၅၈ အာဏာသိမ်းခြင်းနှင့် ဗီတိုမှသည်

နောက်ထပ်အရွေ့ (သို့) ၂၀၂၁

စိုင်းထွန်းအောင်လွင်

အစဉ်အဆက် သိကြသည်မှာ ၁၉၅၈ခုနစ်တွင် တိုင်းပြည်ယိုယွင်းမှုကြောင့် စစ်တပ်ကို အာဏာလွှဲအပ်ပြီး အိမ်စောင့် အစိုးရဖွဲ့ အုပ်ချုပ်စေသည်ဟု နားလည်ခဲ့သည်။ အမှန်မှာ အာဏာသိမ်းခြင်းသာဖြစ်သည်။ ဗိုလ်နေဝင်းနှင့် ဗိုလ်မောင်မောင် ပြောဆိုသည့် အောက်ပါ စကားပြော ကောက်နုတ်ချက်ကို ကြည့်ရင်းဖြင့်ပင် သိနိုင်သည်။

“တစ်ချီတည်းနဲ့ အားလုံး ကိစ္စပြတ်သွားအောင် လုပ်ရမှာကိုကွာ။ မင်းဘယ်လိုလုပ်လိုက်တာလဲ ဗိုလ်မောင်မောင်ရာ။ နိုင်ငံရေး ကိစ္စတွေအားလုံး အခြေအနေအရ မီးစင်ကြည့်ကပြီး တစ်ချက်တည်းနဲ့ ကိစ္စပြတ်သွားအောင် မင်းမလုပ်နိုင်ဘူးလား။” ဆိုသည့် ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မောင်မောင်ကို ပြောသည့် စကား ကောက်နုတ်ချက်ပင်။

ဖဆပလ အကွဲအပြဲနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေး တင်းမာမှု မြင့်လာစဉ် အာဏာသိမ်းရန် ရန်ကုန်မြို့တွင် တပ် များနေရာချထား တင့်ကားများ လှည့်လည် အသင့်စောင့်ဆိုင်းနေချိန် အဲတုန်းက တပ်မတော် ဒုတိယခေါင်းဆောင် များဖြစ်သည့် ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့မှာ ခရီးက ပြန်လာသည့် ဦးနုနှင့် သွားတွေ့ပြီး ဦးနုက အာဏာ မသိမ်းနှင့် လွှဲပေးမယ် ရွေးကောက်ပွဲ ပြန်လုပ်ပေးဆိုသည့် စာကို ပေးလိုက်မှုအပေါ် ဗိုလ်နေဝင်းက ဗိုလ်မောင် မောင်ကို တုံ့ပြန်ခဲ့ခြင်းပင်။

