မြန်မာနိုင်ငံတွင် မရှိမဖြစ်လိုအပ်နေသည့် စီမံခန့်ခွဲရေး တရားရုံး

 

 

ရာဇဝတ်တရားရုံး (criminal court)၊ တရားမတရားရုံး (civil court) များ နိုင်ငံတိုင်းလိုလိုတွင် ရှေးမဆွကတည်းက ရှိနေခဲ့ကြသည်။ စီမံခန့်ခွဲရေးတရားရုံးများ (administrative courts)ကိုမူ နောက်ပိုင်းမှ လိုအပ်ချက်အရ ဖော်ဆောင်တည် ထောင်လာကြသည်။ ဥရောပနိုင်ငံများတွင် စီမံခန့်ခွဲရေးတရားရုံးများ ပေါ်လာသည်မှာ အခြားနိုင်ငံများထက်စောသည်။ အာရှ နိုင်ငံတချို့မှာတော့ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်ကမှ ပေါ်လာသည်။ စီမံခန့်ခွဲရေးတရားရုံး မရှိသေးသည့် နိုင်ငံများ လည်းရှိသည်။ သို့သော် စီမံခန့်ခွဲရေး တရားရုံးများ ဖော်ဆောင်ရန် တွန်းအားပေးနေသည့် အချက်များခိုင်မာစွာဖြစ်ပေါ်နေရာ မရှိသေးသည့် နိုင်ငံများတွင်လည်း အနှေးနှင့် အမြန်ဖော်ဆောင်လာပေလိမ့်မည်။ မြန်မာ နိုင်ငံတွင်လည်း စီမံခန့်ခွဲရေး တရားရုံး ဖော်ဆောင်ရန်လိုအပ်ချက် သိသိသာသာကြီးရှိနေသည်။

 

စီမံခန့်ခွဲရေး ဥပဒေ

နိုင်ငံတိုင်းတွင် ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းသော အကြောင်းအရာအမျိုးမျိုးအလိုက် ဥပဒေမျိုးစုံရှိကြသည်။ ဥပမာ အကောက်ခွန်ဥပဒေ၊ နိုင်ငံသားဖြစ်ခြင်းဆိုင်ရာဥပဒေ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေစသဖြင့်ဖြစ်သည်။ အစိုးရဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ထိုဥပဒေများကို လိုက်နာကျင့်သုံးကြရသည်။ ဥပမာ အခွန်ဥပဒေကို အကောက်ခွန် ဌာန၊ အခွန်ဦးစီးဌာနများက လုပ်ငန်းအကောင်အထည်ဖော်ရာတွင် လိုက်နာကျင့်သုံးရသည်။ အစိုးရဌာနများ လုပ်ငန်းအကောင်အထည်ဖော်ခြင်းကို နိုင်ငံရေးဝေါဟာရအရ ပြည်သူ့စီမံခန့်ခွဲရေး (public administration)ဟု ခေါ်သည်။ ပြည်သူ့စီမံခန့်ခွဲရေးလုပ်ရာတွင် လိုက်နာကျင့်သုံးရသည့် ဥပဒေအားလုံးကို လွှမ်းခြုံပြီး စီမံခန့်ခွဲရေးဥပဒေ (administrative law)ဟုခေါ်သည်။ ထို့ကြောင့် စီမံခန့်ခွဲရေး ဥပဒေဟုပြောလျှင် အစိုးရဌာနပေါင်းစုံက လုပ်ငန်း အကောင်အထည်ဖော်ရာတွင် လိုက်နာကျင့်သုံးရသော ဥပဒေအများအပြားကို ရည်ညွှန်းခြင်းဖြစ်သည်။

