၂၀၂၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသားတို့၏ မျှော်လင့်ချက်

အနည်းဆုံး ပြည်တွင်းစစ်ကြောင့် ကိုယ့်ဇာတိ၊ ကိုယ်နေရပ်၊ ကိုယ့်မြေကိုယ့်တောင်ယာတွေကို စွန့်ခွာထားခဲ့ရပြီး စစ်ဘေးရှောင်စခန်းတွေမှာ ကြုံတွေ့နေရတာတွေကိုတောင် ပြေလည်အောင် ဆောင်ရွက်မပေးနိုင်ခဲ့ကြတာကို တိုင်းရင်းသားပြည်သူတွေ မကျေနပ်ခဲ့ကြပါဘူး …..

မြန်မာပြည်သူတွေအတွက် ငါးနှစ်တစ်ကြိမ်ကျင်းပပေးတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလမှာ ပြုလုပ်ကျင်းပပါတော့မယ်။ အခုတစ်ကြိမ်ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲကြီးဟာ သုံးကြိမ်မြောက် ဖြစ်ပါတယ်။ ပထမအကြိမ်မှာကျင်းပခဲ့တဲ့ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးကိုတော့ ပြည်သူတွေသိပ် စိတ်မဝင်စားခဲ့ကြပါဘူး။ စစ်အာဏာ ရှင်ပုံသဏ္ဌာန်ကို ဖုံးကွယ်ထားနိုင်ဖို့ စစ်အစိုးရစိတ်ကြိုက်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအဖြစ် ပြည်သူတွေသိနေခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒုတိယအကြိမ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို မြန်မာပြည်သူတွေအတွက် ခေတ်တစ်ခုအပြောင်းအလဲဖြစ်သလို၊ အရပ်သား ဒီမိုကရေစီအစိုးရ သစ်ကို ပြည်သူတွေကိုယ်တိုင် ရွေးချယ်တင်မြှောက်ခွင့်ရတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ အဲဒီလိုပြည်သူတစ်ရပ်လုံးနဲ့တိုင်းပြည် အပြောင်းအလဲဖြစ်ပေါ် စေနိုင်မယ့် ရွေးကောက်ပွဲကြီး ကိုတိုင်းရင်းသားပြည်သူတွေ စိတ်ဝင်စားပြီး တက်ကြွခဲ့ကြပါတယ်။

၂၀၁၅ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ပြည်သူတွေအင်မတန်စိတ်ဝင်စားပြီး မျှော်လင့်နေတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားလူမျိုးတွေကိုအဓိကထားပြီးစည်းရုံးခဲ့တာ တွေ့ခဲ့ရပါတယ်။ တိုင်းရင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပေးခဲ့တဲ့ ကတိစကား တွေထဲမှာ နှစ်ပေါင်း ၇၀လောက်ကြာမြင့်ပြီဖြစ်တဲ့ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်ပြီး ငြိမ်းချမ်းရေး ကို အဓိကဆောင်ရွက်ပေးမယ်ဆိုတာနဲ့ လူနေမှုအဆင့်အတန်းအောက်ကျ နိမ့်ပါးနေတဲ့ တိုင်းရင်းသားလူမျိုးတွေကို ပြည်မနဲ့ တန်းတူအခွင့်အရေးရအောင် ဆောင်ရွက်ပေးမယ်ဆိုတာ တွေပါခဲ့ပါတယ်။ ဒီမိုကရေစီဘက်က အစဉ်အမြဲရပ်တည်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို အတိုက် အခံလုပ်ခဲ့တဲ့ အမျိုးဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကတိ စကား ကိုတိုင်းရင်းသားပြည်သူတွေ ယုံကြည်ခဲ့ကြပါတယ်။

၂၀၁၅ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲမှာ ပြည်မမှာရှိတဲ့ ပြည်သူတွေရော၊ တောင် တန်းဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေပါ ဒေါ်အောင်ဆန်းစု ကြည်ကို ထောက်ခံအားပေးခဲ့ပြီး မဲဆန္ဒတွေပေးခဲ့ကြပါတယ်။ အဲဒီလို ယုံကြည်မျှော်လင့်ချက် တွေထားခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရော၊ သူဦးဆောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီပါ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပြီး အာဏာရပါတီဖြစ်သွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အစိုးရသစ်ကိုဖွဲ့စည်းနိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ် ဖွဲ့စည်းနိုင်ခဲ့တာကြောင့် တိုင်းရင်းသားပြည်သူတွေဟာ သူတို့ကို ဒေါ်အောင်ဆန်းစု ကြည်ပေးခဲ့တဲ့ ကတိစကားတွေ ဖြစ်လာတော့မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ကြတယ်။

