မြန်မာနိုင်ငံရေးနှင့် ဗုဒ္ဓဘာသာ၏ပါဝင်မှု အခန်းကဏ္ဍ

တကယ်တော့ နိုင်ငံရေးမှာဘာသာရေးရဲ့ပါဝင်မှုနည်းလေ ကောင်းလေပါပဲ။ အထူးသဖြင့် နိုင်ငံရေးအာဏာနဲ့ နိုင်ငံရဲ့ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်တဲ့အခါမှာ၊ ဥပဒေတွေ ပြဋ္ဌာန်းတဲ့အခါမှာ၊ စီမံအုပ်ချုပ်တဲ့ လုပ်ငန်းစဉ် တွေမှာ ဘာသာရေးရဲ့ လွှမ်းမိုးမှုမပါဖို့၊ နိုင်ငံတော်အစိုးရက ဘာသာရေးအဖွဲ့အစည်းတွေ၊ လှုပ်ရှားမှုတွေအတွက်  ပြည်သူ့ ဘဏ္ဍာငွေကို မသုံးစွဲဖို့၊ဘာသာရေး အခြေပြုပြီးဖြစ်ပွားတဲ့  အကြမ်းဖက်မှုတွေကို ကိုင်တွယ်တဲ့အခါမှာ ဘက်မလိုက်ဘဲ မျှမျှ တတ ကိုင်တွယ်ဆုံးဖြတ်ပေးဖို့၊ တိုင်းပြည်အတွင်းနေထိုင်တဲ့ နိုင်ငံသားအားလုံးကို ဘာသာရေးအရ ခွဲခြားမှုမရှိဘဲ လိုအပ်တဲ့ ဥပဒေဆိုင်ရာ အကာအကွယ်၊ စီမံအုပ်ချုပ်မှုဆိုင်ရာ  အကာအကွယ်တွေကိုပေးဖို့ဆိုတဲ့ အချက်တွေဟာ ဒီမိုကရေစီနိုင်ငံ တစ်ခုမှာ အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ရောနှောနေထိုင်ကြတဲ့ နိုင်ငံတွေ၊ လူ့အဖွဲ့ အစည်းတွေမှာ ပိုအရေးကြီးပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာတော့ အဲလိုဘာသာရေးနဲ့ နိုင်ငံရေးရောယှက်ဆက် နွှယ်မှုကို သီးခြားစီထားဖို့ဆိုတဲ့ကိစ္စဟာ စိန်ခေါ်မှုအနေနဲ့ ရှိနေဆဲပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ နိုင်ငံတော်ယန္တရားကို မောင်းနှင်ကြသူတွေ (အစိုးရတွေ)နဲ့ နိုင်ငံရေးသမားတွေကိုယ်တိုင် ဘာသာရေးကို နိုင်ငံရေးမှာ ရည်ရွယ်ချက်ရှိရှိ အသုံးချ ပြီး မိမိတို့ရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့ကြတာတွေကိုလည်း ရှိခဲ့ကြ၊ ရှိနေကြဆဲပဲဖြစ်ပါတယ်။ နိုင်ငံတော်ကိုယ်တိုင် ဘာသာတစ်ခုခုအပေါ်မှာ အလေးထားလွန်းခြင်းဟာ နိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ဘာသာနည်းလူနည်းစုတွေအတွက်တော့ တို့အားလုံးဆိုတဲ့စိတ်ထက် သူတို့နဲ့ ငါတို့ဆိုတဲ့ စိတ်ကိုဖြစ်ထွန်းစေပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ၊ ထိတ်လန့်မှုများ ပိုမိုဖြစ် ပွားစေပါတယ်။ ဒါကြောင့် နိုင်ငံ့ခေါင်းဆောင်များအနေနဲ့ နိုင်ငံကိုဦးဆောင်ကြတဲ့အခါမှာ ဘာသာတစ်ခုခုကို အလေးပေး ဆောင်ရွက်ခြင်း၊ ကူညီပံ့ပိုးပေးခြင်းများကို အသိထားဆောင် ရွက်ကြဖို့လိုပါတယ်။

မြန်မာနိုင်ငံမှာ အများစုကိုးကွယ်ကြတဲ့ ဘာသာဟာ ထေရဝါဒဗုဒ္ဓဘာသာပါ။ အဲဒါအပြင် ခရစ်ယာန်၊ မူဆလင်၊ ဟိန္ဒူနဲ့ နတ်ကိုးကွယ်ကြသူများလည်းရှိကြပါတယ်။ ဗုဒ္ဓဘာသာဟာ အများစုဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ ဗုဒ္ဓဘာသာရဲ့ ပါဝင်မှု လွမ်းမိုးမှုများလည်း များစွာရှိနေပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဗုဒ္ဓဘာသာပါဝင်မှုရဲ့ အခန်းကဏ္ဍကို လေ့လာကြည့်တဲ့ အခါမှာ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ ပါဝင်နေတာကိုတွေ့ရှိရပါတယ်။ သမိုင်းမှတ်တမ်းတွေအရ ပုဂံမင်းဆက် စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့တယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ အနော်ရထာမင်းလက်ထက်မှာ သထုံကနေ ပင့်ဆောင်လာတဲ့ အရှင်အရဟံရဲ့ အကူအညီနဲ့ ထေရဝါဒဗုဒ္ဓဘာသာစတင်အခြေတည်လာကတည်းကလို့ ပြော ဆိုလို့ရမယ်ထင်တယ်။ ဒါပေမဲ့ သံဃာတော်တွေကိုယ်တိုင် နိုင်ငံတော်အုပ်ချုပ်မှုမှာ ဗုဒ္ဓဘာသာတရားတော်နဲ့အညီ အုပ်ချုပ် မင်းလုပ်ဖို့ထက် လမ်းညွှန်ဆုံးမဖို့အတွက်သာရှိပြီး အုပ်ချုပ်ရေးအာဏာယူထားဖို့အထိ ကြံရွယ်တာမျိုးကတော့ သမိုင်းမှာ လုံးဝမရှိတာကိုလည်း သတိထားမိပါတယ်။ နှိုင်းယှဉ်ချက်အနေနဲ့ အနောက်နိုင်ငံတွေမှာတော့ ဘာသာရေးက နိုင်ငံအုပ်ချုပ်မှု အာဏာကိုယူထားခဲ့တာ၊ အုပ်ချုပ်သူဘုရင်တွေကို လုံးဝထိန်းချုပ်ခဲ့တာတွေနဲ့ နှိုင်းယှဉ်ပြောဆိုမယ်ဆိုရင် အဲဒီအချိန်က ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့နိုင်ငံရေးမှာ ပါဝင်မှုက အတိုင်းအတာတစ်ခုအထိ နည်းပါးတယ်လို့ပြောဆိုလို့ရမယ်ထင်ပါတယ်။