ဗိုလ်မှူးချုပ်မောင်မောင်ကိုယ်တိုင်ရေး စာအုပ်နှင့် ဦးနုရေး တာတေ စနေ စာအုပ်ဖော်ပြချက်အရမူ-
“ဦးနုအနေဖြင့် ယင်းကာလတွင် မန္တလေးမှ ရန်ကုန်သို့ ဧရာဝတီ မြစ်ရိုးအတိုင်း သဘောၤဖြင့် စုန်ဆင်းလာခဲ့သည်။ ရန်ကုန်ရောက်လျှင်ရောက်ချင်း သူ့အိမ်ထဲတွင် ရဲဘော်လေးများ မြေကတုပ်တူးနေသည်ကိုတွေ့ရသလို မေးကြည့် တော့ အာဏာလာသိမ်းမယ်ကြားလို့ ၊ ခံပစ် မလို့ဟု ဦးနုခြံဝင်းထဲမှ ရဲဘော်တဦးက ဖြေလေသည်။ ယင်းနေ့တွင် ပင် ဗိုလ်မင်းခေါင်က ဦးနုအား လာတွေ့ပြီး ယနေ့ည အာဏာသိမ်းလိမ့်မည်ဖြစ်ကြောင်းနှင့် ထွက်ပြေးနိုင်ရန် လေယာဉ် စီစဉ်ထားကြောင်း ပြောလေသည်။ ဦးနုက သူဟာ တရားခံ မဟုတ်လို့ ထွက်ပြေးစရာ မလိုအပ်ဟု ပြော လေသည်။
ယင်းနေ့ညတွင် အာဏာမသိမ်းဖြစ်ပဲ နောက်တစ်ရက် မနက်တွင်မူ ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်မှူးချုပ် မောင် မောင်တို့မှာ ရောက်လာခဲ့ပြီး ‘အာဏာမသိမ်းကြနဲ့အာဏာသိမ်းတာ မကောင်း စစ်တပ်လည်း နာမည်ပျက်တယ်။ တိုင်းပြည်လည်းနာမည်ပျက်တယ်။ အဲဒီတော့ နောက် ၆ လကြာရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကို ကျင်းပပေးပါ့မယ်လို့ စစ်တပ်က ကတိပြုရင် စစ်တပ်ကို သူအာဏာလွှဲပေးမယ်။ ဒီလိုအာဏာလွှဲပေးဖို့အတွက် လွှတ်တော်ကို ခေါ်လိုက်မယ်။ လွှတ်တော် ကျင်းပတဲ့နေ့မှာ သူဝန်ကြီးချုပ် ရာထူးက ထွက်ပြီး လွှတ်တော်က ဗိုလ် ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်အောင် သူအဆိုတင်သွင်းမယ်လို့ ပြောပြီး သူပြောတဲ့အချက် တွေကို ဝန်ကြီးချုပ် ဦးနုက စာရွက်တရွက်ပေါ်တွင် ရေးပေးလိုက်သည်။ ယင်းအခြေအနေအရ ယာယီ အာဏာလွှဲ ပေးသော်လည်း လွှတ်တော်မှာ ဆက်ရှိနေမည့်သဘောဖြစ်သည်။
ယင်းသို့ လာဆွေးနွေးစဉ် မလှမ်းမကမ်း ဦးဝိစာရလမ်းပေါ်တွင် တင့်ကားဖြင့် စစ်တပ်က စောင့်နေသည်ဟုလည်း ကိုယ်တွေ့ကြုံရသူများကဆိုကြကာ ပြေလည်မှု မရပါက အာဏာသိမ်းရန် ပြင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်မှူးချုပ်မောင်မောင်တို့မှာ ယင်းစာရွက်အားယူသွားပြီး ဗိုလ်ချုပ်နေဝင်းကို မေးပါရ စေ ဟု ဆိုကာ ညနေပိုင်းတွင်မူ ဗိုလ်ချုပ်နေဝင်းက သဘောတူသည်ဟု စကားပြန်ကြောင်း ၎င်းတို့နှစ်ဦးက ဦးနုထံ လာပြောကြသည်”ဟု တာတေစနေတွင် ဖော်ပြသည်။

“ဗိုလ်မှူးချုပ်မောင်မောင်ကမူ တပ်မတော်သည် အစိုးရ (သို့မဟုတ်) မိမိတို့ ရဲဘော် ရဲဘက်များအပေါ်သစ္စာ ဖောက် သူများဟု သမိုင်းမှတ်တမ်းတွင်မည့်အဖြစ်ကို ရှောင်ရှားနိုင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဖတ်ဆယ်ရန် ကူညီပေးသူများဟု မှတ်တမ်းဝင်မည်ဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့သည်။” စသဖြင့်။

အနိမ့်ဆုံးအနေဖြင့် ကြည့်လျှင် တပ် လုံခြုံရေးများဖြင့် အသင့်နေရာယူကာ ညှိမရလျှင် အာဏာသိမ်းမည် ဆိုသည့် သဘောတော့ ဆောင်ခဲ့သည်သာ။ အသေးစိတ် ရေးလျှင် အများကြီးရေးရမည် ဖြစ်သဖြင့် ယခုနေရာတွင် မရေးလိုတော့


၅၈ ခုနစ် အိမ်စောင့်အစိုးရ အာဏာယူမှုကို ကြည့်လျှင်

(က) တည်မြဲ – သန့်ရှင်း ပဋိပက္ခ
( တည်မြဲ အုပ်စုတွေက စစ်အတွင်း အရေးတော်ပုံပါတီဘဝကတည်းက နောက်ပိုင်း တပ်မတော်မှာ အဓိက နေရာ ရလာတဲ့ တပ်ရင်း (၄) ( ဆိုရှယ်လစ် တပ်မှူးများ ) အုပ်စု နဲ့ နီးစပ်ခဲ့ပြီး ဗိုလ်နေဝင်းကိုယ်တိုင် ဗမာပြည်ဆိုရှယ် လစ်ပါတီ ဥက္ကဌအဖြစ် ယာယီတာဝန်ထမ်းခဲ့ဖူး )

ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် အယုံအကြည်မရှိအဆိုကို ဦးနုကျော်လွှားနိုင်ပေမယ့် ပါတီ လက်ကိုင်တုတ်လို ဖြစ်လာတဲ့ ပျူစောထီးတွေကြောင့် သတ်ဖြတ်မှုတွေဖြစ်လာ၊ နောက်ရွေးကောက်ပွဲလုပ်ဖို့ မတည်ငြိမ်တဲ့ အခြေ အနေ မျိုးတွေ ဖြစ်လာတာ၊ အစိုးရအောက် ပြည်ထဲရေးက ဗိုလ်မင်းဂေါင်တို့ကလည်း စစ်တပ်နှင့် နီးစပ်သူစစ်ရဲများအား နေရာရွေ့ပြောင်းရာထူးချခြင်း၊ တချိန်တည်းတွင် တပ်မှ အာဏာသိမ်းမည်ဟု သတင်းများ ပျံ့လာချိန်တွင် ရန်ကုန် မြို့ပေါ်အထိ ၎င်းလက်အောက် စစ်ရဲများကို နေရာရွှေ့ခုခံရန်ပြင်ခြင်းများလုပ်လာကြသည်။ တည်မြဲအုပ်စုက လည်း တပ်ကို အဲဒီ အခြေအနေအပေါ်အခွင့်ယူအာဏာထိန်းဖို့ တိုက်တွန်းလာတာမျိုး။

(ခ) အုပ်စု ဂိုဏ်းဂဏဆန်တဲ့ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး

တကယ်လည်း ဂိုဏ်းဂဏဆန်ခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်အပြီး လွတ်လပ်ရေးရလာသည့် တိုင်းပြည်များမှ တပ်မ တော်များမှာ နိုင်ငံရေးကဲတတ်သလို အမျိုးသားရေးဆန်သည့် တပ်မတော်များဖြစ်သည်။ မြန်မာ့တပ်မတော်က ထိုထက်ပိုနိုင်သည်။ စဖွဲ့ကတည်းက နိုင်ငံရေးဇတ် ပါလာသည်ဟု ဆိုကြသည်။ ဖဆပလ အတွင်း ဦးနုမှာ ပါတီ လက်ကိုင်မရှိသည့်ခေါင်းဆောင်ဖြစ်ရာ ပြည်တွင်းစစ်အစောပိုင်း အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်နှင့် ဆိုရှယ်လစ် တပ်တို့ ညီခဲ့သည့်အသွင်ဆောင်နေသော်လည်း နောက်ပိုင်း တည်မြဲအုပ်စု အကွဲအပြဲအပြင် အခြား ငြိမ်းချမ်းရေး၊ လူမျိုးစု ရေးရာ ကိစ္စရပ်များတွင် ချဉ်းကပ်မှု မူဝါဒ သဘောထားများ သိသိသာသာကွဲလာသည်။
ဗိုလ်နေဝင်းလက်ထက် ၁၉၅၅ နောက်ပိုင်း တပ်မှာ အတန်ငယ်ပြန်တည်ငြိမ်လာသလို ကိုယ်ပိုင်စီးပွားလုပ်ငန်းများ ၊ တပ်တည်ဆောက်တိုးချဲ့လာနိုင်မှုများလည်း ရှိလာပြီးတဘက်တွင်လည်း မင်းတရားကြီးဆန်သည့် ဦးနု ဘက် တော်သား နိုင်ငံရေးသမားများမှာ အကျင့်ပျက်မှုများတွင် နာမည်ထွက်လာကြသည်။ ဦးနုမှာ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နိုင်ခြင်းမရှိပါ။

နိုင်ငံရေးဇတ်ပါလာသည့် တပ်မတော်မှာ သူအစောပိုင်းကတည်းက လေ့လာနေခဲ့သော ဆိုရှယ်လစ်ဝါဒကို ၁၉၅၈ ကတည်းက တပ်မတော်၏ နိုင်ငံတော်ဝါဒ အဖြစ် အတည်ပြုမှုတွေလုပ်လာခဲ့။

(ဂ) ငြိမ်းချမ်းရေး ၊ လူမျိုးစု အရေးကွဲလွဲချက်

ဖဆပလ နှစ်ခြမ်းကွဲတော့ ပါလီမန်မှာ အယုံအကြည်မရှိ အဆို တင်သွင်းမဲခွဲရန် ဆွေ-ငြိမ်း (ဆိုရှယ်လစ်၊ တည်မြဲ အုပ်စု) ကော နု-တင် အုပ်စုကပါ လူမျိုးစုခေါင်းဆောင်များထံ သွားရောက် စည်းရုံးခဲ့သည်။