စီမံခန့်ခွဲရေး ဥပဒေပြဋ္ဌာန်းချက်များသည် နိုင်ငံသားများ၊ စီးပွားရေးကုမ္ပဏီများ၊ တစ်သီးပုဂ္ဂလအဖွဲ့အစည်းများ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များ (duties)၊ ခံစားခွင့်များ (rights)၊ နစ်နာမှုဖြစ်ပါက ကုစားနိုင်မည့် နည်းလမ်းများ စသည်တို့ကို ပြဋ္ဌာန်းထားသည့် အများပြည်သူနှင့်ဆိုင်သော ဥပဒေ (public law) တစ်မျိုးလည်းဖြစ်သည်။ အစိုးရဌာနများနှင့် နိုင်ငံသား များအကြား ဖြစ်ပေါ်သောကိစ္စများကို ဥပဒေကြောင်းအရ ဖြေရှင်းရာတွင် လိုက်နာကျင့်သုံးရသော ဥပဒေတစ်မျိုးဖြစ် သည်ဟုလည်း ပညာရှင်တချို့ကဆိုသည်။

 

စီမံခန့်ခွဲရေးတရားရုံး

စီမံခန့်ခွဲရေးတရားရုံးဆိုသည်မှာ စီမံခန့်ခွဲရေးဥပဒေ ကျင့်သုံးမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသော အငြင်းပွားမှုများကို ကြားနာရန် တည်ထောင်ထားသော တရားရုံးဖြစ်သည်။ စီမံခန့်ခွဲရေးဥပဒေကို အစိုးရဌာနများက အကောင်အထည်ဖော်ရာ တွင် ဆုံးဖြတ်ချက်ချမှတ်ခံရသည့် နိုင်ငံသား သို့မဟုတ် ကုမ္ပဏီသို့မဟုတ် အဖွဲ့အစည်းက နစ်နာမှုရှိသည်ဟုခံစားရပါက စီမံ ခန့်ခွဲရေးတရားရုံးများတွင် လျှောက်ထား တရားစွဲဆိုနိုင်သည်။

စီမံခန့်ခွဲရေးဥပဒေများ နိုင်ငံတိုင်းလိုလိုတွင်ရှိသည်။ သို့သော် စီမံခန့်ခွဲရေး ဥပဒေရှိတိုင်း စီမံခန့်ခွဲရေးတရားရုံးများရှိ သည်ဟု မပြောနိုင်ပါ။ စီမံခန့်ခွဲရေး တရားရုံးမရှိသည့် နိုင်ငံအများအပြားရှိသည်။ သို့သော် စီမံခန့်ခွဲရေးတရားရုံးတည်ထောင် ဖို့ တွန်းအားဖြစ်စေသည့် အကြောင်းခြင်းရာများ နိုင်ငံတိုင်းလိုလိုမှာ မြင့်တက်လာနေသည်။ ထိုအထဲတွင် ဈေးကွက်စီးပွား ရေး စနစ်ပီပီပြင်ပြင် ကျင့်သုံးနိုင်ရေးဆိုသည့် အချက်လည်းပါဝင်သည်။

ယခုအခါ ဒီမိုကရေစီနိုင်ငံအတော် များများတွင် စီမံခန့်ခွဲရေးတရားရုံးများရှိသည်။ တိုင်းပြည်တွင် ကျင့်သုံးနေသည့် ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ လစ်ဘရယ်ဒီမိုကရေစီ စသည့် နိုင်ငံရေးအတွေးအခေါ်ကို အခြေခံသည့် နိုင်ငံရေးစနစ်၊ တစ်ပြည် ထောင် (unitary)၊ ဖက်ဒရယ် (federal) စသည့် အာဏာဖြန့်ကြက်မှုဆိုင်ရာ နိုင်ငံရေးစနစ်၊ ဝန်ကြီးချုပ်ဦးဆောင်သည့် ပါလီ မန်ဒီမိုကရေစီအစိုးရ (parliamentary type of government)၊ သမ္မတဦးဆောင် အစိုးရ (presidential type of government) စသည်တို့အပေါ် အခြေခံသည့် အစိုးရစနစ်၊ ဗဟိုမှထိန်းချုပ်သည့် စီမံကိန်းစီးပွားရေး (planned economy)၊ ဈေးကွက်စီးပွား ရေး (market economy) စသည့် စီးပွားရေးစနစ်၊ Common Law, Civil Law စသည့် ဥပဒေစနစ်များအပေါ် မူတည်ပြီး စီမံခန့်ခွဲရေး တရားရုံးများ တည်ထောင်ထားပုံနှင့် အာဏာကျင့်သုံးပုံမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံခြားနားမှုများ ရှိတတ်သည်။