ဒါကြောင့်လည်း အနောက်နိုင်ငံတွေရဲ့ သမိုင်းမှာ State (နိုင်ငံတော်) နဲ့ Church (ဘုရားကျောင်းတော်) တွေကြား စည်းခြားထားနိုင်ခဲ့မှုဟာ ဒီမိုကရေစီမှတ်တိုင်တွေထဲကတစ်ခုပါ။ အဲဒီအတွက်လည်း အများကြီးပေးဆပ်ခဲ့ကြရတာပါ။ ဒါပေမဲ့ အဲလိုစည်းခြားထားနိုင်ခဲ့မှုဟာ နိုင်ငံအတော်များများမှာ အကန့်အသတ်နဲ့ပဲ ရှိနေဆဲပါပဲ။  ယနေ့အချိန်အထိ ဗာတီကန်ဆိုရင် ကိုယ်ပိုင်စစ်တပ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်နေပြီး မွတ်စလင်နိုင်ငံအချို့မှ ဘာသာရေးခေါင်းဆောင်တွေက နိုင်ငံရေးအာဏာကို ရယူ အုပ်ချုပ်နေတာဆိုတာတွေ၊ အမေရိကန်လို နိုင်ငံမျိုးမှာတောင် သမ္မတသစ်တက်လာတိုင်း ခရစ်ယာန်ကျမ်းစာအုပ်ကို  ကိုင်တွယ်ပြီး ကျိန်ဆိုရတာတွေ၊ နိုင်ငံသုံးငွေကြေးမှာ In the Sake of God ဆိုတဲ့ စာသားထည့် သွင်းထားရတာတွေဟာ နိုင်ငံရေးမှာ ဘာသာရေးပါဝင်မှုကိုတားဆီးဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

ဗုဒ္ဓဘာသာအလိုအရတော့ နိုင်ငံရေးမှာ ဘာသာရေးပါဝင်မှုကို ဟန့်တားထားတဲ့ အချက်တွေများစွာလည်း ရှိနေပါတယ်။ ပြောရမယ်ဆိုရင် ဘုရင်ခေတ်တစ်လျှောက်လုံးမှာတော့ ဘာသာရေးက နိုင်ငံရေးအာဏာအတွက် လုပ်ဆောင်ချက်တွေ မရှိခဲ့ ပေမဲ့ သံဃာတော်အချို့နဲ့ ဘုရင်တွေနဲ့ ကြားလူ့အဖွဲ့အစည်းတည်မြဲရေး (တစ်နည်း) ဘုရင်တွေရဲ့ အာဏာတည်မြဲရေး အတွက်တော့ အပေးအယူလုပ်ခဲ့တာတွေတော့ ရှိခဲ့ပါတယ်။ ရှင်ဘုရင်တွေဟာ ဘုန်းတော်ကြီးတွေရဲ့ မြေယာပိုင်ဆိုင်မှုကို သာသနာ့ မြေအဖြစ်အသိအမှတ်ပြု အကာအကွယ်ပေးခဲ့သလို ဘုန်းတော်ကြီးတွေကလည်း ဘာသာရေးသွန်သင်ချက်တွေ ထဲက ဘုန်းရှင်ကံရှင်ဆိုတဲ့ အယူအဆတွေ၊ သာသနာပြု မင်းကောင်းမင်းမြတ်ဖြစ်တယ်၊ ဘုရားဆုပန်ဖြစ်တယ်ဆိုတဲ့ ပို့ချ ချက်တွေနဲ့ ရှင်ဘုရင်တွေရဲ့ အာဏာပိုင်စိုးမှုတွေကို အကာအကွယ်ပေးခဲ့ပြန်ပါတယ်။

အုပ်ချုပ်သူ ရှင်ဘုရင်တွေဟာ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချမှုတွေလည်း မြန်မာ့သမိုင်းတစ်လျှောက်မှာ တွေ့မြင်ရ ပါတယ်။ အထူးသဖြင့် ကုန်းဘောင်ခေတ်မှာ ဘိုးတော်ဘုရားဟာ သူ့ကိုယ်သူ ဘုရားအလောင်းအဖြစ် ကြေညာခဲ့သလို မင်းတုန်းမင်းလက်ထက်မှာလည်း ပဉ္စမအကြိမ် သင်္ဂါယနာတင်ပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရယူဖို့ဆောင်ရွက်ခဲ့ ပါတယ်။ အဲလိုပဲ ပါလီမန်ဒီမိုကရေစီလက်ထက်မှာ ဦးနုဟာ သင်္ဂါယနာတင်ပြီး လူထုထောက်ခံမှုကိုယူခဲ့တာ၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့တာတွေဟာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချခဲ့တဲ့ ဖြစ်ရပ်တွေထဲက အချို့ပင် ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ဘာသာရေးကို အသုံးမချဖို့အတွက် ကန့်ကွက်မှုအချို့ရှိနေပေမဲ့လည်း တိုင်းပြည်တွင်းမှာနေ ထိုင် တဲ့ လူအများစုရဲ့ ထောက်ခံမှု၊ အထူးသဖြင့်ရွေးကောက်ပွဲမှာ မဲရလိုမှုအတွက် လုပ်ဆောင်ခဲ့ပြီး ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားထားမှုကို မှေးမှိန်စေခဲ့ပါတယ်။