ဆွေ-ငြိမ်း အုပ်စုက ရှိရင်းစွဲ ၄၇ ခုနစ် အခြေခံ ဥပဒေမူဘောင်ထဲက ဒေသဆိုင်ရာ နိုင်ငံရေး ရာထူး လုပ်ပိုင်ခွင့်များ ကိုသာ အာမခံသည်။ ဦးနုတို့ဘက်ကတော့ ပင်လုံ လက်မှတ်ထိုးပြည်နယ်တွေဘက်က ဗဟိုအစိုးရအပေါ် မကျေ နပ်မှု ကြီးလာမှုအပေါ် စာနာမှုပြချင်သည်။ တကယ်လည်း တောင်တန်းသားတွေက အင်္ဂလိပ်အောက်မှာလောက် ပင် ဒေသတွင်း စီမံအုပ်ချုပ်ခွင့်အာဏာ မရ။ လုပ်ပိုင်ခွင့်မရှိ။ ဦးဇန်ထားဆင်ကတော့ အရင်က ကချင်တို့အနေဖြင့် လွတ်လပ်နေပြီး ဘာပြည်နယ် သတ်မှတ်ချက်မှ မရှိဘဲ နေနိုင်စားနိုင်သည်။ ယခု စတိတ် သတ်မှတ်ထားသော် လည်း အသက်ရှူကြပ်သည်ဟု မှတ်ချက်ပြုဖူးသည်။ ဦးနုက ပြည်နယ်တွေမှာ တိုးပွားပေါ်ပေါက်လာနေသည့် မကျေနပ်ချက်များ၊ သူပုန်ထရန် တာစူနေမှုများ သတိပြုမိသည့်အတွက် နိုင်ငံရေးအရ ဖြေရှင်းပေးမှ ရမည့် အနေ ထားမျိုးသတိပြုမိလာသည်။ (မှတ်ချက် ။ ရှမ်း ကချင် သူပုန်ထမှုမှာ ၁၉၅၈ ၊ ၁၉၆၁ တွင် ပေါ်လာခဲ့) တစ်ချိန် တည်းတွင် လွတ်ငြိမ်းချမ်းသာ ခွင့်နှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အစီအမံများကို ဦးနုတို့ အုပ်စုက ၁၉၅၆ နောက်ပိုင်းကာလကတည်းက စီမံလာသည်။ ယင်းအစီအမံများအရ တပ်မတော်နှင့် ကာလရှည် တိုက်ခဲ့သည့် ဗကပ ၊ ကေအန်ယူ ( ကေအန်ဒီအို ) တို့မှာ ပါလီမန် နိုင်ငံရေးထဲဝင်လာနိုင်စရာ အခြေအနေများ ရှိနေသည်။ ယင်းအခြေအနေများကို ဆိုရှယ်လစ် တပ်မှူးများက သဘောမကျသလို ၊ ဆိုရှယ်လစ် အခြေခံ တည်မြဲတို့မှာ လည်း မနှစ်ခြိုက်ပါ။

“ကွန်မြူနစ်ဆိုတဲ့ နေရာမှာ ဒီလို အစိုးရချီတုံချတုံဖြစ် အားမရှိတဲ့အချိန် မရေမရာ ဖြစ်နေတဲ့အချိန်မှာ ကွန်မြူ နစ်ဆိုတာ ကြီးစိုးစမြဲ၊ မြန်မာပြည်ဟာ ကံအားလျော်စွာပဲ ကွန်မြူနစ်လို စစ်သွေးကြွ (Militant ဟု သုံးထား) ဖြစ်နေတဲ့ နိုင်ငံရေးက ပေါက်ဖွားလာတဲ့ တပ်မတော်ရှိနေလို့ ကွန်မြူနစ်မဖြစ်တာ ၊ အခုအနေထားအရ ခင်ဗျားတို့ ကျွန်တော်တို့ ကွန်မြူနစ်ကို ရင်ဆိုင်တဲ့နေရာမှာ နိုင်ငံရေးက လူတွေအားကိုးလို့မရဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ပဲ ရင်ဆိုင်ရမယ်။ ဒါအင်မတန်ရှင်းနေတဲ့ကိစ္စ မရှူပ်ကြနဲ့”ဟု ဗိုလ်မှူးချုပ်အောင်ကြီးက ၁၉၅၈ ဇွန်လအတွင်း ကျင်းပသည့် တပ်မှူးများ ညီလာ ခံတွင် ပြောခဲ့သည်။

