၂၁ ရာစုပင်လုံ မြောက်ပိုင်းစစ်ပွဲနှင့် မြန်မာပြည်ငြိမ်းချမ်းရေး

လင်းထင်
ယနေ့ခေတ် မဂ္ဂဇင်း ၊ စက်တင်ဘာလ ၂၀၁၇ ထုတ်မှ

မိုင်ဂျာယန် ညီလာခံအစ

မိုင်ဂျာယန်ဆိုတာက ဗန်းမော်အထက် မိုးမောက်မြို့ရဲ့ အရှေ့ဘက် တရုတ်-မြန်မာ နယ်စပ်မှာတည်ရှိတဲ့ KIA ရဲ့ ထိန်းချုပ်ရာ ပညာရေးမြို့လေးဖြစ်ပါတယ်။ ၂ဝ၁၆ဇူလိုင် လမှာ ကျင်းပတဲ့ တိုင်းရင်းသားများ မျက်နှာစုံညီအစည်းအဝေ ကြောင့်

လှုပ်လှုပ်ရှားရှားနဲ့ အသက်ဝင်လာပါတယ်။

‘တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ‘EAOs’ Plenary meeting’လို့သုံးကြပါတယ်။ နှစ် ၇ဝနီးပါး သက်တမ်းရှိလာပြီဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ ၁၉၈၉ က အပစ်အခတ်ရပ်စဲမှုတွေဖြစ်ခဲ့ပါတယ်။ သို့သော်လည်း အရေးပါတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ၊ ဖြေရှင်းမှုတွေ တွဲလျက်ပါမ လာတော့ ပြဿနာတွေဟာ ဒုံရင်းအတိုင်းပဲကျန်ပါတယ်။ နအဖ စစ်အစိုးရက နိုင်ငံရေးဆွေးနွေးမှု မကြိုးပမ်းဘဲ နယ်ခြား စောင့်တပ်ဖွဲ့ပြီး သူ့အုပ်ချုပ်မှုလက်အောက် ရောက်ဖို့ကြိုးစားခဲ့ရာမှာ အောင်မြင်မှုမရခဲ့ပြန်ပါဘူး။ ဒီအကျိုးဆက်တွေကပဲ တိုင်းရင်သားညီလာခံတွေ ပေါ်ပေါက်လာစေခဲ့ခြင်းဖြစ်ပါတယ်။ ‘ဝ’ခေါင်းဆောင်တဲ့ ပန်ဆန်းညီလာခံ၊ KNU ခေါင်းဆောင်တဲ့ လော်ခီးလာညီလာခံ၊ KIA ဦးဆောင်တဲ့ လိုင်ဇာညီလာခဲ့နဲ့ မိုင်ဂျာယန် ညီလာခံတွေမှာ တိုင်းရင်းသားတို့ စုဝေးဆွေးနွေးခဲ့ကြ ပါတယ်။

ဒီမှာ မိုင်ဂျာယန်ဖက်ဒရယ်မူ ၈ချက် ပေါ်ပေါက်လာပါတယ်။

 

မိုင်ဂျာယန်ဖက်ဒရယ်မူ

မိုင်ဂျာယန်ဖက်ဒရယ်မူကို အကြမ်းအားဖြင့်ကြည့်ရင် အချုပ်အခြာအာဏာဟာ လူထုထံက ဆင်းသက်ရမယ်။ တန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်။ ဒါက ပြည်နယ် ပြည်မ မခွဲဘဲ လူတိုင်းလူတိုင်းအတွက် သူတစ်ကျပ် ကိုယ်တစ်ကျပ်လို့ ဆိုလိုတာ။ ပြဋ္ဌာန်းခွင့်ဆိုတာက ပြည်နယ်တွင်း ဥပဒေပြဋ္ဌာန်းခွင့်ပါပဲ။ ပြည်ထောင်စုအဆင့်မှာ အာဏာတူ လွှတ်တော်နှစ် ရပ်ဖြစ်တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ထားရှိရမယ်။ လူနည်းစုအခွင့်အရေး အကာအကွယ်ပေးမှု၊ ပါလီမန် ဒီမိုကရေစီနဲ့ ဘာသာရေးကိုအခြေမခံတဲ့ နိုင်ငံဖြစ်ရမယ် စတာတွေပါပဲ။ ဒီဖက်ဒရယ်မူတွေ ယခင်ညီလာခံတွေတုန်းက တည်းက ဆွေးနွေးလာခဲ့ပြီး အခု မိုင်ဂျာယန်မှာ ထပ်ဆင့်အတည်ပြုတဲ့ မူဖြစ်ပါတယ်။ ဒီအချက်တွေဟာ သိပ်ထူးထူးဆန်း ဆန်းတော့လည်း မဟုတ်ပါဘူး။ တကယ်တမ်း လက်စမသတ်ဖြစ်နေတာက ဟိုအဖွဲ့ထားခဲ့မယ်၊ ဒီအဖွဲ့ ချန်ခဲ့မယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်လက်ထက်က သဘောထားတင်းမာမှုကြောင့်လို့ ဆိုနိုင်ပါတယ်။

မည်သို့ဆိုစေ အစိုးရနဲ့ တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးကြရာကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း NCA (Nationwide Cease- fire Agreement) ရေးဆွဲနိုင်ခဲ့တာတွေ့ရပါတယ်။ ကံအကြောင်း မလှစွာဘဲ ဦးသိန်းစိန်အစိုးရဘက်က TNLA တအာင်း ပလောင်, MNDAA ကိုးကန့်၊ AA ရခိုင် စတဲ့ လက်နက်ကိုင် ၃ဖွဲ့ကို ပါဝင်ဖို့ ငြင်းဆန်ခဲ့တာကိုတွေ့ရမှာပါ။

တစ်ဖက်မှာ KIA ကချင်,SSA ရှမ်း, KNPP ကရင်နီ,NMSP မွန် စတဲ့အဖွဲ့တွေပါဝင်တဲ့ ညီညွတ်သော တိုင်းရင်း သားများ ဖက်ဒရယ်ကောင်စီ UNFC (Unite Natio-Nalites fedral Council)က NCA လက်မှတ်ရေးထိုးရာမှာ အားလုံးပါ ဝင်ရေးကိုစွဲ ကိုင်ထားတာကြောင့် NCA မှာ ပါဝင်လက် မှတ်ရေးထိုးဖို့ကို ငြင်းဆန်ခဲ့ကြပါတယ်။ NCA ကို ငြင်းဆန် သူလည်းရှိသလို ပါဝင်လက်မှတ်ရေးထိုးတဲ့  KNU, DKBA, KPC, ALP, RCSS, ABSDF, CNF, PNLO အဖွဲ့ ၈ဖွဲ့လည်းရှိပါ တယ်။ လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေကတော့ ကျန်အဖွဲ့တွေ NCA လက်မှတ်ထိုးဖို့အတွက် ဆက်လက်ကြိုးပမ်း သွားမယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်ဦးဆောင်ပြီး ၂ဝ၁၆ နှစ်ဆန်းမှာ ကျင်းပတဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေးညီ လာခံမှာ လက်မှတ်မထိုးတဲ့ အဖွဲ့တွေ မတက်ရောက်နိုင်ခဲ့ပါဘူး။ လက်နက်ကိုင် အင်အားနဲ့ကြည့်ရင် မတက်နိုင်တဲ့ လက်နက်ကိုင်တိုင်းရင်း သားတွေဟာ ၈ဝရာခိုင်နှုန်းနဲ့ အများစုဖြစ် နေတာတွေ့ရပါတယ်။