ဒါ့အပြင် တစ်ခါတစ်ရံမှာတော့ ရဟန်းသံဃာတော်တွေကို  လူထွက်ခိုင်းပြီးဘုရင် လုပ်ခိုင်းတဲ့ သာဓကတွေလည်းရှိပါ တယ်။ ဥပမာအနေနဲ့ ဘုရင်မကြီးရှင်စောပုရဲ့သမက် ဓမ္မစေတီမင်းဟာ ဘုန်းကြီးလူထွက်တစ်ယောက်ပါ။ ပြီးတော့ မင်းဆရာ တော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဗုဒ္ဓဘာသာကို ဘုရင်တွေ (နိုင်ငံတော်)က အထောက်အကူပြုခဲ့သလို တိုင်းပြည်ရဲ့အရေးပါတဲ့ အခန်း ကဏ္ဍတွေဖြစ်တဲ့ လူ့အဖွဲ့အစည်းရဲ့ကိုယ်ကျင့်တရားနဲ့ ပညာရေးအတွက် သံဃာတော်တွေက တာဝန်ယူ ဆောင်ရွက်ခဲ့တာ လည်းရှိပါတယ်။

အထူးသဖြင့် ရှေးဘုရင်ခေတ်တွေ လက်ထက်မှာ လူမှုဝန်ဆောင်မှုလုပ်ငန်းတွေထဲက ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံ ဝန်ဆောင်မှုတွေအတွက်  အုပ်ချုပ်သူတွေက တာဝန်မယူခဲ့ကြပါဘူး။ ပြည်သူလူထုဆီကရတဲ့ အခွန်အခတွေနဲ့ပတ် သက်ပြီး ပြည်သူလူထုအတွက် ပြန်လည်သုံးစွဲမှုဟာ မရှိသလောက်နည်းခဲ့ပါတယ်။ ဒါကြောင့်လည်း လူထုအတွက် အရေး ကြီးတဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်  ဗုဒ္ဓဘာသာဘုန်းကြီးတွေကပဲ အဓိက တာဝန်ယူခဲ့ကြတာပါ။ ကလေးငယ်တစ်ယောက် နည်းနည်းကြီးပြင်းလာပြီဆိုရင် ရှင်ပြုပေးပြီး ရွာဦးဘုန်းကြီးကျောင်းမှာ စာရေးစာဖတ်၊ အတွက် အချက်နဲ့ တရားဓမ္မတွေကို လေ့လာသင်ယူကြရပါတယ်။ အဲလိုလေ့လာမှုဟာ လူလားမြောက်တဲ့အရွယ်အထိပါ။ တစ်ခါ တစ်ရံမှာ လောကီပညာရပ်တွေဖြစ်တဲ့ ဆေးပညာ၊ ဗေဒင်နက္ခတ်နဲ့ ကိုယ်ခံပညာတွေအတွက်ပါ သင်ကြားပေးပါတယ်။ ရှေး ခေတ်ဘုရင်တော်တော်များများဟာ ဘုန်းကြီးကျောင်းထွက်တွေဖြစ်တဲ့အတွက် သူတို့ရဲ့ ဆရာသမားတွေဖြစ်တဲ့ ဘုန်းတော် ကြီးတွေရဲ့သြဇာဟာ အုပ်ချုပ်သူ ရှင်ဘုရင်များအပေါ် လွှမ်းမိုးခဲ့တာတော့အမှန်ပါ။

အဲဒီလိုပဲ ကျန်းမာရေးစောင့်ရှောက်မှု အတွက်ဆိုရင်လည်း တိုင်းရင်းဆေးဆရာ မရှိတဲ့ကျေးရွာတွေမှာ ရွာဦးကျောင်း ဆရာတော်ဟာ ဆေးဆရာပါပဲ။ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြံဒဏ်နဲ့ ဆေးဝါးတွေကို ရွာဦးကျောင်းဆရာတော်ဆီကပဲ အကူအညီရယူခဲ့ကြရတာပါ။ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာဆိုရင်လည်း ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့အခန်းကဏ္ဍက မေ့ ထားလို့မရပါဘူး။ ရွာက လူငယ်မောင်မယ်တွေ၊ ရွာသူရွာသားတွေရဲ့အကူအညီနဲ့ တံတားဆောက်၊ လမ်းဖောက်စတဲ့ လုပ် ငန်းတွေမှာရွာဦးကျောင်းဆရာတော်ရဲ့ဦးဆောင်မှုနဲ့စည်းရုံးမှုက အလွန်အရေးပါခဲ့ပါတယ်။ (ယနေ့အချိန်အထိ တချို့ကျေးရွာ တွေမှာ အဲလိုဆောင်ရွက်မှုတွေရှိနေတုန်းပါ။ ဒါကြောင့်လည်း နောက်ပိုင်းမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းဆိုတဲ့ အယူအဆ ပေါ်ထွန်းလာတဲ့အခါမှာ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ စိမ်းမနေတော့ပါဘူး။ ရှိပြီးသာ စုဖွဲ့မှုတွေကို ပိုကောင်းမွန်အောင် ဆက်လုပ် ဖို့ပဲလိုခဲ့တာပါ)။ တစ်ခါတစ်ရံမှာတော့ တရားသူကြီးလို ရပ်မှုရွာမှုကိစ္စတွေမှာ ပါဝင်ဆုံးဖြတ်ပေးရတဲ့ အခါမျိုးလည်းရှိခဲ့ပါ တယ်။ အဲဒီလိုလုပ်ဆောင်မှုတွေဟာ ဝိနည်းတော်နဲ့မညီဘူးဆိုတာ သံဃာတော်အများစုအနေနဲ့ မသိမဟုတ် သိရှိခဲ့ကြပေမဲ့ လူ့အဖွဲ့အစည်းလို အပ်ချက်အတွက် ဝိနည်းတော်အချို့ကို ဥပေက္ခာပြုခဲ့ကြပါတယ်။ (ဒါကြောင့် ယနေ့အချိန်အထိ လူ့အဖွဲ့ အစည်းဟာ လိုအပ်လာပြီလို့ယူဆရင် ဝိနည်းတော်နဲ့ မညီညွတ်ရင်တောင် သံဃာတော်တွေဟာ ငြိမ်မနေကြပဲ ပါဝင်လုပ် ဆောင်ခဲ့ကြတဲ့ ကိစ္စတွေအများကြီးပါ။ ကောင်းတာတွေရှိသလို ဆိုးတာတွေလည်းအများကြီးရှိခဲ့ပါတယ်)