ဗိုလ်ချုပ်နေဝင်းအနေဖြင့် ပြည်တွင်းစစ် ခေတ်ဦး ကွန်မြူနစ်များအားကောင်းစဉ်က ကွန်မြူနစ်များနှင့် ဝမ်းတူး ရိုက် ကွန်မြူနစ်များလက်ထဲ နိုင်ငံ့အာဏာထည့် ၎င်းကိုယ်တိုင် ရာထူးကြီးကြီးမားမား ယူရန် စီစဉ်ဖူးသော်လည်း တပ်ကလည်း အင်အားကြီးလာ ၎င်းကိုယ်တိုင် တပ်ကို ထိန်းချုပ်လာနိုင်သည့် ၁၉၅၅ ခုနစ် နောက်ပိုင်းကာလများ တွင် ယခင်ကဲ့သို့ ကွန်မြူနစ်များအား နေရာပေးရန် အတွေးမျိုးရှိရန် မပေါ်တော့ပါ။

ထိုစဉ်ကာလက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ယနေ့ခေတ်ကဲ့သို့ အပစ်ရပ် ငြိမ်းဆွေးနွေး၊ နိုင်ငံရေးသဘောတူပါက အခြေခံ ဥပဒေပြင်၊ ပါလီမန်ထဲဝင်၊ တပ်ချင်းပေါင်းစည်းဆိုသည့်ကိစ္စများခေတ်မစားသေးပါ။ လက်နက်ချရသည့် ကိစ္စများသာအများစုဖြစ်သည်။

လူမျိုးစုအရေးနှင့် ပတ်သက်သည့် တပ်မတော်ခေါင်းဆောင်များ၏ သဘောထားမှာ ရှင်းသည်။ ဆိုရှယ်လစ်ခေါင်း ဆောင်အများစုမှာ တစ်ပြည်ထောင်သမားများသာ။

တချိန်တည်းတွင်လည်း ၁၉၅၈ ခုနစ်မှာ လွတ်လပ်ရေးရပြီး ၁၀ နှစ်ပြည့် ကာလဖြစ်ရာ ၁၀ နှစ်ပြည့်ပါက ခွဲထွက် လိုက ခွဲထွက်ခွင့်အတွက် အခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးများပေးထားရသည့် ပြည်နယ်များအပေါ် စစ်တပ်က အတော်ပင် သတိကြီးကြီး ထားလာပေသည်။ ဦးနုအနေဖြင့်မူ ယင်းခွဲထွက်ရေးပုဒ်မကို ဖျက်ရန်အတွက် နိုင်ငံရေး လုပ်ပိုင်ခွင့် တိုးမြှင့်ပေးရန် ရည်ရွယ်ခဲ့ကြောင်း နောက်ပိုင်းတွင် ဖက်ဒရယ်မူ ဆွေးနွေးအဖြေရှာရန် ခွင့်ပြုခြင်းဖြင့် သက်သေပြခဲ့သည်။

(ဃ) ဗီတိုအာဏာ

မြန်မာတို့တွင် ထီးနန်းအာဏာနှင့် အကျိုးစီးပွား မကွဲပြားသည့် ဓလေ့ရှိသည်ဟု ပညာရှင်များက ထောက်ပြဖူးသည်။ တပ်နှင့် ဆိုရှယ်လစ် ဆက်ဆံရေးကို ပုလင်းတူ ဗူးစို့ ဆက်ဆံရေးဟု ဗမာပြည် ဆိုရှယ်လစ်ပါတီ အကြောင်း သုတေသန ရေးဖူးသူ ဦးကျော်ဇောဝင်းက ဆိုဖူးသည်။ ၎င်းမှာ ဆိုရှယ်လစ်ပါတီ ဥက္ကဌဟောင်း ဦးကိုကိုကြီး၏ မြေးလည်း ဖြစ်သည်။ တည်မြဲ- သန့်ရှင်းအကွဲအပြဲမှ တဆင့် ၎င်းနှင့် နီးစပ်သော ၎င်းကို အကာကွယ်ပေးနိုင်သည် ဟု ယူဆသောအုပ်စုမှာ အာဏာဆက်ထိန်းရန် မသေချာသည့်အခါ၊ တစ်ဘက်က သန့်ရှင်း အုပ်စုဝင်အချို့၏ လုပ် ရပ်များ (ဥပမာ- စစ်ရဲများ နေရာရွှေ့ခြင်း၊ ဆိုရှယ်လစ် သြဇာခံဖြစ်သည့် ပျူစောထီးများအား ပြည်ထဲရေးအောက် တွင် ထားရန် ပြင်လာခြင်းမျိုးမှာ ၎င်း၏ အခွင့်အာဏာကို လျော့ပါးစေကာ တပ်ကိုပိုအကာကွယ်မဲ့လာစေသည့် လုပ်ရပ်များအဖြစ် တပ်ခေါင်းဆောင်များမှ ရှူမြင်လာခဲ့သည်ဟု ဂါးဒီးယန်း စိန်ဝင်းက ရေးခဲ့သည်။