 

လက်နက်ကိုင်များ၏ စစ်ဘက်ဆိုင်ရာ သဘောထား

မိုင်ဂျာယန် တတိယနေ့မှာ အမျိုးကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒနဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးဆိုင်ရာ မူဝါဒတွေကို ဆွေးနွေးခဲ့ကြတာတွေ့ ကြပါတယ်။ ဒါက တပ်မတော်က ပြောပြောနေတဲ့ DDRကိုဆွေးနွေး ကြတာပါ။ Disarmament လက်နက်ဖြုတ်သိမ်း၊ Demobiligation တပ်ဖျက်သိမ်းနဲ့ Reintegration အရပ်သားအဖြစ် ပြန်လည်ပေါင်းစည်းခြင်းလို့ ဆိုပါတယ်။ အလွယ်ပြောရင်တော့ လက်နက်ဖြုတ်၊ တပ်ဖျက်၊ အရပ်သားလုပ်လို့ ပြောနိုင်ပါ တယ်။ နှစ် ၇ဝလောက်လက်နက်ကိုင်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အင်မတန်ခက်ပါတယ်။ တိုင်းရင်းသား တွေအနေနဲ့တော့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အတွက် SSR ခေါ် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အရင်းခံပြီး ဆွေးနွေးခဲ့ကြပါတယ်။ SSR Security Sector လုံခြုံရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုဖြစ်ပါတယ်။ သူတို့က SSR ပုံစံဖြစ်တဲ့ ပြည်နယ် တပ်သို့မဟုတ် စစ်ရဲအဖြစ်သာ ပြောင်းလဲချင်ကြပါတယ်။ ဒါက ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခုပါပဲ။ မိုင်ဂျာယန်မှာ တင်ပြဆွေး နွေးသည်များကတော့ ဖက်ဒရယ်ပြည်ထောင်စုမှာ ဖက်ဒရယ်တပ်မ တော်ရှိရမယ်၊ အလားတူ  ပြည်နယ်များမှာ လည်း ပြည်နယ် တပ်မတော်ရှိရမယ်ဆိုတဲ့ ဘက်က တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။တပ်က DDRဖြုတ်သိမ်းရေး။

 

ဦးသိန်းစိန်ဆောင်ရွက်ချက်နှင့်

ဒေါ်အောင်ဆန်းစုကြည်ခြေလှမ်း

နအဖ ရှိစဉ်ခိုက်မှာ နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းဖို့ စစ်ရေးအရ ဖိအားပေးတာတွေရှိခဲ့လို့ တချို့မခံနိုင်တဲ့ အဖွဲ့ငယ်လေးတွေ နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်း သွားခဲ့ကြပါတယ်။ အင်အားရှိတဲ့ လက်နက်ကိုင်အဖွဲ့ တွေကတော့ ငြင်းဆန်ခဲ့ကြပါတယ်။ ဒါကြောင့် KIA နဲ့ တိုက်ပွဲပြန်ဖြစ်တာတွေ၊ SSAနဲ့ MNDAA (ရှမ်း- ကိုးကန့်)တို့ကြားမှာ အုပ်စုကွဲအချို့ ပေါ်ထွက်လာခဲ့ပေမယ့် လက်မခံသူများပြန်လည်ရပ်တည်နိုင်ခဲ့ကြပါ တယ်။ NCA မှာ အားလုံးပါဝင်ဖို့အတွက် ရည်ရွယ်ခဲ့ ပေမယ့်လည်း UWSA ”ဝ”၊ NDAA ‘မိုင်းလား’၊ NSCN ‘နာဂ’တို့က လက်မှတ်မထိုးခဲ့ကြပါဘူး။ တစ်ခါ ဦးသိန်းစိန်ဘက်က လည်း MNDAA ‘ကိုးကန့်’၊ TNLA ‘ပလောင်’၊ AA ‘ရခိုင်’တို့ကို အသိအမှတ်မပြုပြန်တော့ NCA မှာပါဝင်တဲ့ အဝန်းအဝိုင်းဟာ သေးငယ်သွားခဲ့ပါတယ်။ တစ်ခါ NCA အတွက် လက်မှတ် ထိုးရန်လိုလားသော UNFC- United Nationalites Fedral Council (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ)မှာ ပါဝင်ကြတဲ့ KIA ကချင်၊ SSA ရှမ်း၊ NMSP မွန်၊ KNPP ကရင်နီ၊ ANC ရခိုင်၊LDU လားဟူ၊ WNO ‘ဝ’ အမျိုးသားအဖွဲ့ချုပ်စတဲ့ ၇ဖွဲ့ကလည်း အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားတာ ကြောင့် NCA လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ကြ ပါတယ်။

ဒါကြောင့် ၂ဝ၁၅ အောက်တိုဘာ ဦးသိန်းစိန် အစိုးရရဲ့ နောက်ဆုံးပိုင်းကာလ တွေမှာ KNU ကရင် KPC-DKBA, ABSDF, ALP, SSA, CNF, PNLO စတဲ့ ၈ဖွဲ့သာ ပါဝင်ရေးထိုးနိုင်ခဲ့ပါတယ်။ ရသမျှ ၈ဖွဲ့နဲ့ပဲ ၂ဝ၁၆ ဇန်နဝါရီမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ကျင်းပခဲ့ရပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေး ညီလာခံ စတင်ခဲ့တာလို့တော့ ပြောနိုင်ပါ တယ်။