အနောက်နိုင်ငံများမှ စီမံခန့်ခွဲရေး တရားရုံး များ

ဂျာမနီ၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂရိ၊ ပေါ်တူဂီ အပါအဝင် ဥရောပနိုင်ငံအများစုတွင် စီမံခန့်ခွဲရေး တရားရုံး များကို အဆင့်သုံးဆင့်ထား၍ တည်ထောင်ထားသည်။ စီမံခန့်ခွဲရေးဆိုင်ရာ အငြင်းပွားမှုများကို မူလကြားနာသည့် အောက် အဆင့်စီမံခန့်ခွဲရေးတရားရုံး (local administrative court)၊ ထိုရုံး၏ဆုံးဖြတ်ချက်ကို အယူခံနိုင်သည့် အယူခံစီမံခန့်ခွဲရေး တရားရုံး (appeal administrative court)နှင့် အမြင့်ဆုံး စီမံခန့်ခွဲရေးတရားရုံးချုပ် (supreme adminis trative court)ဟူ၍ သုံးဆင့်ဖြစ်သည်။ ဖင်လန်၊ ပိုလန်နှင့် အချို့ဥရောပနိုင်ငံများတွင်မူ အောက်အဆင့်စီမံခန့်ခွဲရေးရုံးနှင့် အယူခံစီမံခန့်ခွဲရေးရုံး ဟူ၍ နှစ်ဆင့်သာထားရှိသည်။ အမေရိကန်ပြည်ထောင်စုတွင်မူ အစိုးရဌာနများအတွင်း စီမံခန့်ခွဲရေးအငြင်း ပွားမှုများကို ကိုင်တွယ်မည့် ထရိုင်ဗျူနယ် (tribunal) များကိုဖွဲ့စည်းထားသည်။ ထို ထရိုင်ဗျူနယ်များ၏ ဆုံးဖြတ်ချက်များကို မကျေနပ်၍ အယူခံမည်ဆိုပါက သာမန် တရားရုံးများတွင် သွားရောက် လျှောက်ထားနိုင်သည်။

ဒုတိယကမ္ဘာစစ်အပြီး အရှေ့နှင့် အနောက် ဂျာမနီ နှစ်နိုင်ငံကွဲသွားခဲ့သည်။ ကွန်မြူနစ် အရှေ့ဂျာမနီတွင် ဗဟိုမှချုပ်ကိုင် သည့် စီမံကိန်းစီးပွားရေးစနစ်ကို ကျင့်သုံးသည်။ စီးပွားရေးကိစ္စ၊ နိုင်ငံရေးကိစ္စ၊ နိုင်ငံသားများ၏ အခွင့်အရေးကိစ္စ အားလုံးကို ဗဟိုက ဆုံးဖြတ်ပြီး၊ ထိုဆုံးဖြတ်ချက်များ ကိုလည်း မည်သူမျှအန်တု၍မရနိုင်ပါ။ စီမံ ခန့် ခွဲရေးတရားရုံးများသည် ဘူဇွာများ၏ ယန္တရားဟုဆိုကာ ၁၉၅၂ ခုနှစ်တွင် ဖျက် သိမ်းလိုက်သည်။ ၁၉၉ဝ ပြည့်နှစ်တွင် ဂျာမနီ နှစ်နိုင်ငံ ပြန်ပေါင်းစည်းပြီးသောအခါ အရှေ့ဂျာမနီဟောင်းတွင် စီမံခန့်ခွဲရေး တရားရုံးများ ပြန်လည်အသက်ဝင်လာ သည်။ ဆိုလိုသည်မှာ ဆိုရှယ်လစ် စီမံကိန်း စီးပွားရေးစနစ်တွင် စီမံခန့်ခွဲရေးတရားရုံးများကို စနစ်အရပင် မလိုအပ်ပေ။

 

