၈ (စ) နဲ့ပတ်သတ်လို့

သာဓက

ဟိုးအရင်ကလည်းပြောခဲ့ဖူးပါတယ်။ အခုလည်းထပ်ပြောချင်ပါတယ်။ ဥပဒေတွေနဲ့ပတ်သက်ရင် တစ် လုံးချင်းစီသေချာ ဖတ်ပါဆိုတဲ့စကားပဲဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ တော်တော်များများက ဥပဒေကိုသေချာမဖတ်ကြဘူး။ သေချာမဖတ်တော့ ဥပဒေ ရဲ့ဆိုလိုရင်းကို သဘောမပေါက်ဘဲ ကိုယ်လိုရာဆွဲတွေးပြီး အဓိပ္ပာယ်ကောက်မှားနေကြလို့ပဲဖြစ်ပါတယ်။ ကိုယ် တစ်ယောက်တည်းဖတ်ပြီး ကိုယ်တစ်ယောက်တည်း အဓိပ္ပာယ်မှားကောက်လို့လိုရာ ဆွဲတွေးတာက သိပ်ပြဿ နာမရှိပေမဲ့ အဲဒီအမှားကြီးကိုဖေ့စ်ဘွတ်လိုလူမှုကွန်ရက်ပေါ်မှာလျှောက်ရေးပြီး ဝါဒဖြန့်တာက အတော်ကို ဆိုးပါတယ်။

ဒီနိုင်ငံမှာ အချို့ကကြောက်ရင်လည်းဇွတ်ကြောက်တယ်။ မကြောက်ရင်လည်းဆင်ခြင်တုံ တရားမရှိ တော့ဘူး။ ဟုတ်တာရောမဟုတ်တာရော အမှားအမှန်မခွဲခြားနိုင်တော့ဘဲ အကုန်လျှောက်လုပ်ကြတယ်။

ဇွတ်ကြောက်တတ်တာနဲ့ပတ်သက်လို့ နမူနာတစ်ခုပြောပြပါမယ်။ ၂ဝ၁ဝပြည့်နှစ် နိုဝင်ဘာလ ၄ရက် တုန်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကို ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ယောက်ျားအားလုံးပဲ အရွယ်ရောက်ပြီးရင်မဖြစ်မနေစစ်မှုထမ်းရတော့မလို ဝါဒဖြန့်တဲ့သူတွေကလည်း ဖြန့်ခဲ့တော့ ထိတ်ထိတ်ပျာပျာနဲ့ အများစုကလန့်ကုန်ကြရော။

အမှန်ကအဲဒီဥပဒေပုဒ်မ၁(ခ)မှာ ‘ဤဥပဒေသည်နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ က အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်’လို့ ပြဋ္ဌာန်းထားတာဖြစ်လို့ အဲဒီဥပဒေပြဋ္ဌာန်းပြီးချိန်မှာရောအခုချိန်ထိရောအာဏာမတည်ခဲ့ပါဘူး။ သူများ ဝါဒဖြန့်တဲ့အတိုင်းမယုံဘဲဥပဒေ ကိုသေချာလေ့လာခဲ့မယ်ဆိုရင် ဒီဥပဒေပြဋ္ဌာန်းပြီးချိန်မှာကတည်းက တစ်ခါတည်းမဖြစ်မနေ စစ်မှုထမ်းစရာမလို ဘူးဆိုတာရယ်၊ လိုအပ်လို့အမိန့်ကြော်ငြာစာနဲ့ အာဏာတည်မယ့်ရက်သတ်မှတ်မှ လိုက်နာဖို့လိုမယ်ဆိုတာ ရယ်ကို သဘောပေါက်ကြမှာဖြစ်ပါတယ်။

အလားတူပဲ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို၂ဝ၁၅ ခုနှစ်၊ သြဂုတ် ၃၁ ရက်မှာ ပြဋ္ဌာန်းပြီးချိန်မှာလည်း ဘယ်သူဖြစ်ဖြစ် လက်မထပ်ဘဲလင်မယားလိုနေရင်ကို ဒီပုဒ်မအရအရေးယူခံရတော့ မလိုလို၊ ကိုယ့်ကိုကြည့်မရတဲ့သူရဲ့ ချောက်တွန်းတိုင်ကြားတာကိုခံရတော့မလိုလို ပြောဆို သုံးသပ်တာတွေ ရှိခဲ့ပါသေးတယ်။