ဒါပေမယ့် တောင်တန်းဒေသတွေမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ယုံကြည်မျှော်လင့်ချက် အတိုင်း ဖြစ်မလာခဲ့ကြပါဘူး။ တိုင်းရင်းသားပြည်သူတွေ ထောက်ခံဆန္ဒမဲပေးလိုက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အာဏာရလာခဲ့ပေမယ့် တိုင်းရင်းသား ပြည်သူတွေလိုလားတဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေတင် မဖော်ဆောင်နိုင် ခဲ့တဲ့အပြင် တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ လူမှုဘဝအခြေခံတွေဖြစ်တဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေးတွေက အစလျစ်လျူပြုခံလိုက်ရတယ်လို့ တိုင်းရင်းသား တွေမြင်နေကြပါပြီ။ အနည်းဆုံး ပြည်တွင်းစစ်ကြောင့် ကိုယ့်ဇာတိ၊ ကိုယ်နေရပ်၊ ကိုယ့်မြေကိုယ့် တောင်ယာတွေကို စွန့်ခွာထားခဲ့ရပြီး စစ်ဘေးရှောင်စခန်းတွေမှာ ကြုံတွေ့နေရတာတွေကိုတောင် ပြေလည်အောင် ဆောင်ရွက်မပေးနိုင်ခဲ့ကြတာကို တိုင်းရင်းသားပြည်သူတွေ မကျေနပ်ခဲ့ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားပြည်သူတွေကို စကားအဖြစ်ကတိတွေ ပေးခဲ့ပေမယ့် ဒီကတိတွေ လုပ်ဆောင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားမှုတွေ မရှိခဲ့တာကိုလည်း တိုင်းရင်းသားပြည်သူတွေ သိမြင်သွားခဲ့ကြပြီ။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသက်တမ်း ၅နှစ်ရှိတော့မယ့် အချိန်မှာတော့ တိုင်းရင်းသား ပြည်သူတွေအနေနဲ့  ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးယူမှရတော့မယ်လို့ မှတ်ယူနေကြပါပြီ။ ပြည်မမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြတဲ့ ပြည်သူတွေ ရှိနေပေမယ့်၊ တောင်တန်းတွေပေါ်က တိုင်းရင်းသားပြည်သူတွေကတော့ ထောက်ခံမှု အတော်ကြီးကျဆင်း နေပါပြီ။ တိုင်းရင်းသား ပြည်နယ်ဒေသတွေမှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေကလည်း အများအားဖြင့် တိုင်းရင်းသားအရေးကို ဖော်ဆောင်ပေးနိုင်ဖို့ အရည်အချင်း မရှိကြပါဘူး။ အဲဒီလို တိုင်းရင်းသားဒေသတွေမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကိုလည်း တိုင်းရင်းသားတွေက မကြိုက်နှစ်ခဲ့ကြပါဘူး။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဟာ ၂၀၂၀ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားပြည်နယ်တွေမှာ အနိုင်ရမှုနည်းသွားနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားပြည်သူတွေအနေနဲ့ ထောက်ခံမှုအား ကျဆင်းမှု အပေါ်မှာ မူတည်ပြီး ၂၀၁၅ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တွေကို တိုင်းရင်းသား ပြည်သူတွေပေးလိုက်တဲ့ ဆန္ဒမဲတွေ မရနိုင်တော့ပါဘူး။