NLD အစိုးရသစ်က ၂၁ ရာစုပင်လုံလို့ ကင်ပွန်းတပ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းကို စတင်ပါတယ်။ ယခင် ဏြဃ ကို အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့ပြီး ယခင် MPC- Myanmar Peace Center ကို NRPC- National Reco-nciliation and Peace Center (အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန) အဖြစ်ပြန် လည်ဖွဲ့ စည်းလိုက်ပြီး ၂ဝ၁၆ မေ ၉မှာ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်ကိုင်တွယ်ကာ ဒေါက်တာတင်မျိုးဝင်းကို တာဝန် ခံအဖြစ်ခန့်အပ်လိုက်ပါ တယ်။ ၂ဝ၁၆ ဇူလိုင် ၁၁မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၁၁ဦးပါဝင်တဲ့ NRPC ကို ဖွဲ့စည်းလိုက်ပြီးတော့ ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ငြိမ်းချမ်းရေးကော် မရှင်နဲ့ ဦးအောင်ကြည်ဦးစီး တဲ့ အကြံပေးနဲ့ အထောက်အကူပြုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက်မှာUNFC ဥက္ကဋ္ဌ ဦးအင်ဘန်လ (KIA) ဦးစီးအဖွဲ့နဲ့ ရန်ကုန်မှာလည်းကောင်း၊ KNU ဥက္ကဋ္ဌ စောမူတူး စေးဖိုးနှင့်လည်းကောင်း၊ UWSA အတွင်း ရေးမှူး ဦးပေါက်ယူချမ်းနှင့်လည်းကောင်း၊ NDAA မိုင်းလားဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့်လည်းကောင်း ဒေါ်အောင်ဆန်း စုကြည်က လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေးညီလာခံအတွက် အရှိန်အဟုန်မြှင့်ခဲ့တာကို တွေ့ရပါတယ်။

NCA ရဲ့ ထူးခြားချက်ကတော့ စစ်ဘက်ကလည်း သဘောတူညီမှုရှိတာကို တွေ့ရပါတယ်။ NCA အရ ဖွဲ့စည်းထားတဲ့ ကော်မတီ ၂ခု ညီလာခံ ၁ခုနဲ့ အစည်းအဝေး ၁ခုရှိပါတယ်။ ကော်မတီ ၂ခုက-

၁။ JMC ခေါ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီနဲ့။

၂။ UPDJC ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီတို့ဖြစ်ပါတယ်။

JMC မှာ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်ပါဝင်မှု အချိုးအစား၊တပ်မတော်တစ်စု၊ တိုင်းရင်းသား လက်နက်ကိုင်တစ်စုနဲ့ အရပ်သားဒေသခံတစ်စု ပါဝင်ပါတယ်။

UPDJC အစု သုံးစုပါဝင်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် (၁)စု (သုံး)ပွင့်လို့လည်း သတ်မှတ်နိုင် ပါတယ်။ ဒီသုံးစု သုံးပွင့်မှာ ကိုယ်စားလှယ်က စုစု ပေါင်း ၁၆ဦး၊ အစိုးရ -၉ယောက်၊ လွှတ် တော် ၂၊ တပ်မတော် ၅၊ တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ် ၁၆ဦးနဲ့ တရားဝင်နိုင်ငံရေးပါတီများ ၁၆ဦး။ သုံးစု-သုံးပွင့် စုစုပေါင်း ၄၈ဦးပါဝင်ပါတယ်။

UPDJC ဟာ သုံးပွင့်ဆိုင်ဖွဲ့စည်းထား ပြီးတော့ ၂၁ ရာစုပင်လုံကို ပူးတွဲဦးစီးတဲ့ ကော်မတီလို့ဆိုရပါမယ်။ ဒီအဆင့်ကနေ UPDJC က ဦးစီးကျင်းပမယ့် ၂၁ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပမှာ ဖြစ်ပါတယ်။

ယခင် ဦးသိန်းစိန်အစိုးရရဲ့ အားနည်းချက်က NCA မှာ အားလုံးပါဝင်ရေးကို ငြင်းပယ်ထားမှုဖြစ်ပါတယ်။ တစ်ပိုင်းတစ်စ အစီအစဉ်ဖြစ်နေခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကတော့ ‘ပါဝင်သင့်သူ’ အား လုံးပါဝင်ရေးကို ကြိုးပမ်းသွားမယ်လို့ ဆိုခဲ့ ပါတယ်။ NCA လက်မှတ်မထိုးသေးတဲ့ UNFC ၇ဖွဲ့၊ UWSA ‘ဝ’နဲ့ NDAA ‘မိုင်းလား’တို့ ကို ညီလာခံမှာ တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ၂ဝ၁၆၊ သြဂုတ် ၈ရက် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ် ရေးဦးစီးချုပ်အပါအဝင် တပ်မတော်အရာရှိကြီးများ တွေ့ဆုံညှိနှိုင်းတာကိုလည်း တွေ့ကြရပါတယ်။ အသေးစိတ် သတင်းများ မထုတ်ပြန်ပေမယ့် ညီလာခံနဲ့ပတ်သက်ပြီး ညှိနှိုင်းမှုရှိတယ်လို့ သုံးသပ်ကြပါတယ်။ သို့ပေမယ့် စစ်ဘက်က လက်နက်စွန့်ရမယ်လို့ ဆိုထားတဲ့ MNDAA ကိုးကန့်၊ TNLA တအာင်းပလောင်၊ AA ရခိုင် တပ်မတော် တို့နဲ့ စပ်လျဉ်းလို့ NRPC ကသီးခြား သဘောထားထုတ်ပြန်ခြင်း မရှိတာကြောင့် စစ်ဘက်သဘောထားကို မလွန် ဆန်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ ဒီလိုဖြစ်နေတာကို ကိုင်တွယ်ဆောင်ရွက်ဖို့အတွက်လို့ ယူဆရတဲ့ လုပ်ဆောင်မှု ကတော့ ၂ဝ၁၆၊ သြဂုတ် ၉မှာ ငြိမ်းချမ်းရေးကော်မရှင်ကနေ MNDAA, TNLA, AA ဥက္ကဋ္ဌများနဲ့ မိုင်းလားမှာ တွေ့ဆုံ ညှိနှိုင်းကြတာပါ။ ကော်မရှင်က အဲဒီသုံးဖွဲ့ကို လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ်ကြောင်း ကြေညာစေလိုပြီးတော့ သုံးဖွဲ့ကတော့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးဆောင်ရွက်သွားမယ်လို့သာ ဖော်ပြစေလိုပါတယ်။ အဲဒီ ဝေါဟာ ရသုံးစွဲမှုအပေါ်မှာပဲ နောက်ဆုံးအချိန်ထိ နှစ်ဖက်ညှိနှိုင်းလို့ မရခဲ့ပါဘူး။ အားလုံးပါဝင်ရေးဟာ မဖြစ်မြောက်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။

 

ပင်လုံညီလာခံစတင်ခြင်း

၂ဝ၁၆၊ သြဂုတ် ၃၁ရက်နေ့မှာ ၂၁ရာစု ပင်လုံညီလာခံကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နိုင်ငံတော်အပိုင်းက သမ္မတ ဦးထင်ကျော်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ဦးဆောင်တဲ့ ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်အပိုင်း က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဦးစီးချုပ်နဲ့ အရာရှိကြီး များ တက်ရောက်ခဲ့ကြပြီးတော့ ညီလာခံပေါ် အလေးထားမှုကို ပြသခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်က ၁၇ဖွဲ့တက်ရောက်ခဲ့ကြပါတယ်။