ဒီဥပဒေပုဒ်မ ၁ဝ အရ ဥပဒေတစ်ရပ်ရပ်အရဖြစ်ဖြစ်၊ ကိုးကွယ်ရာဘာသာအရဖြစ်ဖြစ်၊ ဓလေ့ထုံးတမ်း အရဖြစ်ဖြစ် လင်နဲ့ မယားတစ်ပါး ဒါမှမဟုတ်တစ်ဦး ထက်ပိုပြီး တရားဝင် ထိမ်းမြားပြီးတဲ့ ယောက်ျားနဲ့မိန်းမဟာ ထိမ်းမြားမှု တည်မြဲ နေစဉ်မှာ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ အာဏာတည်တဲ့ နေ့ကစပြီး အခြားသူနဲ့ ထပ်မံထိမ်းမြားခြင်း မပြုရဘူး၊ လင်မယားလို တရားမဝင်နေထိုင် ပေါင်းသင်းတာ မပြုရဘူးဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ အဲဒီအချက်အရ ဒီဥပဒေက အိမ်ထောင်သည်တွေနဲ့ပဲ ဆိုင်တာဖြစ်ပါတယ်။သူများပြော တဲ့အတိုင်း ယုံပြီးကြောက်ခဲ့ကြတာ ဥပဒေကိုသာ သေချာလေ့လာခဲ့မယ်ဆိုရင်ဒီလိုတွေ ကြောက်စရာလိုမှာ မဟုတ်ပါဘူး။

ဆိုလိုတာက ဥပဒေတစ်ခုနဲ့ပတ်သက်ပြီး ဝေဖန်တာတွေ၊ ခြိမ်းခြောက်တာတွေ ထွက်ပေါ်လာရင် ရမ်းသန်းပြီး ကောက်ချက်မချစေချင်တာပါ။ အဲဒီဥပဒေကိုရှာပြီး သေချာလေ့လာ ပြီးမှကိုယ်ပိုင်အသိဉာဏ်နဲ့ သုံး သပ်မယ်ဆိုရင် ဥပဒေအပေါ်အယူအဆလွဲတာတွေ အမှတ်မှားတာတွေမဖြစ်တော့ဘူးပေါ့။

အခုလည်း ပုဒ်မ၈(စ)ဆိုပြီး ခေတ်စားလာပြန်ပါတယ်။ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေရဲ့ပုဒ်မဖြစ်ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်လို့ ဝါဒဖြန့်ချိမှု အချို့ကအမှားတွေပါ။ ဥပဒေကို သေချာမဖတ်တတ်လို့လည်း ဖြစ်နိုင်ပါတယ်။

တချို့က အဲဒီဥပဒေနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်တာတွေသာရေးတယ်။ ဥပဒေရဲ့ ခေါင်းစဉ်ကစပြီး မှားရေးပါတယ်။ ဥပဒေရဲ့နာမည်အမှန်က နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကိုကာကွယ်ပေးရေးဥပဒေ ဖြစ်ပါတယ်။ စကားပြောနဲ့စာချောအောင်ရေးမယ်ဆိုရင်တော့ နိုင်ငံသားတွေရဲ့   ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာ၏ လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေလို့ဆိုရမှာ ဖြစ်ပါတယ်။ အချို့မှား ရေးတာက နိုင်ငံသားများရဲ့ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေဆိုပြီးမှားရေး တာ ဖြစ်ပါတယ်။

ဒီဥပဒေနဲ့ပတ်သက်လို့ နောက်ထပ်လွဲမှားတဲ့ကောက်ချက်ချဝေဖန်မှုတွေက ရှိပါသေးတယ်။ ဒီဥပဒေ ပြဋ္ဌာန်းလိုက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုကိုထိန်းချုပ်သလိုဖြစ်တယ်။ ဒုစရိုတ်သမား၊ အကြမ်း ဖက်သမားတွေကို ရုတ်တရက်တွေ့လို့ နောက်ယောင်ခံလိုက်ချင်ရင်ခွင့်ပြုမိန့်တောင်းရမယ်။ မတောင်းရင် ဒီဥပဒေနဲ့မညီလို့ အရေးယူခံရနိုင်တယ်ဆိုပြီး အချို့က အထင်မှားကြပါတယ်။

နောက်တစ်ချက်က နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ် ပေးရေး ဥပဒေပုဒ်မ ၈(စ)မှာ ဒီလိုပြဋ္ဌာန်းထားပါတယ်။