နာတာရှာ အက်စရိုးအဆိုအရ နိုင်ငံတကာတွင် စစ်တပ်အာဏာသိမ်းမှုအများစုမှာ ဗီတို အာဏာ ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆက်စပ်သည်ဟု ဆိုဖူးသည်။

(က) စီးပွားရေး အခြေအနေ
(ခ) ပုဂ္ဂိုလ်ရေး ရည်မှန်းချက်များနှင့်
(ဂ) စစ်တပ် အင်စတီကျူးရှင်း၏ အကျိုးစီးပွား ခြိမ်းခြောက်လာရခြင်း တို့မှာ စစ်တပ်အာဏာသိမ်းမှုဖြစ်စေလေ့ရှိသည့် အကြောင်းအရာ ၃ ချက်ဟု သူက ဆိုထားသည်။ နိုင်ငံတနိုင်ငံတွင် စစ် တပ်က ပင်မနေရာမှ ရှိနေခြင်းကလည်း အာဏာသိမ်းရန် အကြောင်းအရင်းဟု သူက ဆိုထားသည်။

ထိုအခြေအနေ ၃ ရပ်မှာ ၅၈ ကာလကလည်း အနည်းအများဆိုသလို စတင်ထင်ဟပ်နေသည်ဟု ယူဆစရာ အချက်များလည်း ရှိသည်။ တဖန် ယင်းကာလမှာ ကမ္ဘာ့နိုင်ငံများတွင် စစ်တပ်အာဏာသိမ်းမှုများလည်း ခေတ်စား နေခဲ့သည်။ ယင်းအပြင် တပ်မတော်မှာ ဒီမိုကရေစီနိုင်ငံများတွင် ရှိရမည့် ပရော်ဖက်ရှင်နယ် တပ်အယူအဆမျိုး အားမကောင်းခဲ့ပါ။

အနိမ့်ဆုံးအဆင့်အနေဖြင့် ၁၉၅၈ လောက်ကတည်းက ၎င်း အင်စတီကျူးရှင်းအတွက်ဖြစ်စေ၊ နိုင်ငံရေးဇတ်ပါနေ ပြီး တချိန်တည်းတွင် အရပ်ဘက်နိုင်ငံရေးသမားများကို အားမရ၍ဖြစ်စေ ၎င်းအနေဖြင့် ဗီတိုအာဏာ တိုးယူချင်ခဲ့သည်မှာ ပေါ်လွင်နေခဲ့ပြီးဖြစ်ပါသည်။ ပါလီမန်ခေတ်ပြန်ကြည့်ပါကလည်း ပါတီ ၊ ပါလီမန် ၊ ရွေးကောက်ပွဲစနစ် အပါအဝင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများမှာ အားမကောင်းခဲ့ဘဲ အင်စတီကျူးရှင်းတခုအနေဖြင့် တခြား အဖွဲ့အစည်းများထက် ပိုအားကောင်းနေသည်မှ စစ်တပ်တခုသာ ရှိခဲ့ပေသည်။

တချိန်တည်းတွင်လည်း ဘီအီးဒီစီ ကဲ့သို့ တပ်ပိုင် လုပ်ငန်းများ ၊ ရုပ်ရှင် ၊ မဂ္ဂဇင်း သတင်းမီဒီယာ လုပ်ငန်းများ အထိ ချဲ့ထွင်လာနိုင်ခဲ့သည့် တပ်မတော်မှာ နိုင်ငံရေးအာဏာသာ ကျန်ရှိနေပါတော့သည်။