တရုတ်နိုင်ငံ စီမံခန့်ခွဲရေးတရားရုံးများ ပေါ်လာပုံ

ကွန်မြူနစ် တရုတ်နိုင်ငံတွင် ၁၉၈ဝ အထိ စီမံခန့်ခွဲရေးဥပဒေနှင့် တရားရုံးများ မရှိခဲ့ပါ။ စီမံခန့်ခွဲရေးဥပဒေနှင့် တရားရုံးများ ပေါ်လာခြင်းသည် စီမံကိန်းစီးပွားရေး စနစ်မှ လွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းခြင်းနှင့် တိုက်ရိုက်ဆက် စပ်နေသည်။ ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိက အခန်းကဏ္ဍကို မြှင့်တင်ကာကွယ်ပေးရန် လိုအပ် သဖြင့် ဗဟိုကထိန်းချုပ်သည့် နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်တွင် ကျင့်သုံးသည့် ဥပဒေများနှင့်လုပ်ဆောင်ရန် မဖြစ်နိုင်ပါ။

၁၉၇ဝ ပြည့်နှစ်နောက်ပိုင်းတွင် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီးနောက် ပုဂ္ဂလိကအခန်းကဏ္ဍက တောင်းဆို၍ ဖြစ်ပေါ်လာရသည့် အရာကိစ္စများကို ကိုင်တွယ် နိုင်ရန်နှင့် အစိုးရဌာနများလုပ်ငန်းဆောင်ရွက်မှုကို ထိန်းကျောင်းနိုင်ရန် ဥပဒေပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။ ဤသည်မှာ စီမံခန့်ခွဲရေး တရားရုံးများဖော်ဆောင်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်။ တည်ဆဲ တရားရုံးများတွင် စီမံခန့်ခွဲရေးကိစ္စများကို ကိုင်တွယ်ရန် ဌာနခွဲများဖော်ဆောင်လာပါတယ်။ သို့သော် ထိရောက်မှု မရှိဟု ဝေဖန်ကြသည်။ အကြောင်းမှာ စံမီပြီး လွတ်လပ်သည့် စီမံခန့်ခွဲရေးတရားရုံးမျိုးကသာ ကြားနာသင့်သည့် စီမံခန့်ခွဲ ရေးကိစ္စများကို နိုင်ငံရေးလွှမ်းမိုးမှုရှိနေဆဲ တရားရုံးများက မလုပ်နိုင်၍ဖြစ်သည်။

၁၉၈ဝ နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ် အရှိန်ကောင်းလာသည်နှင့်အမျှ ဥပဒေစနစ် ပြုပြင်ပြောင်းလဲရေးကို အရှိန် မြှင့်လုပ်ဆောင်လာခဲ့သည်။ ၁၉၈၂ ခုနှစ်က အတည်ပြုပြဋ္ဌာန်း၍ လက်ရှိအာဏာတည်နေသော နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေတွင် အစိုးရဌာနများကို ပြန်လည် တရားစွဲဆိုနိုင်ခြင်းအပါအဝင် နိုင်ငံသားများ၏ တစ်သီးပုဂ္ဂလ အခွင့်အရေး အများအပြားကို အာမခံထားသည်။ စီမံခန့်ခွဲရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို အခြေခံဥပဒေထဲတွင် ပြဋ္ဌာန်းထား သည်။ ၁၉၈၂ နှင့် ၁၉၈၈ အကြား စီမံခန့်ခွဲရေးဥပဒေ ၁၃ဝကျော် ပြဋ္ဌာန်းခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့တရားရုံးချုပ် (Supreme People’s Court) လက်အောက်တွင် စီမံခန့်ခွဲရေး ဥပဒေများကို အဓိကကိုင်တွယ်မည့် ဌာနခွဲများ တည်ထောင်ခဲ့ သည်။ အောက်ခြေအဆင့် စီမံခန့်ခွဲရေး တရားရုံး ၁၄ဝဝ ကျော်ကိုလည်း တစ်နိုင်ငံလုံးတွင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ စီမံခန့်ခွဲရေးတရားရုံးများအတွက် လမ်းညွှန်ဖြစ်မည့် စီမံခန့်ခွဲရေးကျင့်ထုံး ဥပဒေ (Administrative Procedure Law) ကိုပြဋ္ဌာန်းပြီး၊ ၁၉၉ဝ ပြည့်နှစ်ကတည်း က ကျင့်သုံးလာခဲ့သည်။ အစိုးရစီမံခန့်ခွဲရေး ဌာနများတွင် တာဝန်ထမ်းဆောင်မည့် အရာရှိများကို အရည်အချင်း စိစစ်ရွေးချယ် ရေးနှင့်ပတ်သက်သည့် အစိုးရဝန်ထမ်းခန့် အပ်ရေးဆိုင်ရာလမ်းညွှန် (State Civil Servant Provisional Regulations) ကို ၁၉၉၃ ခုနှစ်၊ နစ်နာကြေးဥပဒေ (State Compensation Law) ကို ၁၉၉၄ ခုနှစ်၊ စီမံခန့်ခွဲရေးပြစ်ဒဏ်ဆိုင်ရာဥပဒေ (Admi- nistrative Penalties Law) ကို ၁၉၉၆ ခုနှစ်များတွင် ပြဋ္ဌာန်းပြီး၊ စီမံခန့်ခွဲရေး ဥပဒေများကို စနစ်တကျကျင့်သုံးနိုင်အောင် လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံ စီမံခန့်ခွဲရေးဥပဒေစနစ်တွင် စီမံခန့်ခွဲရေးကျင့်ထုံးဥပဒေ (Admini- strative Procedure Law) မှာ အလွန် အရေးပါသည်။ အစိုးရဌာန တစ်ခုခု၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်ကြောင့် နစ်နာမှုဖြစ်ရသောအခါ နစ်နာသူ နိုင်ငံသား များအနေဖြင့် အဆိုပါဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်ကို တရားစွဲနိုင်သည့် နည်းလမ်းအသေးစိတ်ကို ပြဋ္ဌာန်းထားသည်။ နစ်နာမှုဖြစ်စေသည့် အစိုးရဌာနကိုသော် လည်းကောင်း၊ အရာရှိတစ်ဦးချင်းကိုလည်းကောင်း တရားစွဲနိုင်သည်။