၁။ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေး ဖောနဲ့ ဒုဥက္ကဋ္ဌနော်စီဖိုးရာစိန် ဦးစီး၊ KNU။

၂။ ဒုဥက္ကဋ္ဌ စောထော့လေး အတွင်း ရေးမှူး နော်ကပေါ်ထူးဦးစီး- KPC။

၃။  DKBA

၎။ ဒုဦးစီးချုပ် ဗိုလ်ချုပ်စဝ်ဘောင်စေး ဦးစီး- RCSS-SSA ။

၅။ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းဦးစီး- PNLO ။

၆။ ဗဟိုကော်မတီဝင် စောမြရာဇာလင်း ဦးစီး- ALP။

၇။ ဥက္ကဋ္ဌ ရဲဘော်သံခဲဦးစီး- ALP။

၈။ ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျှံမှုန်း ဆာခေါင်းဦးစီး- CNF။

၉။ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် ဒုဥက္ကဋ္ဌ ၂ ဗိုလ်ချုပ်ဆွတ်ဂွမ်မော်ဦးစီး KIO/KIA။

၁ဝ။ ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်းဦးစီး SSPP/SSA

၁၁။ ဒုဥက္ကဋ္ဌ ခူဦးရယ်ဦးစီး KNPP

၁၂။ ဒုဥက္ကဋ္ဌ နိုင်ဟံသာဦးစီးMNSP

၁၃။ ဒုဥက္ကဋ္ဌ ခင်မောင်ဦးစီး ANC

၁၄။ WNO

၁၅။ LDU

၁၆။ ဥက္ကဋ္ဌ ဦးစိုင်းလင်းဦးစီး NDAA မိုင်းလား။

၁၇။ ၁၇၁ စစ်ဒေသဆက်သွယ်ရေး တာဝန်ခံ ဦးဆမ်လော့ဦးစီးUWSAတို့က ညီလာခံကို တက်ရောက်ခဲ့ကြပါတယ်။ အထက်ပါ စာရင်းမှာကြည့်ရင် ဦးသိန်းစိန် ကတည်းက ဘေးဖယ်ထားခြင်းခံရတဲ့ MNDAA ကိုးကန့်၊ TNLA တအာင်း ပလောင်နဲ့ AA ရခိုင်တို့ ညီလာခံကို တက်ရောက်ခြင်းမပြုပါဘူး။

နိုင်ငံရေးပါတီများ ၂ဝ၁၅ ရွေးကောက် ပွဲအနိုင်ရ ပါတီများက အားလုံးကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီးတော့ အနိုင်မရ တဲ့ ပါတီထဲက တက်ရောက်ဖို့စာရင်းပေး သွင်းတဲ့ ၅ပါတီတက်ရောက်ခဲ့တဲ့ အပြင် အစုအဖွဲ့ ၃စုက အဆိုပြုလာတဲ့ ပါဝင်သင့် ပါဝင်ထိုက်သူများလည်း ညီလာခံကို တက် ရောက်ခဲ့ကြပါတယ်။

ညီလာခံ တက်ရောက်သူများကိုကြည့်ရင်

အစိုးရ  ၇၅ဦး။

လွှတ်တော်      ၇၅ဦး။

တပ်မတော်      ၁၅ဝ။

တိုင်းရင်းသား    လက်နက်ကိုင်

အဖွဲ့များ     ၂ဝဝ။

တရားဝင်နိုင်ငံရေး

ပါတီများ     ၁၅ဝ။

တိုင်းရင်းသား ၅ဝ။

ပါဝင်သင့်ပါဝင်ထိုက်သူ   ၅ဝ။

စုစုပေါင်း ၇၅ဝ ဦးဖြစ်ပြီး လေ့လာသူနဲ့ နည်းပညာအထောက်အကူပြုများ အပါအဝင် နေ့စဉ်ညီလာခံတက်ရောက်သူ ၉ဝဝ ကျော်ခန့်ရှိပြီး ပင်လုံညီလာခံဖွင့်ပွဲနေ့ ကတော့ ဖိတ်ကြားတဲ့ ဧည့်သည်များအပါအဝင် ၁၆ဝဝ ခန့်တက် ရောက်ကြတာ ကို တွေ့ရပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှုနဲ့ ထောက်ခံမှုကို တွေ့ရတာကတော့ ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းလည်း တက်ရောက်ခဲ့ပြီး တရုတ်သံတမန် မစ္စတာ ဆွန်ကော့ရှန်လည်း တက်ရောက် တာတွေ့ရပါ တယ်။

 

ညီလာခံ အဖွင့်မိန့်ခွန်းများ

ညီလာခံမိန့်ခွန်းအနေနဲ့ ဒေါ်အောင် ဆန်းစုကြည်၊ လွှတ်တော်က ဦးဝင်းမြင့်၊ မန်းဝင်းခိုင်သန်း၊ တပ်မတော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ NLD နာယက ဦးတင်ဦး၊ KNU က စောမူတူးစေးဖိုး၊ KIO က ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ကုလသမဂ္ဂက ဘန်ကီမွန်းတို့က ငြိမ်းချမ်း ရေးအတွက် အားလုံးကြိုးပမ်းကြရန် ပြော ဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးဆွေးနွေးပွဲအတွက် အားလုံးလက်ခံနိုင်မည့် မူဘောင်တစ်ခု မရှိမဖြစ်လို အပ်သည်ဟု ပြောခဲ့ပြီး လက်နက်ကိုင်အဖွဲ့အားလုံး NCA ကို လက်မှတ်ထိုးရမည်ဟု ပြောပါတယ်။ ဒါက တပ်မ တော်ရဲ့ ရပ်တည်ချက်ကို သဘောတူလိုက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

သီးခြားစီ ပြောခဲ့ကြတဲ့ မိန့်ခွန်းတွေကို အခြေခံကြည့်ရင် အစုအဖွဲ့အသီးသီးရဲ့ သဘောထားနဲ့ ရပ်တည် ချက်တွေကို တွေ့ ရမှာဖြစ်ပါတယ်။ တပ်မတော်ကိုယ်စားပြုအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောရာမှာ တပ်မတော်ရဲ့ မူဝါဒ ၆ရပ်ဟာ အတိတ်ဖြစ်ရပ်တွေကို သုံးသပ်ထားတာမို့ နှစ်ဖက်လုံးလိုက်နာသင့် ကြောင်း၊ လူမျိုး စွဲဒေသစွဲဖြင့် မိမိဆန္ဒကို သာဦးစားပေးခြင်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ် ကြောင်း၊ ရှေ့ဆက်ကျင်း ပမယ့် အစည်းအဝေးများမှာ NCA ကို အခြေခံမူအဖြစ်ထား ရန်လိုကြောင်း ပြောခဲ့ပြီးတော့ လက်ရှိ ဒီမိုကရေစီ လမ်းကြောင်းမှာ လွတ်လပ်စွာရေးသားပြောဆိုခွင့်၊ အသင်းအပင်းဖွဲ့ခွင့်၊ ဆန္ဒပြခွင့်များကို ညွှန်းဆိုပြော ခဲ့ပါတယ်။ သို့ပေမယ့် သူ့မိန့်ခွန်းထဲမှာ ‘ဖက်ဒရယ်ပြည်ထောင် စုဟုလည်းကောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဟု လည်းကောင်း ထည့်သွင်း သုံးနှုန်းပြောဆိုခြင်းမရှိတာကို သတိပြုမိကြ ပါတယ်။