စစ်သားက အရပ်သားထက် ကြီးမြတ်သည်ဟု ထင်သည့် ဝါဒ စစ်တပ်တွင် အစောပိုင်းကတည်းက ရှိခဲ့သည်ဟု လည်း သုတေသီအချို့က ဆိုဖူးသည်။ မြန်မာပြည်၏ ပဒေသရာဇ်အစဉ်အလာမှာ အရပ်ဘက်နှင့် စစ်ဘက်ခွဲခြား လေ့မရှိသည့်ဓလေ့ကို လွတ်လပ်ရေးခေတ်အထိ သယ်ဆောင်လာခဲ့သည်ဟု ဒေးဗစ်စတိန်းဘတ်က ဆိုသည်။ စစ် အတွင်း ဖက်ဆစ်ဂျပန်တို့ထံတွင် ပညာသင်ကြားခဲ့ရသည့်အတွက် စစ်သားက အရပ်သားထက် ကြီးမြတ်သည် ဆို သည့် စစ်ဝါဒမျိုး မြန်မာ့တပ်မတော်တွင် ပါလာနိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုများလည်း ရှိခဲ့သည်။ ကြေးစားစစ်သား Professional Soldier မဟုတ်ဟူသည့်အယူအဆမျိုးနှင့် လွတ်လပ်ရေးအတွက် တိုက်သူများ ဖြစ်သည်၊ စစ်တိုက်ပြီး အသက်မွေးသူမဟုတ်ဆိုသည့် စကားမျိုး BIA ၊ BDA ခေတ်မှ လာသူများရော၊ အင်ဒိုနီးရှား ၏ အမိမြေကာကွယ်ရေးတပ်က လာသူများ (အများစုမှာ ဂျပန်တပ်မတော်မှ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကာ ဆူဟာတိုကဲ့သို့ အာဏာရှင်မှာ ယင်းစစ်သည်ဟောင်းတဦးဖြစ်)ပါ ပြောတတ်ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဆယ်ကျော်သက်လူငယ်များအား သာမန် စစ်ပညာထက် ဘူရှီဒိုခေါ် ဆာမူရိုင်းစိတ်နှင့် လေ့ကျင့်ပေးခဲ့ပြီး စစ်သွေး စစ်မာန်များ ရိုက်သွင်းပေးခဲ့မှုမှာ ရင့်ကျင်မှုမရှိသည့် ယင်းကဲ့သို့ လူငယ်များအားအတွက် တော်လှန်ရေး၊ အမျိုး သားရေးနှင့် စစ်ရေးစိတ်များ ရင့်သန်စေသည်ဟု Joice.C. Libra က ဆိုသည်မြန်မာ့တပ်မတော်မှာ အစောပိုင်း ကာလကပင် ဂရိရှေးဟောင်း ပရေတိုးရီးယန်း စစ်သည်များလို အုပ်ချုပ်သူကိုမကြိုက်လျှင် ပယ်ရှားသည့် အလေ့ အကျင့်နှင့် ကိုယ်တိုင် အုပ်စိုးသူ ဂါးဒီးယန်းအယူအဆ ရှိခဲ့ပြီးဖြစ်သည်ဟု ဇိုလ်တန် ဘရန်နီက ထောက်ပြဖူးသည်။
အထက်ဖော်ပြပါ ( က) မှ ( ဃ) အထိ စာပိုဒ်များမှာ ၁၉၅၈ ခုနစ် အိမ်စောင့်အစိုးရ အာဏာ လွှဲပြောင်းရယူခြင်း နှင့် သက်ဆိုင်သည့် စာပိုဒ်များဖြစ်သည်။

(င) ၂၀၂၁ လာရာ နှင့်လားရာ

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုမှာ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး ယိုယွင်းမှုမှ တဆင့် ရှိရင်းစွဲ ဗီတိုအာဏာ ဖြင့် ၎င်းအင်စတီကျူးရှင်းကို ကာကွယ်ရန် မလုံလောက် (သို့မဟုတ်) ဗီတို အာဏာတိုးရန် လိုအပ်သည်ဆိုသည့် အခြေအနေအပေါ် အခြေခံခဲ့ခြင်းဟု သုံးသပ်မှုများလည်း ရှိသည်။

ယခု ၆ လ ပြည့်လာချိန်တွင် အာဏာသိမ်းမှု ဂိုက်တံ အရွေ့ကို ကြည့်ပါက ဗီတို အာဏာတိုးရန် ကိစ္စမှ တဆင့် တည်ငြိမ်ရေး ထူထောင်ရေး ၊ ၎င်းအနေဖြင့် ပြန်လည်အားကောင်းရေး Consolidate ၊ အုပ်ထိန်းသူ ဂါဒီးယန်း အယူအဆနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ နိုင်ငံရေးရည်မှန်းချက်များအထိ ရောပြွန်းပါလာနေသည့်အသွင် ဆောင်လာသလို ပြင်ပဖိအားဘယ်လောက်ရှိရှိ တိုင်းပြည် ဘယ်လောက်အထီးကျန်ဆန်ဆန် Isolation ဖြစ်ပါကလည်း ရပ်တည်ရန် ပြင်ဆင်လာနေပြီ ဖြစ်ပါသည်။