ဗီယက်နမ်နိုင်ငံ စီမံခန့်ခွဲရေး တရားရုံးများ

တရုတ်နိုင်ငံကဲ့သို့ပင် ကွန်မြူနစ်နိုင်ငံဖြစ်သော်ငြား ဈေးကွက်စီးပွားရေးစနစ်ကို အရှိန်မြှင့်ကျင့်သုံးလာသည့် ဗီယက်နမ်နိုင်ငံတွင်လည်း စီမံခန့်ခွဲရေးတရားရုံးတည်ထောင်ရန် လိုအပ်ချက်ရှိသည်နှင့်အညီ လုပ်ဆောင်မှုများရှိလာသည်။ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကအခွင့်အရေး၊ လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ အစိုးရဌာန များက ပိုပြီးထိစပ်၊ လုပ်ကိုင်၊ အကောင်အထည် ဖော်လာရသည်။ အစိုးရဌာနများ လုပ်ထုံးလုပ်နည်းကျော်ခြင်း၊ တလွဲဆုံး ဖြတ်ခြင်းများကြောင့် ပုဂ္ဂလိကကဏ္ဍဘက်က နစ်နာမှုဖြစ်၍ တင်ပြလာမှုများပြားလာသည်။ ဈေးကွက်စီးပွားရေးစနစ် ပိုမို အကောင်အထည် ဖော်လေလေ၊ ပုဂ္ဂလိက ကဏ္ဍကိုမြှင့်တင်၊ ကာကွယ်ပေးရသည့် စီမံခန့်ခွဲရေးဆိုင်ရာဆုံးဖြတ်ချက် များများလုပ်ရလေဖြစ်သည်။

၁၉၉၆ ခုနှစ်မတိုင်မီက စီမံခန့်ခွဲရေးဆိုင်ရာ အငြင်းပွားမှုများကို နစ်နာသူများက တင်ပြလာသည့်အခါ သက်ဆိုင်ရာ ဌာနက ဌာနတွင်း ပြန်လည်သုံးသပ်မှုများ (admini strative reviews) ပြုလုပ်သည်။ တခါတလေ ပြန်လည် ပြင်ဆင်ခြင်းမျိုးရှိ သလို တခါတလေ မူလအတိုင်းထားလိုက်သည်လည်းရှိသည်။ စီမံခန့်ခွဲရေးဆုံးဖြတ်ချက်ချမှတ်သည့် အစိုးရဌာနကပင် အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ခြင်းမှာ လွတ်လပ်မျှတမှုရှိသည့်သုံးသပ်မှု မဖြစ်နိုင်ကြောင်း အများက လက်ခံလာကြသည်။