နိုင်ငံတော်အစိုးရက လူထုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ မေ့လျော့ထားချိန်တွေမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ လူထုအတွက် အဓိကအားကိုးရာဖြစ်လာခဲ့ပါတယ်။ လူတွေရဲ့ဘဝတွေကို ကူညီဆောင်ရွက်ပေးရင်း ဘာသာရေးရဲ့ လူ့အဖွဲ့ အစည်းအပေါ် သြဇာသက်ရောက်နိုင်မှု၊ လွှမ်းမိုးနိုင်မှုဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့သင်ကြားမှု၊ ဓလေ့၊ ဘုန်းကြီးတွေရဲ့ဦးဆောင်မှုနဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်း ၈ဝဝ တိုင်တိုင်မပျက်စီးဘဲ ဆက်လက် တည်တံ့ခဲ့ပါတယ်။ အုပ်ချုပ်သူဘုရင်တွေသာ တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲသွားပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ဖွဲ့စည်းမှု ပုံစံဟာ ဗုဒ္ဓဘာသာရဲ့သင်ကြားချက်တွေပေါ်အခြေပြုပြီး တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာပါတယ်။

ကိုလိုနီနယ်ချဲ့စနစ်အောက်ရောက် တဲ့အခါမှာတော့  ကျေးရွာများမှာရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ တည်ရှိမှုပုံစံဟာ ဖျက် ဆီးခံလိုက်ရပါတယ်။ ပျက်စီးသွားခဲ့ပါတယ်။ အထူးသဖြင့် အလုပ်အကိုင်နဲ့ ငွေကြေးအတွက် အဓိကထား မောင်းနှင်တဲ့ အတန်း ပညာရေးဟာ လူသားကျင့်ဝတ်တန်ဖိုးကို အဓိကထားသင်ကြားပေးတဲ့ ဘုန်းကြီးကျောင်းပညာရေးကို ပျက်စီးစေခဲ့ပါ တယ် (ဦးကောင်း၊ ကိုလိုနီခေတ်မတိုင်မီ ဘုန်းကြီးကျောင်းပညာရေး) သီပေါမင်းပါတော်မှုတာကို မြန်မာ့လူ့အဖွဲ့အစည်း အထူးသဖြင့် ကျေးလက်နေလူထုက သိပ်သတိမထားမိခဲ့ကြပါဘူး။ သာမန် မင်းပြောင်းမင်းလွဲဖြစ်တယ်လို့ပဲ ထင်မြင်ယူဆခဲ့ ကြတာပါ။ ဒါပေမဲ့ ဘာသာခြားလူမျိုးခြားက မိမိရပ်ရွာအထိရောက်လာပြီး တည်ဆဲစီမံအုပ်ချုပ်မှု ဓလေ့တွေ၊ ဘာသာရေးမှာ အခြေတည်ထားတဲ့ လူအဖွဲ့အစည်းရဲ့တန်ဖိုးကိုဖျက်ဆီးလာတဲ့ အခါမှ တစ်တိုင်းပြည်လုံး ပြန်လည်တော်လှန်ခဲ့ကြတာပါ။

ကိုလိုနီနယ်ချဲ့တော်လှန်ရာမှာ ဗုဒ္ဓဘာသာဆရာတော်တွေရဲ့အခန်းကဏ္ဍအများကြီးပါဝင်ခဲ့ပါတယ်။ ဥပမာ မကွေး တိုင်း၊ မင်းဘူးဒေသက ဆရာတော်ဖြစ်တဲ့ ဦးဥတ္တမဟာ ဗိုလ်ဥတ္တမအဖြစ်ဘွဲ့ခံယူပြီး  နောက်လိုက်နောက်ပါ ၅ဝဝဝ ကျော်နဲ့ အင်္ဂလိပ်အစိုးရကို လေးနှစ်တိုင်တိုင် တော်လှန်ခဲ့တဲ့သူပါ။ ၁၈၈၉ ခုနှစ်မှာတော့ သူ့ကိုအင်္ဂလိပ်အစိုးရက ဖမ်းမိပြီး ကြိုးမိန့် ပေးပြီး သတ်ပစ်ခဲ့တာပါ။ သူ့လိုပဲနယ်ချဲ့ကို လက်နက်ကိုင်ပြီး တော်လှန်ခဲ့တဲ့ ဆရာတော်တွေလည်း များစွာရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ နိုင်ငံရေးမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ပါဝင်မှုကို ထောက်ခံအားပေးခဲ့တဲ့ ဖြစ်ရပ်တွေထဲက ဖြစ်ရပ် တစ်ခုပါ။

