲလိုထည့်သွင်းစဉ်း စားထားမှုမရှိရင်ကတော့ လက်ရှိနိုင်ငံရေးဓလေ့တွေကြောင့်ပဲ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာ နောက်ပြန်လန်ကျဖို့ပဲရှိပါ တော့တယ်။

ကိုးကား

  1. Burmese Political Values by Maung Maung Gyi, 1983.
  2. Democratization briefing paper, G.Bingham Powell, University of Rochester & Eleaner N.Powell, Harvard University
  3. International Crisis Group Report, Myanmar: A New Muslim Insurgency in Rakhine State, 15 December 2016
  4. Matthew J.Walton, Buddhism, Politics and Political Thought in Myanmar, 2017
  5. The Clash of Civilization and The Remarking of World Order, Samuel P.Huntington

၆.       ဗုဒ္ဓနဲ့ ဗုဒ္ဓဝါဒ၊ ဦးအေးမောင်၊ ဇူလိုင်လ၊ ၂ဝ၁၇။