သို့ဖြစ်၍ ၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် လက်ရှိတရားရုံးစနစ်ထဲတွင် စီမံခန့်ခွဲရေးအငြင်းပွားမှုများကို ကိုင်တွယ်မည့် စီမံခန့်ခွဲရေး တရားရေးဌာနများ ဖော်ဆောင်လာသည်။ အောက်အဆင့်တရားရုံး (district court) များတွင် စီမံခန့်ခွဲရေး တရားရေးဌာန သီးသန့်မထားဘဲ စီမံခန့်ခွဲရေးအငြင်းပွားမှုများကို သီးသန့်ကြားနာမည့် တရားသူကြီးတစ်ဦးစီ ခန့်အပ်တာဝန် ပေးထားသည်။ အထက်အဆင့်မြင့် တရားရုံးများတွင်မူ စီမံခန့်ခွဲရေး တရားရေးဌာန သီးသန့်ထားရှိသည်။

ဥရောပနိုင်ငံများတွင် တွေ့ရသည့် လွတ်လပ်သည့် စီမံခန့်ခွဲရေးတရားရုံးမျိုးတော့ မဟုတ်သေးပါ။ သို့သော် ဈေးကွက် စီးပွားရေးစနစ်က တောင်းဆို၍ ဖြစ်လာရသော စီမံခန့်ခွဲရေးဆိုင်ရာ အငြင်းပွားမှုများကို ကိုင်တွယ်ရန် လိုအပ်ချက်ကိုတော့ သိသိသာသာ တုံ့ပြန်ခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံ စီမံခန့်ခွဲရေးတရားရုံးများ

ထိုင်းနိုင်ငံတွင် စီမံခန့်ခွဲရေးတရားရုံးများကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်သည်။ တရုတ်၊ ဗီယက်နမ် နိုင်ငံများ ကဲ့သို့ တစ်ဆင့်စီသွားခြင်းမဟုတ်ဘဲ စွမ်းဆောင်မှုအပြည့် စီမံခန့်ခွဲရေးတရားရုံးများကို တစ်ကြိမ်တည်း တည်ထောင်ခြင်း ဖြစ် သည်။ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများနှင့် ခြားနားသည့် အခြားအကြောင်းရင်းတစ်ခုမှာ ဈေးကွက်စီးပွားရေးစနစ်ကို အရင် ကတည်းက ကျင့်သုံးနေခြင်းဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များက စီမံခန့်ခွဲရေးတရားရုံးများ တည်ထောင်ရန်လိုအပ် ကြောင်းဆုံးဖြတ်ချိန်တွင် ချက်ချင်းအကောင်အထည်ဖော်သည့် သဘောဖြစ်သည်။

ထိုင်း စီမံခန့်ခွဲရေးတရားရုံးများသည် အခြားတရားရုံးများကဲ့သို့ပင် သီးခြားလွတ်လပ်ပြီး အခြားတရားရုံးများနှင့် တန်းတူရည် တူအဆင့်အတန်းရှိသည်။

ထိုင်း စီမံခန့်ခွဲရေးတရားရုံးများ၏ ရည်ရွယ်ချက်အဖြစ် နိုင်ငံသားတစ်ဦးချင်း အခွင့်အရေးကို အစိုးရအာဏာပိုင်များ အလွဲသုံးစားလုပ်ခြင်းက ကာကွယ်ရန်နှင့် စီမံခန့်ခွဲရေးလုပ်သည့် အစိုးရအာဏာပိုင်များ လုပ်ပိုင်ခွင့်ကို နည်းမှန်လမ်းမှန် ကျင့်သုံးစေရန်ဟု ခိုင်ခိုင်မာမာ ဖော်ပြထားသည်။ ထိုင်း စီမံခန့်ခွဲရေးတရားရုံးများ စီရင်နိုင်သည့် စီမံခန့်ခွဲရေးဆိုင်ရာနစ်နာမှု များအကြောင်းကို အတိုချုပ်တင်ပြလိုပါသည်။