အင်္ဂလိပ်ခေတ်တစ်လျှောက်လုံးမှာ နယ်ချဲ့ဆန့်ကျင်ရေးအတွက် အများဆုံးလှုံ့ဆော်ခဲ့တာ၊ စည်းရုံးခဲ့တာကတော့ ဗုဒ္ဓဘာသာဘုန်းကြီးတွေပါပဲ။ ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရတို့ဟာ နာမည်ကြီးဆရာတော်တွေပါပဲ။ ဦးဥတ္တမဟာဆိုရင် နယ်ချဲ့ဆန့်ကျင်ရေးအတွက် အမျိုးသားရေးအသိကို လူထုကြားဖြန့်ဝေခဲ့တဲ့သူအဖြစ် ယနေ့တိုင်အောင် ထင်ပေါ်ကျော်ကြား နေဆဲပဲဖြစ်ပါတယ်။ ထို့အတူ အင်္ဂလိပ်အစိုးရကို ထောင်အတွင်းမှာ အစာငတ်ခံဆန္ဒပြရင် ပျံလွန်တော်မူသွားတဲ့ ဦးဝိစာရ ဟာလည်း သံဃာ့အာဇာနည်အဖြစ် နယ်ချဲ့တော်လှန်ရေးမှာ ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။ ထို့အတူ YMBA ဆိုတဲ့ ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်းဆိုလည်း ဘာသာရေးအခြေပြု အသင်းအဖွဲ့တစ်ခုပါ။ အဲဒီအသင်းမှာ ဦးဆောင်နာယက ဆရာ တော်တွေဟာ ထေရ်ကြီးဝါကြီး ဆရာတော်တွေပါ။ နောက်ပြီးမှသာ ဂျီစီဘီအေဆိုပြီး ပြောင်းလဲတည်ထောင်ခဲ့တာပါ။ ပြောရ ရင် ကွန်မြူနစ်ဝါဒရောက်မလာခင်အထိ ဘာသာရေးအခြေပြု အမျိုးသားရေးဝါဒနဲ့နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ် မြောက်ရေးလှုပ်ရှားမှုကို မောင်းနှင်ခဲ့ကြတာပါ။ အမျိုးသားလွတ်လပ်ရေးအတွက် တပ်ဦးဖြစ်တဲ့ တို့ဗမာအစည်းအရုံးဖြစ် လာတာက ကုလား-ဗမာ အဓိကရုဏ်းကြောင့်ဖြစ်လာသလို ဆောင်ပုဒ်တွေဟာလည်း ဗမာ-ဗုဒ္ဓဘာသာ အခြေပြု လှုံ့ဆော်မှု တွေဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း နောင်မှာ မဟာဗမာလူမျိုးကြီးဝါဒရဲ့အခြေခံဖြစ်လာပါတယ်။ ဆင်းရဲမှုနဲ့ ဗုဒ္ဓဘာသာ အခြေပြု အမျိုးသားရေးစိတ်ကြောင့် နယ်ချဲ့ဆန့်ကျင်ရေးလွတ်လပ်ရေးတိုက်ပွဲမှာ တစ်မျိုးသားလုံးပါလာတယ်ဆိုတဲ့ ကောက် ချက်ကိုတော့ တချို့သူတွေ သဘောကျနှစ်သက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ တကယ်ဖြစ်ခဲ့တာပါ။ ဗုဒ္ဓဘာသာ ဘုန်း တော်ကြီးတွေရဲ့ လှုံ့ဆော်မှု၊ ပါဝင်ကူညီဆောင်ရွက်မှု၊ အမျိုးသားရေးဝါဒီတို့ရဲ့ တပ်လှန့်မှုနဲ့အတူ လွတ်လပ်ရေးတိုက်ပွဲဟာ အားကောင်းလာခဲ့ပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ရေး ရပြီး တိုင်းပြည်တည်ဆောက်တဲ့အခါမှာ တော့ ဗုဒ္ဓဘာသာအပြင် အခြားဘာသာများ၊ ဗမာတွေအပြင် အခြားလူမျိုးများနဲ့အတူတူပူးပေါင်းပြီး လုပ်ဆောင်ဖို့အတွက် အခက်အခဲတွေ့ကြုံခဲ့ရ ပါတယ်။

ဗုဒ္ဓဘာသာဘုန်းကြီးတွေ နိုင်ငံရေးမှာပါဝင်မှုနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရပ်တည်ချက်ကတော့ရှင်း ပါတယ်။ သူ့ရဲ့၁၉၄၆ ခုနှစ်မှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေအနေနဲ့ နိုင်ငံရေးမှာပါဝင်ဖို့ထက် သာသနာ သန့်ရှင်းရေး၊ မေတ္တာတရားထွန်းကားလာဖို့နဲ့ လူ့အဖွဲ့အစည်းထဲမှာ လောဘ၊ မောဟ၊ ဒေါသတရားတွေ ကင်းစင်ဖို့အတွက် လုပ်ဆောင်ကြဖို့သာ တိုက်တွန်းပြောဆိုထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီးဒုတ်ဦးဘချိုရဲ့ နိုင်ငံတော်ဘာသာ ပြဋ္ဌာန်း ရေး အယူအဆကိုတောင် အပြင်းအထန်ကန့်ကွက်ခဲ့တဲ့ သူပါ။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းအလွန် တိုင်းပြည်ကို ဦးဆောင် ခဲ့သူတွေဟာ ဘာသာရေးနဲ့ နိုင်ငံရေးကြား စည်းခြားထားနိုင်ဖို့ထက် နိုင်ငံရေးအကျိုးအမြတ်အတွက် ဘာသာရေးကို ဘယ်လိုအသုံးချမလဲဆိုတာကို စဉ်းစားလုပ်ဆောင်ခဲ့ကြသူတွေဖြစ်တဲ့အတွက် ယနေ့အချိန်အထိ ဘာသာရေးနဲ့ နိုင်ငံရေး ကြား စည်းခြားထားဖို့ ခက်ခဲနေဆဲပဲဖြစ်နေခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးခေတ်မှာတော့ ဦးနုဟာ ဗုဒ္ဓဘာသာတန်ဖိုးတွေနဲ့ ဒီမိုကရေစီကို တွဲစပ်ပေးဖို့အတွက် ကြိုးစားပြီး နိုင်ငံရေးနဲ့ ဘာသာရေးတွဲစပ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် သူရေးသားဟောပြောခဲ့တဲ့ ပြည်ထောင်စုနီတိမှာ ဗုဒ္ဓ ဘာသာပါ သဘောတရားတွေနဲ့ ဒီမိုကရေစီတန်ဖိုးတွေ၊ အလေ့အထတွေကို ချိတ်ဆက်ဖို့ ကြိုးစားခဲ့မှုတစ်ခုပါ။ ဘာသာ ပေါင်းစုံနေထိုင်တဲ့ နိုင်ငံမှာအများစုဖြစ်တဲ့ ဗုဒ္ဓဘာသာတွေရဲ့ထောက်ခံမှုရဖို့အတွက် သူ့ရဲ့ကြိုးပမ်းမှုတွေလည်းအများကြီးပါ။ အဲဒီအထဲက ကမ္ဘာအေး ဘုရားတည်ဆောက်မှုအပါအဝင် အခြေခံဥပဒေမှာ ဗုဒ္ဓဘာသာဆိုင်ရာအချက်တွေ ထည့်သွင်းရေး ဆွဲမှုတွေ အပါအဝင်ပါပဲ။ ဦးနေဝင်း အာဏာသိမ်းယူပြီးတဲ့ နောက်မှာလည်း အညမညသဘောတရားဆိုတဲ့ အယူအဆဟာ ဆိုရှယ်လစ်စင်နဲ့ ဗုဒ္ဓဘာသာကိုချိတ်ဆက်ဖို့ ကြိုးပမ်းချက်တစ်ခုပါပဲ။ နောက်ပြီး အဲဒီအချိန်က ကွန်မြူနစ်တွေဆိုတာ ဘုရား မဲ့တွေဆိုတဲ့အချက်ဟာ ဦးနေဝင်းအစိုးရသက်ဆိုးရှည်ဖို့အတွက် ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ လူထုရဲ့ထောက်ခံမှုကိုရခဲ့တဲ့ အချက်တွေထဲကတစ်ခုပါ။ အဲလိုပါပဲ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူမရေးတဲ့ ဒီမိုကရေစီရှာပုံတော်ဆိုတဲ့ ဆောင်းပါး မှာ ဗုဒ္ဓဘာသာထဲက တန်ဖိုးတွေနဲ့ ဒီမိုကရေစီကိုချိတ်ဆက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