KNU ဥက္ကဋ္ဌစောမူတူးစေးဖိုးရဲ့ နှုတ်ဆက်စကားမှာတော့ ထူးခြားတာတွေ့ရပါတယ်။ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်မှာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးဆိုတဲ့ မဏ္ဍိုင် သုံးရပ်ရှိ ကြောင်း ပြောခဲ့ပြီးတော့ ၁၉၄၉ ပထမပင်လုံက လွတ်လပ်ရေးကို ရယူနိုင်ခဲ့ သလို ၂ဝ၁၆ (၂၁)ရာစုပင်လုံကလည်း ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်ရမယ်လို့ ဆိုပါတယ်။ UNFC ဥက္ကဋ္ဌနဲ့ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ တိုင်းရင်းသားများ အပြန်အလှန်ပူး ပေါင်းဆောင်ရွက်ပြီး သာစေနာစေမရှိဘဲ မျှဝေခံစားသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့လိုကြောင်းနဲ့ တိုင်းရင်းသားများ လက်နက်ကိုင်ရခြင်းမှာ ပင်လုံမှာ ပြု ခဲ့သည့်ကတိစာချုပ်ပါအချက်အလက်များကို ပြီးပြည့်စုံအောင် အကောင်အထည် မဖော်၍ဖြစ်ကြောင်း ပြောခဲ့ပါ တယ်။ သူ၏ နှုတ်ဆက်စကား ထူးခြားချက်ကတော့     တိုင်းရင်းသားများလက်နက်စွဲကိုင်ရတဲ့ အကြောင်းရင်းကို ဖော်ပြခဲ့ခြင်းဖြစ်ပါ တယ်။

တိုင်းရင်းသား လက်နက်ကိုင်များဘက်ကတော့ ၁၉၄၇ ပင်လုံကတိကဝတ်များ အကောင်အထည်ဖော်ဖို့နဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့လိုကြောင်း သဘောထားအသီးသီးကို ပြောကြားခဲ့ ကြပါတယ်။

 

ညီလာခံတွင်း ဆွေးနွေးချက်များ

ညီလာခံတွင်းမှာတော့ ပါဝင်တက်ရောက်သူ ၇၅ဝ ဦး အစုအဖွဲ့အနေနဲ့ကြည့် ရင် ၇ဖွဲ့ရှိပါတယ်။ စာတမ်းအဖြစ် တင်သွင်း ဖတ်ကြားကြရာမှာ ၇၂ဦးရှိတာတွေ့ရပါ တယ်။

အစိုးရ  ၅ဦး။

လွှတ်တော်      ၅ဦး။

တပ်မတော်      ၉ဦး။

တိုင်းရင်းသား လက်နက်ကိုင် ၁၄ဦး။

တရားဝင်နိုင်ငံရေးပါတီ   ၂၇ဦး။

တိုင်းရင်းသားအစုအဖွဲ့   ၆ဦး။

ပါဝင်သင့်ပါဝင်ထိုက်သူ   ၆ဦး။

စုစုပေါင်း         ၇၂ဦးတို့ဖြစ်ပါတယ်။

ဆွေးနွေးကြတာတွေကို အကြမ်းဖျင်း ကြည့်မယ်ဆိုရင် မတူကွဲပြားတာတွေတွေ့ ရသလို တူညီတာတွေလည်း တွေ့ကြရပါတယ်။ အစိုးရနဲ့ လွှတ်တော်က စစ်အနိဋ္ဌာရုံ စစ်ဘေးဒုက္ခသည်၊ ဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းရေးလိုအပ်ပုံနဲ့ နိုင်ငံရေးစားပွဲဝိုင်းမှ တစ်ဆင့် ဘုံသဘောတူညီချက် ရှာဖွေရယူ ပြီးတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင် စုတည် ဆောက်ဖို့ကို အလေးထားတင်ပြတာ တွေ့ရပါတယ်။