-အစိုးရအာဏာပိုင်များ လုပ်ပိုင်ခွင့် အာဏာတစ်ဖက်သတ် ကျင့်သုံးခြင်းကြောင့် ဖြစ်ပေါ်လာရသည့် နိုင်ငံသားများ၏ နစ်နာ မှုများ၊

-စီးပွားရေး ကုမ္ပဏီများနှင့် ချုပ်ဆိုထားသော စာချုပ်စာတမ်းများအပေါ် အခြေခံဖြစ်ပေါ်ရသော အငြင်းပွားမှုများ၊

-အစိုးရအရာရှိများ အလုပ်တာဝန် ထမ်းဆောင်ရန် ပျက်ကွက်မှု၊ ကြန့်ကြာမှုများကြောင့် ဖြစ်ပေါ်ရသော နိုင်ငံသား၊ စီးပွားရေးလုပ်ငန်းရှင်များ၏ နစ်နာမှုများ (ဥပမာ လိုင်စင်သက်တမ်း အချိန်မီတိုးပေးရန် ပျက်ကွက်ခြင်း၊ ချပေးသင့်သည့် ခွင့်ပြုမိန့်ကို အချိန်မီ မချပေးခြင်း)၊

-အစိုးရဌာန၊ အရာရှိများ သတ်မှတ်ချိန်အတွင်း လုပ်ဆောင်ရမည်ဟု ဥပဒေအရ သတ်မှတ်ထားသည့်အတိုင်း မလုပ် ဆောင်၍ ဖြစ်ပေါ်ရသော နစ်နာမှုများ၊

– ဥပဒေက သတ်မှတ်ထားသည့် အခြားသော စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများ၊

ထိုင်းနိုင်ငံ စီမံခန့်ခွဲရေးတရားရုံးကို အဆင့်နှစ်ဆင့်သတ်မှတ်ထားသည်။ မူလ စီမံခန့်ခွဲရေးတရားရုံး (Administrative Court of First Instance)နှင့် စီမံခန့်ခွဲရေး တရားရုံးချုပ် (Supreme Administrative Court) တို့ဖြစ်သည်။ တစ်ဖန် မူလစီမံခန့်ခွဲ ရေးတရားရုံးကို အမှုတန်ဖိုး၊ သဘောသဘာဝအရ ခွဲခြားကြားနာနိုင်ရန်ဒေသအဆင့် စီမံခန့်ခွဲရေးတရားရုံး (Regional Administrative Court)နှင့် ဗဟိုစီမံခန့်ခွဲ ရေးတရားရုံး (Central Administrative Court) ဟူ၍ နှစ်မျိုးထပ်ခွဲထားသည်။ ထိုနှစ်မျိုး စလုံးမှာ မူလမှုများကို ကြားနာသည်။ စီမံခန့်ခွဲရေးတရားရုံးချုပ်သည် မူလတရားရုံးကြားနာမှုနှင့်ပတ်သက်၍ အယူခံသော အမှုများကို ကြားနာသည်။

 

မြန်မာနိုင်ငံ အခြေအနေ

မြန်မာနိုင်ငံသည် အတိတ်က နိုင်ငံရေးစနစ်ဟောင်းနှင့် စီးပွားရေးစနစ်ဟောင်းကို စွန့်ခွာနေသည်။ သို့သော် တည်ရှိနေသော ဥပဒေစနစ်နှင့် တရားရုံးစနစ်များမှာ အတိတ်ကရှိခဲ့သောစနစ်များကို အထောက်အကူပြုရန် ဖော်ဆောင် ထားသော စနစ်များ သာဖြစ်နေသေးသည်။ နိုင်ငံတော်ချီတက်နေသော နိုင်ငံရေးစနစ်သစ်၊ စီးပွားရေးစနစ်သစ်နှင့် လိုက် လျောညီထွေဖြစ်မည့် ဥပဒေစနစ်နှင့် တရားရုံးစနစ်ဖြစ်လာအောင် ပြောင်းလဲရပေတော့မည်။