အာဏာသိမ်း စစ်အာဏာရှင်အုပ်စုဖြစ်တဲ့ နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) နောက်ပိုင်း နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာ သာသနာရေးဝန်ကြီးဌာနကို ဖွဲ့စည်းပြီး တိုင်း ပြည်အတွင်းမှာရှိတဲ့ သံဃာ့အဖွဲ့အစည်းအားလုံးကို နိုင်ငံတော်သံဃနာယကအဖွဲ့ကနေ ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ သာသ နာရေးဝန်ကြီးဌာနဟာ ဗုဒ္ဓဘာသာကို အဓိကထားပံ့ပိုးကူညီပေးပြီး ၄င်းတို့ အစိုးရဟာ ဘာသာသာသနာအတွက် အဓိက ကာကွယ်စောင့်ရှောက်သူအဖြစ် ပြည်သူလူထုက ထင်မှတ်လာအောင်လုပ်ဆောင်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ နိုင်ငံရေးမှာ ဘာသာရေးပါဝင်မှုကို တစ်ကမ္ဘာလုံးက ထောက်ခံခဲ့တဲ့ လှုပ်ရှားမှုကတော့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်အရေးအခင်းပါပဲ။ အဲဒီအရေးအခင်းမှာ ဆရာတော် သံဃာတော်အပါး ၁၄ဝဝ အဖမ်းခံခဲ့ရပြီး ၂၅ဝ ကို စစ်အစိုးရက ထောင်ချခဲ့ပါတယ်။ သံဃာတော်အပါး ၃ဝ လောက် အသတ်ခံခဲ့ရပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဦးဆောင်ခဲ့ပြီး စစ်အာဏာရှင်တစ်ခုလုံးအပေါ် လူထုထောက်ခံမှု လျော့ကျစေမှုအရှိဆုံး လှုပ်ရှားမှုလို့ ပြောလို့ရမယ်ထင်ပါတယ်။ သံဃာတော်တွေကို ရိုက်နှက်မှုတွေ၊ ဖမ်းဆီးထောင်ချမှုတွေဟာ ဗုဒ္ဓဘာသာ လူ့ အဖွဲ့အစည်းရဲ့သဘောတူကြည်ဖြူမှုကို အာဏာရှင်လူတစ်စု လက်ထဲက ဆွဲယူဖယ်ရှားလိုက်တဲ့ လှုပ်ရှားမှုဆိုလည်း မမှားပါ ဘူး။ ဒါကိုလည်း အားလုံးသိပြီးဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်မှုကို နိုင်ငံတကာနဲ့ ပြည်တွင်းဒီမိုကရေစီအင်အားစုတွေက အပြင်းအထန်ထောက်ခံခဲ့ကြပါတယ်။ ဆိုလိုတာက နိုင်ငံရေးမှာ ဘာသာရေးပါဝင်မှုကို သဘောတူကြည်ဖြူတယ်ဆိုတဲ့ သဘောပါ။

၂ဝ၁၁ နောက်ပိုင်းပေါ်ထွန်းပြီး ခိုင်မာအားကောင်းလာတဲ့ မဘသရဲ့အမျိုးသားရေးလှုပ်ရှားမှုမှာတော့ ဘာသာရေးက နိုင်ငံရေးမှာ ပါဝင်လာခြင်းဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို  နှောင့်နှေးလာစေပါတယ်။ မဘသရဲ့တင်ပြချက်တွေထဲက အချို့ဟာ အဖြစ်မှန်တွေပါသလို တချို့ အချက်တွေဟာလည်း နိုင်ငံရေးတိုက်ခိုက် ချက်တွေပါနေတာကို တွေ့မြင်လာရပါ တယ်။ အထူးသဖြင့် မဘသ ဟာ စစ်တပ်နဲ့ ဦးသိန်းစိန်အစိုးရခေါင်းဆောင်ပိုင်းနဲ့ နီးကပ်တဲ့ ဆက်ဆံမှုတွေရှိနေပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည်ကို မူဆလင်ထောက်ခံသူများ၊ လိုလားသူများအဖြစ် ပုံဖော်ပြီး နိုင်ငံရေးအရ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မဘသရဲ့ ထိုးနှက်မှုဟာ လူထုထောက်ခံမှုအများကြီး ရရှိ ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမပါတီအတွက်ကတော့ ထိခိုက်မှုအနည်းငယ်သာရှိခဲ့ပါတယ်။ အဲလို တိုက်ခိုက်မှုဟာ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ အများဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ၂ဝဝ၈ ဖွဲ့စည်းပုံမှာဖော်ပြထားတဲ့ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချရဆိုတဲ့ အချက်ဟာလည်း အသက်ဝင်လာခဲ့ခြင်းတော့မရှိခဲ့ပါဘူး။