တပ်မတော်အစုအဖွဲ့ဘက်က ၉ဦး တက်ရောက်ပြီးတော့ သဘောထားများ တင်ပြဆွေးနွေးတာကို တွေ့ရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ နှုတ်ဆက်မိန့်ခွန်းပါ စကားတွေအတိုင်းပါပဲ။ ဖက်ဒရယ်ပြည် ထောင်စုဆို တဲ့ စကားကို လုံးဝထည့်သွင်း ပြောဆိုတာ မကြားရပါဘူး။ ၂ဝဝ၈ ဥပဒေဟာ ဖက်ဒရယ်မူတွေ အပေါ်မှာ အခြေခံဆွဲထားတာဖြစ်ကြောင်း ရပ်ခံဆွေးနွေးတာ တွေ့ရပါတယ်။ တပ်မတော်ရဲ့ မူဝါဒ ၆ချက် ကို ဒုဗိုလ်မှူးကြီး ဇော်ဦးကဆွေးနွေးပြီး NCA ကို ထိန်းသိမ်းဖို့ သတ်မှတ်ချိန်အတွင်း DDR/SSR ပြုလုပ်ရန်နဲ့ အပစ်ရပ်စဲရေးမှာ နိုင်ငံခြားမှ ဝင်ရောက်ကြီးကြပ်ဖို့ မလိုကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဗိုလ်မှူးကြီးနေမင်းထွန်းက ၂ဝဝ၈ အခြေခံ ဥပဒေမှာ ဖယ်ဒရယ်မူပါရှိကြောင်း၊ DDRကို သတ်မှတ်ချိန်အတွင်း လုပ်ဆောင်ရန်လိုကြောင်း၊ အခြေခံဥပဒေ အခန်း ၁၅ခန်းမှာ ပုဒ်မ ၄၅၇ အနက် မည်သည့် ပုဒ်မက ဖက်ဒရယ်မူနှင့်မကိုက် ညီသည်ကို အသေးစိတ် ထောက်ပြရန်လိုကြောင်း တင်ပြသွားတာတွေ့ရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များက ဆွေးနွေးတာကို လေ့လာရင်တော့ KNU, KPC, DKBA သုံးဖွဲ့က စာတမ်းတစ်စောင်အဖြစ် ဖတ်ကြားခဲ့ပါတယ်။ အလားတူ UNFC ၇ဖွဲ့က ဘုံသဘောတူစာတမ်း ကို NMSP(မွန်) ဒုဥက္ကဋ္ဌ နိုင်ဟံသာအပါ ၅ဦးတို့က ဖတ်ကြားဆွေးနွေးခဲ့ပါတယ်။ မိုင်ဂျာယန် ညီလာခံမှာ ဆွေးနွေးခဲ့တဲ့ ပြည် နယ်လုပ်ပိုင်ခွင့်၊ သယံဇာတခွဲဝေရေး၊ ပြည်ထောင်စုတပ်မတော်နဲ့ ပြည်နယ်တပ်များ ဆိုင်ရာလုံခြုံရေး၊ စီးပွားရေး လူမှုရေးနဲ့ မြေယာကဏ္ဍများကို ခွဲ၍ ဖော်ပြထားတာတွေ့ရပါတယ်။ CNF ချင်းအမျိုးသားတပ်ဦး ဒု ဥက္ကဋ္ဌ-၂ ဒေါက်တာဆလိုင်းလျံမုန်းဆာ ခေါင်း၊ PNLO ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌခွန်မြင့်ထွန်း၊ ABSDF က ရဲဘော်မြင့်ဟိန်း၊ ALP ရခိုင် ပြည်သူ့လွတ်မြောက်ရေးပါတီက ဦးခိုင်ထွန်းဝင်း၊ RCSS ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီက ဒုဗိုလ်မှူးကြီးစိုင်းငင်းတို့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ စုပေါင်း အုပ်ချုပ်တဲ့ ဖက်ဒရယ် စနစ်ကျင့်သုံးရေး၊ SSRပြဿနာ၊ စစ်အာဏာရှင်စနစ်အောက်တွင် ဒီမိုကရေစီတန်ဖိုးလျော့ခြင်း၊ ဖိအား ပေးခံရပြီး နိုင်ငံရေးပြဿနာကို မဖြေရှင်း ခဲ့လို့ လက်နက်ကိုင်တော်လှန်မှုတို့ ပေါ်ပေါက်လာခြင်းစသဖြင့် ဆွေးနွေးခဲ့ကြပါ တယ်။ ချုပ်၍ဆိုရလျှင် ပြည်ထောင်စု တပ်မတော်တစ်ရပ်ကို လက်ခံပေမယ့် ပြည်နယ်တပ်ရှိရန် လိုအပ်ကြောင်းနဲ့ တပ်မတော်ဟာ အရပ်သားအစိုးရ လက်အောက်မှာရှိရမယ်လို့ ရပ်ခံကြပါတယ်။ အထူးသဖြင့်တော့ အာဏာတူ လွှတ်တော်နှစ်ရပ်ထားရှိရေးနဲ့ တိုင်းရင်းသားအားလုံးနေထိုင်ရာ တိုင်းပြည်ဖြစ်လို့ တိုင်းပြည်နာမည်ပြောင်းဖို့ တင်ပြမှု အချို့ရှိတာတွေ့ရပါတယ်။

တရားဝင်နိုင်ငံရေးပါတီများ အစုအဖွဲ့က တင်ပြမှုတွေဟာ ကွဲပြားခြားနားမှုအလွန် များပြီးတော့ လိုက်လျောရန်ခက်ခဲတဲ့ လိုအင်ဆန္ဒတွေ အများအပြားကိုတွေ့ရပါတယ်။ တအာင်းပလောင်၊ ပအို့ဝ်၊ ရှမ်းနီ၊ ‘ဝ’ပြည် စတဲ့ ပြည်နယ်သစ်များဖွဲ့စည်းဖို့ တင်ပြတာ တွေ့ရသလို လီဆူး၊ အာခါ တို့က ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဖွဲ့စည်းပေး ဖို့တောင်းဆိုတာလည်းတွေ့ရပါတယ်။ ချုပ် ပြီးပြောရမယ်ဆိုရင်တော့ ဖက်ဒရယ်မူ တောင်းဆိုမှုများအပြင် ကွန်ဖက်ဒရိတ် အဆင့်တောင်းဆိုမှုများလည်း တွေ့ရပြီး တော့ တပ်မတော်ကို အရပ်ဘက်အောက်မှာထားဖို့ တူညီတဲ့သဘောတွေလည်း တွေ့ရပါတယ်။ တိုင်းရင်းသားအစု အဖွဲ့မှာတော့ ကဒူးတိုင်းရင်းသား ကိုသန်းဇော်ဦးက ‘ဒုဗိုလ်မှူးကြီး စိုးတင့်က နိုင်ငံတကာစံနှုန်းနဲ့ နှိုင်းယှဉ်ပြီး ဒီမိုကရေစီ အပြည့်အဝရှိသည်ဟု ဆိုခဲ့ပါကြောင်း၊ သို့ဆိုလျှင် နိုင်ငံရေးတွင် တပ်မတော်ပါဝင်နေသည့် အခန်းကို ပြန်လည်သုံးသပ်ဖို့ လိုကြောင်း’ ထောက်ပြခဲ့ပါတယ်။ သူ့ကို ဗမာတစ်ကျပ်၊ ကဒူးတစ်ကျပ်ရအောင် တောင်းခဲ့ရန် မှာလိုက်ကြောင်း ပြောခဲ့ပါ တယ်။ သတိပြုစရာကတော့ လူနည်းစုတိုင်းရင်းသားများကို အကာအကွယ်ပေးမယ့် အစီအမံများ၊ ပြဋ္ဌာန်းချက်များ လိုအပ် နေတာ သတိထားကြရမှာဖြစ်ပါ တယ်။

ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့အနေနဲ့တော့ ပညာရှင်ဆန်ဆန် ချဉ်းကပ်တင်ပြသွားတာကို တွေ့ရပါတယ်။ ဦးကိုကိုလှိုင်က အပြောင်းအလဲမြန်လျှင် အန္တရာယ်ရှိနိုင်ကြောင်း တင်ပြသွားပါတယ်။ သူက နဝတ၊ နအဖ နှစ်ဆက်လုံးမှာ စစ်အစိုးရဘက်က တစ်လျှောက်လုံးရပ်တည်ခဲ့သူဆိုတော့ သူ့သတိပေးချက်ကြောင့် အပြောင်း အလဲ နှေးကွေးမှုကို လူထုက ဆင်းရဲတွင်း နက်နေတော့ကာ လက်ခံချင်ကြမှာ မဟုတ်ပါဘူး။ သမ္မတရုံးက ညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးဇော်ဌေးက အဲဒီအစုမှာ ပါဝင်ဆွေးနွေး တာတွေ့ရပါတယ်။ ဖက်ဒရယ်မူနဲ့ စပ် လျဉ်းပြီး စဉ်းစားဖွယ်ရာတွေ ဆွေးနွေးသွား ကြောင်းသိရ ပါတယ်။

 