အခြားနိုင်ငံများနည်းတူ စီမံခန့်ခွဲရေးဥပဒေများကိုကျင့်သုံးကာ လုပ်ငန်းအကောင်အထည်ဖော်သူများမှာ အစိုးရ ဝန်ထမ်းများ၊ ဌာနများဖြစ်သည်။ ထိုသူများမှာလည်း သာမန်လူသားများဖြစ်ရာ စီမံခန့်ခွဲရေးဥပဒေကို ကျင့်သုံးအကောင် အထည်ဖော်ရာတွင် ရိုးရိုးသားသားဖြစ်ရသော အမှားများ၊ အဂတိတရား တစ်ပါးပါးကြောင့် ဖြစ်ရသော အမှားများပါဝင် နေမည်သာ ဖြစ်သည်။

အစိုးရဌာနများ လွဲမှား ဆုံးဖြတ်ခြင်း၊ လုပ်ပိုင်ခွင့် ကျော်လွန်လုပ်ဆောင်ခြင်း၊ ပညာပြခြင်းများကြောင့် လုပ်ငန်းရှင် တချို့က ၎င်းတို့၏ နစ်နာချက်များကို ပုံစံမျိုးစုံနှင့် ထုတ်ဖော်ပြောဆို ပြသနေကြသည်။ စီမံခန့်ခွဲရေး တရားရုံးများ မရှိသည့် အတွက် ထိုနစ်နာမှုများကို ကုစားနိုင်ခြင်းမရှိပါ။ တရားရုံးများတွင် တရားမမှု စွဲဆိုမည်ဆိုပါကလည်း အဖြေရနိုင်ဖွယ်မရှိ။ မြန်မာ့ တရားရုံးများက စီမံခန့်ခွဲရေး ဥပဒေအရ ဖြစ်ပေါ်လာသော အငြင်းပွားမှုများကို ကိုင်တွယ်နိုင်သည့် အခွင့်အလမ်းနှင့် အတွေ့အကြုံမရှိပါ။ ထို့အပြင် တရားမမှုများ ကြားနာစစ်ဆေးမှုက နှစ်ချီကြာတတ်ရာ စီးပွားရေးဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအကြားက အငြင်းပွားမှုများကို ထိုမျှအချိန်ယူနေဖို့ မဖြစ်နိုင်ပေ။

မြန်မာနိုင်ငံတွင် အနုညာတ ခုံရုံးများ တည်ထောင်နိုင်ကြောင်း အချို့သော စီမံခန့်ခွဲရေး ဥပဒေများတွင် ဖော်ပြထား သည်။ အနုညာတခုံရုံးသည် ယာယီသဘောဆောင်သည့်အပြင် သက်ဆိုင်ရာဌာနမှ အစိုးရကိုယ်စားလှယ်ပါဝင်နေရာ ဆုံးဖြတ်ချက်ကို လွတ်လပ်မျှတစွာ သုံးသပ်နိုင်မည်မဟုတ်ချေ။ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများတွင် စီမံခန့်ခွဲရေး တရားရုံး အဆင့်ကို ပြည့်ပြည့်ဝဝမသွားမီ အလားတူ ယာယီဖြေရှင်းနည်းများဖြင့်လုပ်ခဲ့ရာ အောင်မြင်မှုမရခဲ့သော သာဓကများ ရှိသည်။

မြန်မာနိုင်ငံတွင် လိုအပ်နေသည်မှာ သီးခြားလွတ်လပ်သော စီမံခန့်ခွဲရေး တရားရုံးများဖြစ်သည်။ ထို့အပြင် တရုတ် နိုင်ငံမှာကဲ့သို့ စီမံခန့်ခွဲရေးတရားရုံးများ လုပ်ထုံး လုပ်နည်းကို အသေးစိတ်ဖော်ပြထားသည့် စီမံခန့်ခွဲရေးကျင့်ထုံးဥပဒေ (Administra- tive Procedure Law) လိုအပ်နိုင်သည်။ မြန်မာ့စီးပွားရေးကို လွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ် ပီပြင်အောင်မြင် အောင်လုပ်မည်ဆိုလျှင် စီမံခန့်ခွဲရေး တရားရုံးများမှာ မရှိမဖြစ်လိုအပ်နေပြီး ၎င်းတို့ကို အမြန်ဆုံးဖော် ဆောင်ရပေမည်။

ခင်မောင်ဝင်း