အထူးသဖြင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်တိုက်ခိုက်မှုတွေဟာ လူထုအတွက်  အော့နှလုံးနာစရာ အချက်တစ်ခုဖြစ်လို့လာပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့ အစည်းအပေါ် ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာတရားရဲ့ လွှမ်းမိုးမှုကတော့ အများကြီးလျော့ကျမသွားပါဘူး။ နောက်ပိုင်းမှာတော့ အာဏာရပါတီနဲ့ မဘသနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိလာတဲ့အထိ နိုင်ငံရေးနဲ့ ဘာသာရေးအားပြိုင်မှုဟာ တင်းမာလာခဲ့ပါတယ်။ ဒါပေမဲ့ အာဏာရပါတီရဲ့နိုင်ငံရေးထောက်ခံမှုအတွက် ဘာသာရေးခေါင်းဆောင်တွေရဲ့ ထောက်ခံမှု ရယူဖို့အတွက်  ကြိုးပမ်းချက်တွေကိုလည်း အများအပြားတွေ့ရှိလာခဲ့ရပါတယ်။

၂ဝ၁၇ သြဂုတ်လ ၂၅ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက် မဘသနဲ့ ရန်ကုန်တိုင်းဝန်ကြီး ချုပ်ကြား ပြန်လည်ချိတ်ဆက်မှုတွေ လုပ်ဆောင်လာခဲ့သလို အာဏာရပါတီနဲ့ အစိုးရရဲ့ သဘောထားကလည်း ဗုဒ္ဓဘာသာ အများစုရဲ့ သဘောထားကို ထင်ဟပ်ဖို့ ကြိုးစားလာတာ ကိုလည်းတွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ အာဏာရပါတီအနေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို အရင်အစိုးရတွေလိုပဲ ပံ့ပိုးကူညီတာတွေလုပ်ဆောင်ပေးခြင်းအားဖြင့် ဗုဒ္ဓဘာသာအများ စုရဲ့ထောက်ခံမှုကိုရယူဖို့ ပြုမှုဆောင်ရွက်လာတာတွေကိုလည်း တွေ့ရှိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အနေ နဲ့ အခြားဘာသာလူနည်းစုအပေါ် ဖိနှိပ်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာရဲ့ ထောက်ပြချက်တွေ၊ ဝေဖန်အကြံ ပြုချက်တွေကို ပြန်လည်ချေပဖို့အတွက် ဘာသာပေါင်းစုံဆုတောင်းပွဲတွေကို ၂ဝ၁၇ ခုနှစ်ထဲမှာ နိုင်ငံတစ်ဝန်းကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲလို ကျင်းပဆောင်ရွက်တာဟာ ကောင်းမွန်ပေမဲ့ သတိထားဖို့လိုတာတစ်ခုက ဗုဒ္ဓဘာသာအများစုအတွက် သူတို့လုပ်တာ မဟုတ်ဘဲ သူတို့ကိုလာပြီး အပြစ်တင်တာတွေ၊ ဝေဖန်တိုက်ခိုက်တာတွေ လုပ်ဆောင်လာတယ်လို့ ထင်မြင်ယူဆလာပြီး ဘာသာရေးအစွန်းရောက်မှုတွေဖြစ်သွားနိုင်တာကိုတော့ သတိထားဖို့လိုပါတယ်။ အဲလိုဖြစ်သွားမယ်ဆိုရင် ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့နိုင်ငံမှာ မတူညီမှုတွေကြား ငြိမ်းချမ်းမှုတွေတည်ဆောက်ဖို့အတွက်လည်း အများကြီးခက်ခဲသွားနိုင်ပါတယ်။

တကယ်တော့ နိုင်ငံရေးမှာ ဘာသာရေးရဲ့ပါဝင်မှုနည်းလေ ကောင်းလေပါပဲ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းရဲ့တန်ဖိုးတွေ၊ လူမှုရေးဆည်းကပ်မှုတွေနဲ့ လူသားကျင့်ဝတ်တန် ဖိုးတွေအတွက်ကတော့ ဘာသာရေးက လိုအပ်နေတုန်းပါပဲ။ အထူးသဖြင့် ဆင်းရဲပြီး ပညာရေးအားမကောင်းတဲ့ နိုင်ငံတွေမှာ လိုအပ်နေဆဲပါပဲ။ နိုင်ငံရေးဆိုတာဟာလည်း လူသားအရေးဖြစ်တဲ့ အတွက် နိုင်ငံရေးနဲ့ ဘာသာရေးကို သီးခြားခွဲခြားထားဖို့ကတော့ လက်တွေ့မှာ ခက်ခဲကြတာကတော့ အမှန်ပါ။ နိုင်ငံရေး အာဏာနဲ့ ဆုံးဖြတ်ချက်ချမှတ်ဆောင်ရွက်မှုတွေမှာ ဘာသာရေးရဲ့ လွှမ်းမိုးမှုမပါဖို့ (ဒါတောင့် နိုင်ငံရေးဆုံးဖြတ်ချက်တွေနဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဘာသာရေးတန်ဖိုးတွေကြား လွန်ဆွဲမှုတွေရှိနေပါတယ်။ ဥပမာ သားဆက်ခြားဖို့ကိစ္စမှာ ရိုမန်ကက် သလစ်လူ့အဖွဲ့အစည်းနဲ့ မွတ်စလင်နိုင်ငံတွေရှိ ဘာသာရေးခေါင်းဆောင်တွေက လက်မခံကြပါဘူး) နိုင်ငံတော်အစိုးရက ဘာသာရေးအဖွဲ့အစည်းတွေ၊ လှုပ်ရှားမှုတွေအတွက် နိုင်ငံတော်ဘဏ္ဍာငွေကို မသုံးစွဲဖို့ (ဂျာမနီမှာတော့ ဘုရားကျောင်းတွေ အတွက် အခွန်ကို အစိုးရက ကောက်ခံပေးနေတုန်းပါပဲ)နဲ့ ဘာသာရေးအခြေပြု လူမှုအကြမ်းဖက်မှုတွေကို ဘက်မလိုက်ဘဲ မျှမျှတတ ဆုံးဖြတ်ကာကွယ်ဆောင်ရွက်ပေးဖို့ဆိုတဲ့ အချက်တွေက အလွန်အရေးကြီးပါတယ်။