လူထုနှင့် ဆက်စပ်သွားသော

(၂၁)ရာစု ပင်လုံ

(၂၁)ရာစုပင်လုံ မကျင်းပမီနဲ့ ကျင်းပဆဲမှာ တီဗွီ-ရေဒီယိုကတစ်ဆင့် တိုင်းပြည်နဲ့ လူထုကို ပွင့်လင်းလွတ်လပ်စွာ ချပြပါ့မလားလို့ စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ လူထုကိုချပြဖို့ ထုတ်ပြန်ဖို့ တပ်ပိုင်းက သဘောမတူကြောင်း ကြားရတာတွေ လည်းရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတစ်ရပ်လုံးကို ပွင့်လင်းလွတ်လပ်စွာ သိရှိခွင့်ရလိုက်ခြင်းဟာ ပြည်သူလူထုက စဉ်းစားဆုံးဖြတ်ခွင့်ရသွားတာလည်း ဖြစ်ပါတယ်။ ဒါဟာ ညောင်နှစ်ပင်ညီလာခံ နဲ့ကွဲလွဲချက်၊ ပွင့်လင်းမြင်သာတဲ့ ဆောင် ရွက်ချက်ဖြစ်လို့ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ညီလာခံစည်းကမ်းထဲမှာ အသံမဖမ်း ရဆိုတာပါရှိနေခဲ့ပြီး ညနေစောင်းမှာ စာ တမ်းများကို တိုက်ရိုက်ထုတ်လွှင့်မည်ဟု ကြေညာ၍ နောက်ဆုံးအချိန်မှ အပြောင်း အလဲလုပ်ခဲ့တာလို့ နောက်မှ သိကြရပါ တယ်။

အဖြေရှာဖို့ဆိုတဲ့ အပိုင်းကိုကြည့်ရင် ဒေသအသီးသီးက ပြည်သူအသီးသီးဟာ ဘယ်အဖွဲ့က သမာသမတ်ကျတယ်၊ ဘယ် အဖွဲ့က ဗိုလ်ကျတယ်၊ ဘယ်အဖွဲ့က ပြင်းထန်တယ်ဆိုတာ သဘောထားတွေ ထွက်လာတာ အသေအချာပါပဲ။ တောင်းဆိုချက် တွေမြင့်သည်ဆိုစေ ဒါဟာ နှစ် ၇ဝပြောခွင့် မရခဲ့ကြတဲ့အပေါ်မှာ ပွင့်အန်လာတာလို့ သုံးသပ်နိုင်ပါတယ်။ ယခင်အတွေ့အကြုံတွေအရလည်း အာဏာပိုင်များက ကြိုက်သလိုဆုံးဖြတ်တာဆိုတော့ တစ်ကျပ်ဖိုး လောက်တောင်းမှ ၁ဝပြားဖိုးမသေချာတော့ ကာခံစားချက်တွေက မြင့်နေတာလည်း တွေ့ရပါတယ်။ တစ်ဖက်က လူမျိုးစွဲ ဒေသစွဲတွေနဲ့ တောင်းနေတိုက်နေကြတာလို့ မြင်သလို တိုင်းရင်းသားတွေဘက်ကလည်း ပင်လုံကတိတွေအကောင်အထည်မဖော်လို့ တိုင်းရင်းသား အခွင့်အရေးတွေ မရလို့စတဲ့ အကြောင်းတွေနဲ့ လက်နက်ကိုင်ရကြောင်း မြင်ကြတာလည်းရှိပါတယ်။

ညှိနှိုင်းကြရမှာတွေကတော့ များတာတွေ့ရပါတယ်။ ဒါလည်း အသီးသီးအဖွဲ့တွေက အများသဘောကို မတွေးဘဲ ကိုယ့်အကြိုက်ကိုသာ ဇွတ်ပြောနေလို့ များနေတာလို့ဆိုနိုင်ပါတယ်။ တပ်မတော်က ၂ဝဝ၈ မှာ ဖက်ဒ ရယ်ပါပြီးသားလို့ ပြောနေတယ်။ ပြည်နယ်ဖွဲ့စည်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖွဲ့ပေးတာကို ဇောင်းပေးပြော ပေမယ့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေတာကို စဉ်းစားပုံမရပါ ဘူး။ တပ်မတော်ကDDR လက်နက်ဖြုတ်ဖို့ ကို ဦးစွာလုပ်ရမယ်လို့ ရပ်ခံရာမှာ တိုင်းရင်းသားတွေက SSR ပြည်နယ်တပ် ဖွဲ့စည်းရန်လိုတယ်လို့ ရပ်ခံကြပါ တယ်။ ဒီမိုကရေစီရှိပြီဖြစ်လို့ လွှတ်တော်လမ်းကြောင်းကနေ နိုင်ငံရေးပြဿနာများရှင်းရန် တပ်မတော်ကရပ်ခံ ပေမယ့် နိုင်ငံရေးနယ်ပယ်လွှတ်တော်မှာ တပ်မတော်ပါဝင်နေသေးတာကြောင့် ဒီမိုကရေစီမပြည့်ဝသေးပါလို့ တိုင်းရင်းသားတွေဘက်ကရပ်ခံထားကြပါတယ်။ ဒါ့အပြင် တပ်မတော်က ပြည်နယ်တွေကို ပထဝီဒေသပေါ် အခြေခံပြီး ဖွဲ့စည်းဖို့ တင်ပြခဲ့တာရှိပါတယ်။ ရှမ်းပြည်နယ်အစား တောင်ကြီးပြည်နယ်လို့ ပြောင်းတာမျိုးဖြစ်ပါ တယ်။ တိုင်းရင်းသားအဖွဲ့ဖြစ်တဲ့ MNSP က နိုင်ဟံသာကလည်း တိုင်းရင်းသားပေါင်းစုံ အတူနေတာဖြစ်၊ မြန်မာနဲ့ ဗမာလည်း အတူတူဖြစ်လို့ နိုင်ငံနာမည်ပြောင်းသင့်ကြောင်း တင်ပြတာလည်း တွေ့ရပါတယ်။ ဒါလည်း တစ်ကျပ် ဖိုးတောင်းမှ ဆယ်ပြားဖိုးရမယ်လို့ တွေးတာမျိုး ဖြစ်ပါတယ်။ နှစ်ဖက်ညှိနှိုင်းကြဖို့ပါပဲ။ အင်အားတပြပြ အစွယ် တငေါငေါနဲ့ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။

 