၂၀၁၅ခုနှစ်အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် ပြည်နယ်ဒေသတစ်ခုတည်းမှာ ရှိတဲ့ တိုင်းရင်းသားတွေ အကွဲကွဲအပြားပြား ဖြစ်နေကြတာကိုလည်း တွေ့ရပါတယ်။ အခု ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကြိုပြင်ဆင်တဲ့အနေနဲ့ ပြည်နယ်တစ်ခုချင်းစီမှာရှိနေတဲ့ တိုင်းရင်းသားပါတီတွေ အချင်းချင်း ပြန်လည်ပူးပေါင်းလိုက်ကြတာတွေကို တွေ့မြင်နေကြ ရပါတယ်။ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထက် နိုင်ငံရေးပါတီတွေကို ပိုအားထားလာကြပါတယ်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလလောက်မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် သက်ဆိုင်ရာဒေသ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားပါတီတွေ ကြိုတင်ပြင်ဆင်နေကြပါပြီ။ ဝင်ရောက် ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေကို စိစစ်ရွေးချယ်နေကြပါပြီ။ တိုင်းရင်းသား လူမျိုးစုတွေအတွက် အကျိုးပြုနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အရည်အချင်းရှိမယ်ဆိုရင် တိုင်းရင်းသားတွေအနေနဲ့ ရွေးချယ်ဆန္ဒမဲပေးကြပါလိမ့်မယ်။ တိုင်းရင်းသားပါတီခေါင်းဆောင်တွေအနေနဲ့ ကိုယ့်လူမျိုးစု၊ ကိုယ့် ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းရင်းသားပြည်သူတွေကိုပေးနိုင်တဲ့ ကတိတွေပေးပြီးပေးထားတဲ့ ကတိအတိုင်း လုပ်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။

အခုအချိန်မှာ တိုင်းရင်းသားပြည်သူတွေအနေနဲ့ သူတို့မျှော်လင့်မှုတွေကို သူတို့ တိုင်းရင်းသား ပါတီခေါင်းဆောင်တွေ ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါလိမ့်မယ်။ အခုလာမယ့် ၂၀၂၀ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးဟာ တိုင်းရင်းသားပြည်သူတွေအတွက် မျှော်လင့်ချက် ကြီးတစ်ခုဖြစ်နေပါပြီ။ တိုင်းရင်းသားပြည်သူတွေဟာ ကျွန်တော်တို့ မြန်မာပြည်မှာ လူနေမှု အဆင့်အတန်းအနိမ့်ကျဆုံးဖြစ်နေပါတယ်။ အရင်အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်မှာ တိုင်းရင်းသားလူမျိုးတွေဟာ ခွဲခြားခံခဲ့ရသူတွေလို့ သူတို့အနေနဲ့မြင်ခဲ့ကြပါတယ်။ တိုင်းရင်းသား တွေ မျှော်လင့်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပါတီ ကလည်း တိုင်းရင်းသားတွေကို လျစ်လျူရှုခံနေကြရတယ်လို့ ထင်မြင်ယူဆနေကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခေါ်ယူကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး ဖြစ်တဲ့ (၂၁)ရာစုပင်လုံညီလာခံကြီးကလည်း မအောင်မြင်ဘဲရပ်တန့်နေပါပြီ။ တိုင်းရင်းသား တွေရဲ့ လိုလားချက်တွေဖြစ်တဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင် ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အများစု လွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာပယ်ချ ခံလိုက်ရသလိုဖြစ်သွားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဘယ်တိုင်းရင်းသားပါတီကိုမှ မိတ်ဖက်ပါတီအဖြစ် သဘောမထားဘူးဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်တာကြောင့် တိုင်းရင်းသားပါတီတွေအနေနဲ့ ကိုယ့်အားကိုယ် ကိုးပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးရတော့မယ့် အခြေအနေဖြစ်နေပါပြီ။ တိုင်းရင်းသားပါတီခေါင်း ဆောင်တွေသိနေကြသလို တိုင်းရင်းသားပြည်သူတွေလည်း သိနေကြပါပြီ။

အဲဒီလို နိုင်ငံရေးအခြေအနေမှာ တိုင်းရင်းသားပါတီတွေကိုပဲ တိုင်းရင်းသားလူမျိုးစုတွေက အားကိုးယုံကြည်ကြ ပါလိမ့်မယ်။ မိမိဒေသအတွင်းမှာ တည်ငြိမ်ငြိမ်းချမ်းဖို့၊ ဒေသဖွံ့ဖြိုးတိုး တက်ဖို့၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ အခုအခြေအနေထက် ပိုပြီး ကောင်းမွန်လာဖို့အတွက် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးဟာ တိုင်းရင်းသားပြည်သူတွေရဲ့ အဓိက မျှော်လင့်ချက်ဖြစ်နေပါတယ်။

မြတ်လှိုင်း