ဗုဒ္ဓဘာသာရဲ့အနှစ်ကတော့ လောကီထက် လောကုတ္တရာ (သံသရာကနေ လွတ်မြောက်မှု)ကို အလေးပေးတဲ့ ဘာသာပါ။ တရားဓမ္မတွေထဲမှာတော့ လောကီနဲ့သက်ဆိုင်တဲ့ ဟောပြောချက်တွေပါရှိပေမဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်ဟာ သံသရာက လွတ်မြောက်ဖို့ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတွေ ဓလေ့တွေအတွက် ဗုဒ္ဓဘာသာဟာ Wave of Life ဘဝနေ ထိုင်မှုအတွက်လည်း အကျိုးရှိတဲ့အကြောင်းကို ဝေပုလ္လရာ ဟုလာဆိုတဲ့ သီရိလင်္ကာဆရာတော်က သူ့ရဲ့ What the Buddha taught၊ ဆိုတဲ့ စာအုပ်မှာ ရေးသားဖော်ပြထားပါတယ်။ တစ်ဖက်ကလည်း နိုင်ငံတည်ဆောက်မှု စနစ်ထဲမှာ ဒီမိုကရေ စီစနစ်ဟာ လက်ရှိအခြေအနေမှာတော့ လူ့လောကဖွံ့ဖြိုးဖို့အတွက် အခြားစနစ်တွေလို အကောင်းဆုံး စနစ်တစ်ခုဖြစ်လို့နေ ပါတယ်။

ဒါပေမယ့် စနစ်တစ်ခုကို တည်ဆောက်တဲ့အခါမှာ ကွန်မြူနစ်တွေလို မြေလှန်အပြတ်ရှင်းဆိုတဲ့ Revolution Approach နဲ့တော့ တည်ဆောက်လို့မရပါဘူး။ ဒီမိုကရေစီကို ကွန်မြူနစ်နည်းနာနဲ့ တည်ဆောက်လို့မရဘူးလို့ ယူဆမိပါတယ်။  လက်ရှိ လူ့အဖွဲ့အစည်းရဲ့တည်ရှိနေတဲ့ ဓလေ့တွေ၊ ထုံးတမ်းတွေနဲ့ဆက်စပ်ပြီး တစ်ဆင့်ချင်း ဖြစ်ထွန်းလာဖို့အတွက် တည်ဆောက် ယူရတဲ့ဖြစ်စဉ် Evolution Approach နဲ့ တည်ဆောက်ယူရပါတယ်။ ဒီမိုကရေစီကို ယဉ်ကျေးမှုတော်လှန်ရေးလုပ်ပြီး တည် ဆောက်လို့အောင်မြင်တဲ့ နိုင်ငံသမိုင်းမှာတော့ သိပ်မတွေ့သေးပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီ နိုင်ငံရေးစနစ်တည်မြဲဖို့အတွက် စဉ်းစားတဲ့အခါမှာ နိုင်ငံရေးမှာပါဝင်နေတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ အခန်းကဏ္ဍ၊ ဗုဒ္ဓ ဘာသာရဲ့ အခန်းကဏ္ဍကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပြီဖြစ်ပါတယ်။

နိုင်ငံရေးမှာ ဘာသာရေးရဲ့ပါဝင်မှု၊ ယှက်နွယ်ပတ်သက်မှုကို လုံးဝစည်းခြား မထားနိုင်သေးရင်တောင်မှ အဲလိုပါဝင်မှုဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အထောက်အကူပြုတဲ့ ပါဝင်မှုဖြစ်ဖို့အတွက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ အားကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်မယ်လို့ယူဆပါတယ်။ အထူးသဖြင့် လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီတန်ဖိုးတွေကို ပြုစုပျိုး ထောင်တဲ့ အခါမှာ၊ မတူညီမှုတွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ပြောဆိုဆုံးမတဲ့အခါမှာ သာမန်လူ တွေအတွက်တော့ ဘာသာရေးခေါင်းဆောင်တွေရဲ့သင် ကြားပို့ချမှုတွေဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါသေး တယ်။ အထူးသဖြင့် ဆင်းရဲပြီး ပညာရည်နိမ့်ပါးတဲ့ လူအုပ်စုတွေမှာ ပိုလိုအပ်နေပါသေးတယ်။ တစ်ပြိုင်တည်းမှာပဲ နိုင်ငံရေး သမားတွေ၊ နိုင်ငံကို ဦးဆောင်နေသူတွေဟာ မတူညီတဲ့ ဘာသာရေးကြားရှိနေဆဲ တင်းမာမှုတွေကို အသုံးချပြီး မိမိရဲ့သြဇာ အာဏာ ဖြန့်ကြက်နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်မှု မှန်သမျှကိုလည်း ဥပဒေတွေပြဋ္ဌာန်းပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ် ဖို့အတွက် နိုင်ငံတော်ကနေ စီမံဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ အရေးအကြီးဆုံးကတော့ ဘာသာရေးကို နိုင်ငံရေးဇာတ် သွင်းလိုသူ နိုင်ငံရေးသမားတွေ နည်းသထက်နည်းလာပြီး ဘာသာရေးမတူညီမှုကို သည်းခံတတ်တဲ့ နိုင်ငံရေးသမားတွေ များများပေါ်ထွန်းလာဖို့တော့လိုပါတယ်။

ကိုးကား။

  1. Matthew J.Walton, Buddhism, Politics and Political Thought in Myanmar, 2017

2.Mikael Gravers, Politically Engaged Buddhism – spiritual politics or nationalist medium, 2014

3.Walpola Rahula, What the Buddha Taught, 1967

  1. Zay Yah Oo, Politicization of Religious and Ethnicity in Myanmar, December 2017

၅။ ဦးရွှေအောင်၊ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်၊ သြဂုတ်လ၊ ၂ဝဝ၃ (စတုတ္ထအကြိမ်)။

မောင်ထွန်း