လိုက်နာရန်ခက်ခဲနေသော NCA

UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီနဲ့ NCAတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးရေးနဲ့ပတ်သက်တဲ့ အချက်များကို ထည့်သွင်းစဉ်းစားကြရာမှာ စစ်ရေးအရ စစ်ဘက်ဆိုင်ရာစည်းမျဉ်းစည်း ကမ်းစောင့်ကြည့်ရေး လမ်းညွှန်မှုတို့ကို ကြိုတင်သဘောတူညီမှုရရှိရန် JMC- Joint Military Committee (အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ)မှာ နိုင်ငံတကာ အစိုးရကိုယ်စားလှယ် များ ပါဝင်ခွင့်ပြုရန်၊ NCA သဘောတူညီချက်များကို မလိုက်နာလျှင်၊ သဘောတူညီချက်ပါအတိုင်း မဖြေရှင်းလျှင် ပြည်တွင်းပြည်ပ တရားသူကြီးများပါဝင်သော လွတ်လပ်သော ကော်မရှင်တစ်ရပ်ဖွဲ့စည်းရန် စတဲ့ အချက်များနဲ့ သုံးပွင့်ဆိုင်ကျင်းပရန် (၂၁) ရာစုပင်လုံကရတဲ့ အချက်များနဲ့ ဥပဒေများ ရေးဆွဲရန်တို့ကို တင်ပြဆွေးနွေးတာတွေ့ ရ ပါတယ်။

မကြာခဏ အငြင်းပွားရမယ့် NCA ပါ အချက်အနေနဲ့ကြည့်ရင် ပိုင်နက်အတွင်း အခွန်ငွေကောက်ခံခြင်းကိစ္စ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အားလုံးလိုလို အခွန်ကောက်ခံပြီး ဘဏ္ဍာငွေဖြည့်တင်းရပါတယ်။ အခွန်မကောက်ဖို့ဆိုတာ ခက်ခဲပါ တယ်။

လူသစ် တပ်သားသစ်စုဆောင်းမှု တပ်အင်အားဖြည့်မှုကိုလည်း ရပ်တန့်ဖို့ ခက်ခဲတာပါပဲ။ တပ်မတော် ဘက်ကလည်း NCA လက်မှတ်ထိုးပြီး တိုင်းရင်းသားတွေကို စစ်အင်အားတောင့်တင်းအောင် အချိန်ပေးသလိုဖြစ် မှာ စိုးရိမ်သလို တိုင်းရင်းသားတွေ ဖက်ကလည်း တပ်မတော်က တပ်အင်အား တိုးချဲ့တာ၊ လက်နက်အသစ်အ ဆန်းများ တပ်ဆင်တာ၊ ဝယ်ယူဖြည့်တင်းမှာကို စိုးရိမ် ကြောင့်ကြမှုရှိကြပါတယ်။ NCA လက်မှတ် ထိုးဖြစ်ကြတဲ့ တိုင်အောင် တိုင်းရင်းသားကလည်း အင်အားဖြည့် တပ်မတော်ကလည်း အင်အားဖြည့်ကြမှာကြောင့် အကဲဆတ် တဲ့ အကြောင်းဆိုပါတယ်။ တပ်မတော်က ပြည်တွင်းပြည်ပက ပညာရှင်တွေကို ဘယ်တုန်းကမှ မပါစေချင်ခဲ့ ပါဘူး။ လက်မခံခဲ့ချင်ပါဘူး။ သူတို့ချည်းပဲ လုပ်နိုင်တယ်လို့ ယူဆသလို တစ်ဖက်ကလည်း သူတို့ချည်းဆိုမယုံ ကြည်ပြန်ပါ ဘူး။

 

ညီလာခံအပိတ်မိန့်ခွန်းနှင့်

ဒေါ်အောင်ဆန်း စုကြည်

၂ဝ၁၆ ခုနှစ် သြဂုတ် ၃ရက်နေ့က စတင်ခဲ့တဲ့ ပထမအကြိမ် (၂၁)ရာစုပင်လုံ ညီလာခံဟာ ၂ဝ၁၆ စက်တင်ဘာ ၃ဝရက် နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ စာတမ်းတွေ ဖတ်ကြားဆွေးနွေးတာတွေ စောင့်ကြည့်လေ့လာ ခဲ့ကြပါတယ်။ ရပ်တည်ချက် သဘောထား အသီးသီးကို တွေ့ခဲ့ရကြားခဲ့ရပါတယ်။ ညောင်နှစ်ပင်နဲ့ မတူခြားနားစွာပဲ ပြည်သူ တွေ သိရှိပိုင်ခွင့်ရ ခဲ့ကြပါတယ်။ နှစ်ပေါင်း ၇ဝအကြာမှ ပြောခွင့်ရတာမို့ ရေကာတာ ကျိုးကျသလို တဝေါဝေါ ရင်ဖွင့်သံတွေလည်း ကြားခဲ့ကြမှာ ပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျေးဇူးစကားပြောရာမှာ ပြဿနာရှိ တာစိုးရိမ်စရာမရှိ၊ ပြဿနာမရှိယောင် ဆောင်ခြင်းသာ စိုးရိမ်စရာရှိတာ ပြဿနာကို ရဲရဲဝင့်ဝင့်ဖြေရှင်းဖို့သာ လိုတယ်လို့ ဆိုပါတယ်။ ညီလာခံမှာ ပွင့်လင်းစွာပြောဆို နေမှုထဲက ဘယ်သူက အတိတ်ကိုဖက်တွယ်နေသလဲ၊ ဘယ်သူက အနာဂတ်ကို ရှေးရှုနေသလဲ၊ အတိတ်ချည်နှောင် မှုကိုမခံဘဲ အနာဂတ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ပြောပါတယ်။ တိုင်းရင်းသားတွေကတော့ အတိတ်သင်ခန်း စာယူပြီး အနာဂတ်ကို လှမ်းနေကြတာပါ။ သို့ပေမယ့် NLDပါတီဝင်တွေဟာ ပြည်ထောင်စုမှာ ဘယ်လိုဖက်ဒရယ်မူက သင့်တော်ကြောင်း ပြောခဲ့ကြ တာမပါသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို တစ်လုံးတစ်ပါဒမှ မပြောခဲ့ပါ။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားပါတီများရဲ့ မတူတဲ့ အမြင်များကို စေ့စပ်ညှိနှိုင်းသူနေရာကပါဝင်ပြီး ပြဿနာများကို ဖြေရှင်းရန် ကြံရွယ်ထားပုံရတယ်လို့ ဆိုပါတယ်။ စေ့စပ်ညှိနှိုင်းရ တဲ့အချက် နဲ့ အခြေခံဥပဒေကိုပြင်ဆင်ဖို့ ကြံရွယ်ထားတယ်လို့ သုံးသပ်ရပါတယ်။

မည်သို့ဆိုစေကာမူ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ပြဿနာ၊ အနောက်တံခါးဝက ရခိုင်ပြည်နယ်ရဲ့ အရေးပေါ်ပြဿနာကိုင်တွယ်ဖြေ ရှင်းရင်းကပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သမိုင်းပေးတာဝန်အရ ဖြေရှင်းရ တော့မှာ ဖြစ်ကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းခေတ်လွန် ဒုတိယပင်လုံအတွက် အားစိုက်လုပ် အောင်သွားရ­­­မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။