လုံခြုံရေး နှင့် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးလေ့လာနေသူ မိတ်ဆွေကိုရဲက ၎င်း လတ်တလော ရေးဖြစ်သည့် ဆောင်းပါးအကြောင်း သူ၏ ဆိုရှယ်မီဒီယာတွင် ယခုလို ဖော်ပြထားသည်။

“ကျန်နော့်အမြင်အရတော့
(၁) တပ်က ဒီတခါ အာဏာသိမ်းတဲ့ mission က ဒေါ်အောင်ဆန်းစု ကြည်နဲ့ NLD ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ အထိ စဉ်းစားထားတာဖြစ် လို့ ရည်မှန်းချက်ကြီးတဲ့ မစ်ရှင်ambitious mission ဖြစ်တယ်။ ဒီ mission က ၂ နှစ် အတွင်း အပြီးသတ်ဖို့ မလွယ်ဘူးဆိုတာ သူတို့သိနေတယ်။ ဒါကြောင့်အာ ဏာစသိမ်းထဲက ၂ နှစ် နဲ့ ရွေးကောက် ပွဲလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိထားပြီးသားလို့ မြင်တယ်။

(၂) အခု အာဏာသိမ်းတာ ၆ လတောင် ကြာပြီ။ အခြေခံ အုပ်ချုပ်ရေးတောင် မလည်ပတ်နိုင်ဘူး။ ရွေးကောက်ပွဲ လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

(၃) ဒီအာဏာသိမ်းယူမှုဟာ ရွေးကောက်ပွဲနိုင်ငံရေးကိုပြောင်းပြန်လှန်ပစ် တာပဲ။ ပြည်သူကလဲ တပ်ကပြောတဲ့ ရွေးကောက်ပွဲ နိုင်ငံရေးကို အယုံအကြည်မရှိတော့ဘူး။ ဒါကိုလည်း အာဏာသိမ်းစစ်ခေါင်းဆောင်တွေ သိကြတယ်။

(၄) တပ်ဟာ သမိုင်းတလျှောက်လုံးပြန်ကြည့်ရင် အားနည်းတဲ့အချိန်၊မလုံ ခြုံတဲ့အချိန်မှာ ဘယ်တော့မှ အာဏာ ကိုစွန့်လွှတ်ဖို့ မစဉ်းစားဘူး။ သူခိုင်ပြီလို့ ထင်မှ သူလိုချင်တဲ့ အပြောင်းအလဲကို လုပ်တယ်။ ရောဘတ်တေလာ စကားငှားပြောရရင်တော့ သူဟာ နိုင်ငံရေးက ဆုတ်ရင်တောင် timing, pace, extent ကို သူကိုယ်တိုင် ထိန်းချုပ် ပြီးမှဆုတ်လေ့ရှိတယ်။ ခုလို အားနည်းပြီး မလုံမခြုံဖြစ်နေချိန်မှာ အာဏာကိုဘယ်လိုမှ လက်လွှတ်မှာမဟုတ်ဘူး။

ဒီတော့ တပ်ဟာ ၂ နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဘယ်လိုမှမ ဖြစ်နိုင်ဘူး။ ပြောသလိုပဲ။ ရူဘီကွန်မြစ်ကို ဖျက်ပြီးသွားပြီ။ ပြန်လမ်းက မရှိတော့ဘူး။ အာဏာဆက်တည်မြဲဖို့ ရသမျှလုပ်မှာပဲ။ it has already crossed the Rubicon, and reached a point of no return. It is likely to do everything to stay in power. အဲ့တော့ အာ ဏာ ဆက်တည်မြဲဖို့အတွက်လုပ်မယ့်အစီအစဉ်တွေလာတော့မယ်လို့မြင်တယ်လို့ ရေးဖြစ်တယ်။ အခုသူတို့ အမြဲ တသသ လုပ်ပြနေတဲ့ အခြေခံဥပဒေကိုတောင် မကိုးကားတော့ဘဲ အာဏာမှာ ဆက်ထိုင်ဖို့အတွက် ခြေလှမ်းတွေက စလာပြီ။ တိုင်းပြည်ကတော့ ရှေ့လျှောက်ခက်ဖို့ပဲ ရှိတာပဲ။”

ကိုးကား- တာတေစနေသား
အိမ်စောင့်အစိုးရ ( ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်)
Zoltan Barany (2016 ) How armies Respond to Revolution and why
Joice.C. Libra