‘မည်သူမျှတည်ဆဲဥပဒေနှင့်အညီခွင့် ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံ တစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ (သို့မဟုတ်) ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း (သို့မဟုတ်) လူတစ်ဦးရဲ့ ဂုဏ် သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကိုပုတ်ခတ်ခြင်း (သို့မဟုတ်) ထိခိုက်စေရန်တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရ။’ ဆိုပြီးပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အဲဒီတားမြစ်ချက်ကို ဖောက်ဖျက်လို့ ပြစ်မှုထင်ရှားရင် ကျူးလွန် သူကိုအနည်းဆုံး ခြောက်လကနေအများဆုံးသုံးနှစ်ထိ ထောက်ဒဏ်ချမှတ်ရမယ့်အပြင် အနည်းဆုံး ကျပ်သုံး သိန်းကနေ အများဆုံး ကျပ်၁၅ သိန်းအထိ ငွေ ဒဏ်ချမှတ်နိုင်တယ်ဆိုပြီး ပုဒ်မ ၁ဝ မှာပြဋ္ဌာန်းထားပါတယ်။

အဲဒီပုဒ်မ ၈ (စ)နဲ့ ပုဒ်မ ၁ဝရဲ့ပြဋ္ဌာန်း ချက်နဲ့ပတ်သက်လို့ လည်း အသရေဖျက်မှု ပုဒ်မ ၅ဝဝ ရှိရဲ့သားနဲ့ ဘာလို့ဒီပြဋ္ဌာန်း ချက်ကိုထည့်ရတာလဲ။ ထည့်စရာမလိုဘူးဆိုပြီး ဝေဖန်ကြတာ လည်းရှိပါတယ်။ အချို့ကလည်း ပြောပါတယ်။ ဒီဥပဒေကဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) လိုပဲကြောက်ဖို့ ကောင်း တယ်။ တော်သေးတာက ဒီဥပဒေ က အာမခံရတယ်ဆိုပြီးလည်းပြောကြပါတယ်။ ဒီဥပဒေကအာမခံရတယ်ဆိုတာမဟုတ်ပါဘူး။ မှားပါတယ်။ ဒီဝေဖန်ချက်တွေ အယူအဆအမှားတွေနဲ့ ပတ်သက်လို့တစ်ချက်ချင်းရှင်းပြသွားပါမယ်။

ဒီဥပဒေပြဋ္ဌာန်းလိုက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လုပ်ဆောင်မှုကိုထိန်းချုပ်သလို ဖြစ်တယ်ဆိုတာမ ဟုတ်ပါဘူး။ ဒီဥပဒေမပေါ်ခင်ကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုတွေကိုသက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ထားပြီးသားပါ။ ဆိုလိုတာက ချုပ်ချယ်ထားတာ မဟုတ်ပါဘူး။ စည်းနဲ့ ကမ်းနဲ့ထိန်းချုပ်ထားတဲ့သဘောပါ။

ဒီဥပဒေမပေါ်ခင်ကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတရားခံစုံစမ်းတာ၊ ဖမ်းတာ၊ သက်သေခံပစ္စည်း ရှာဖွေတာတွေနဲ့ ပတ်သက်လို့ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့အညီဆောင်ရွက်ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အတွက်ဆို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်ရေး ဥပဒေတွေ အပြင်အခြားလိုက်နာရတဲ့ ဥပဒေတွေရှိပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက ဒီဥပဒေမပေါ်ခင်ကတည်းက ရဲတို့ ကြိုတင်ကာကွယ်တဲ့ ဆောင်ရွက်ချက်တွေ နဲ့ပတ်သက်လို့ လိုက် နာဖို့ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအခန်း ၁၃ ပါပုဒ်မ ၁၄၉ ကနေ ၁၅၃ ထိပြဋ္ဌာန်းချက်တွေ နဲ့အညီဆောင်ရွက်ရပါတယ်။ အလားတူပဲရဲထံသတင်းပေးတာနဲ့ ရဲတို့ရဲ့စုံစမ်းထောက်လှမ်းဖို့ အာဏာတွေနဲ့ ပတ်သက်လို့လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း ၁၄ ပါ ပုဒ်မ ၁၅၄ ကနေ ၁၇၆ ထိ ပြဋ္ဌာန်းချက်တွေနဲ့ အညီဆောင်ရွက်ရပါတယ်။ ဒါ့အပြင် ဖမ်းဆီးတာ၊ ထွက်ပြေး တာနဲ့ပြန်လည်ဖမ်းဆီး တာတို့လုပ်ဆောင် တာတွေနဲ့ပတ်သက် လို့လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအခန်း ၅ ပါပုဒ်မ ၄၆ ကနေ ၆၇ ထိပြဋ္ဌာန်းချက်တွေနဲ့ အညီဆောင်ရွက်ရပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ရဲအရေးပိုင်တဲ့အမှုတွေမှာဆို ရဲတပ်ဖွဲ့ဝင်တွေက တရားရုံးခွင့်ပြုမိန့်မပါဘဲတရားခံကို အချိန်မရွေး၊ နေရာမရွေး ဖမ်းဆီးနိုင်ပါတယ်။ အခြားပြစ်မှုအထူး ဥပဒေ တွေမှာရဲအရေးပိုင်တယ်လို့ ပြဋ္ဌာန်းထားရင် အထက်မှာပြောခဲ့သလိုပဲဘာခွင့်ပြုချက်မှမလိုဘဲ တရားခံကိုဖမ်းဆီး ခွင့်ရှိပါတယ်။ ရဲအရေးမပိုင်တဲ့အမှုတွေဆိုရင်တော့ တရားရုံးရဲ့ ခွင့်ပြုမိန့်လိုပါတယ်။

နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ် လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ် ပေးရေး ဥပဒေပုဒ်မ ၈ မှာက ‘မည်သူမျှ တည်ဆဲဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် ဒါမှမဟုတ် ဝရမ်း တစ်စုံတစ်ရာမရှိဘဲဖြစ် စေ၊ နိုင်ငံတော်သမ္မတ (သို့မဟုတ်) ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ’ လို့ပြဋ္ဌာန်း ထားတာဖြစ်လို့ တည်ဆဲ ဥပဒေနဲ့ညီရင် လုပ်ခွင့်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

ဆိုလိုတာက ရဲတပ်ဖွဲ့ဝင်တွေက ရဲအရေးပိုင်တဲ့အမှုတွေဆို ရဲအရေးပိုင်သလို၊ ရဲအရေးမပိုင်တဲ့အမှုတွေ ဆိုရဲအရေးမပိုင်သလို ဒီဥပဒေမပေါ်ခင်က တည်ဆဲဥပဒေတွေအတိုင်းဒီဥပဒေ ပြဋ္ဌာန်းပြီးတော့လည်းဆောင် ရွက်နိုင်မှာဖြစ်ပါတယ်။

ဝေဖန်နေတဲ့ နောက်တစ်ချက်ဖြစ်တဲ့ရာဇသတ်ကြီးပုဒ်မ ၅ဝဝ ရှိရက်နဲ့ ဘာလို့ ၈(စ)ထပ်ထည့်ရလဲ ဆိုတဲ့အချက်ကို ရှင်းပြချင်ပါတယ်။ ရာဇသတ်ကြီးကယေဘုယျဥပဒေပါ။ နိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ် လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကို ကာကွယ်ပေးရေးဥပဒေကပြစ်မှုအထူးဥပဒေပါ။

ဥပမာရာဇသတ်ကြီး ဥပဒေမှာ အသရေဖျက်မှုပုဒ်မ ၅ဝဝ ပါနေပေမဲ့လည်း ဆယ်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)မှာရော၊ အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ)မှာရောအသရေ ဖျက်မှုနဲ့ဆိုင် တဲ့ ပြဋ္ဌာန်းချက်တွေကိုထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။

ဒါတင်မကပါဘူး။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၆၂ကနေ ၁၆၅ အထိမှာ အဂတိလိုက်စားတာတွေကို အရေးယူနိုင်အောင်ပြဋ္ဌာန်းထားပြီးဖြစ်ပေမဲ့ အဂတိလို့က်စားမှုတိုက်ဖျက်ရေးဥပဒေကိုထပ်မံ ပြဋ္ဌာန်းခဲ့ပါသေး တယ်။

ဒါကြောင့်မို့ ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းထားပြီးသားအချက်တွေရှိရဲ့သားနဲ့ အလားတူပြဋ္ဌာန်းချက် တွေကို ထပ်မံထည့်သွင်းထားတဲ့ ပုံစံတူပြဋ္ဌာန်းချက်တွေပါတာက နိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေတစ်ခုတည်းမဟုတ်ပါဘူး။

ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနဲ့ အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေလို အခြားတည်ဆဲဥပဒေတွေရှိပါသေးတယ်ဆိုတာကို သိစေချင်ပါတယ်။

နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၃ မှာ  ‘တည်ဆဲ ဥပဒေတစ်ရပ်ရပ်တွင်မည်သို့ပင်ပါရှိစေကာမူ ဤ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သမျှ ဤဥပဒေအရသာလျှင် အရေးယူရမည်’ လို့ ပြဋ္ဌာန်းထားပါတယ်။ တချို့ထင်တာက အဲဒီပြဋ္ဌာန်းချက်အရ အခြား လူသတ်မှု မုဒိမ်းမှုနဲ့အကြမ်းဖက်မှုလိုမျိုး ရာဇဝတ်မှုကြီးတွေရဲ့ တရားခံတွေကိုဖမ်းဆီးတဲ့အခါမှာလည်း ဒီဥပဒေ အရပဲ လုပ်ရတော့မယ် ထင်နေကြပါတယ်။

မဟုတ်ပါဘူး။ ပုဒ်မ ၁၃မှာဆိုတာက ဤဥပဒေပါပြဋ္ဌာန်း ချက်များနှင့် သက်ဆိုင်သမျှလို့ပါတာဖြစ်လို့ ခုနကပြောတဲ့ လူသတ်မှု၊ မုဒိမ်းမှုနဲ့ အကြမ်းဖက်မှုလိုမျိုးတွေကို သက်ဆိုင်တဲ့ဥပဒေတွေရဲ့ ပြဋ္ဌာန်းချက်တွေအရ အရေးယူဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ထပ်မံရှင်းပြလိုတာကအခုအငြင်းပွားနေကြတဲ့ပုဒ်မ ၈(စ)က အာမခံပေးလို့မရပါဘူး။ သူ့ရဲ့ဥပဒေမှာ အာမခံပေးရမယ်၊ မပေးရဘူးဆိုတဲ့ သီးခြားပြဋ္ဌာန်းချက်မပါလို့ ပြစ်မှုဆိုင်ရာ ကျင့် ထုံးဥပဒေ နောက်ဆက်တွဲ ဇယား(၂)အရအရေးယူရမှာဖြစ်ပါ တယ်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနောက်ဆက်တွဲဇယား(၂)မှာ ဒီလိုဆိုပါတယ်။ ‘အခြားဥပဒေများကိုကျူးလွန် သူများ ၃နှစ် နှင့်အထက်၊ သို့သော်လည်း ၇နှစ်အောက်ပြစ်ဒဏ်ထိုက်သည့် ပြစ်ဒဏ်စီရင်လျှင်အာမခံပေး ရမည့်လက်နက်အက်ဥပဒေပုဒ်မ ၁၉ မှတစ်ပါးအာမခံမပေးနိုင်’ လို့ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၈(စ)က ထောင်ဒဏ်သုံးနှစ်အထိချမှတ်နိုင်တာဖြစ်လို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရအာမခံပေးလို့ မရတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်အာမခံမရနိုင်ပေမဲ့ တရားခံကနာမကျန်းတာတို့ ဘာတို့ဆိုရင်တော့ ပြစ်မှုကျင့်ထုံးဥပဒေရဲ့ လုပ်ပိုင်ခွင့်အရ တရားသူကြီးကအာမခံပေးလို့ရတာတော့ရှိပါတယ်။ ဒါကတော့ တော်ရုံမခိုင်လုံရင် အာမခံပေး လေ့မရှိပါဘူး။

ဒီလိုတွေပြောလို့ရေးလို့ပုဒ်မ ၈(စ)နဲ့လူသိများလာတဲ့နိုင်ငံ သားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေကပြီးပြည့်စုံတယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ နစ်နာသူ ကိုယ် တိုင်မဟုတ်ဘဲ ဘယ်သူကဖြစ်ဖြစ်တရားလိုနေရာက တရားစွဲခွင့်ရှိနေတာကတော့ ဒီဥပဒေရဲ့ အဓိကအားနည်း ချက်ပါ။ ပြဋ္ဌာန်းရတဲ့ရည်ရွယ်ချက်တို့၊ ဘယ် လိုဟာ မျိုးတွေက ဒီဥပဒေနဲ့သက်ဆိုင်တယ်ဆိုတာတတို့နဲ့ဥပဒေ စကားရပ်တွေကိုဥပဒေထဲမှာ ဒီထက်ပိုပြီးရှင်းရှင်းလင်းလင်းရေးသင့် တယ်လို့ထင်ပါတယ်။

ဥပမာပုဒ်မ ၉ မှာပြဋ္ဌာန်းထားတဲ့ ‘မည်သည့်ရဲတပ်ဖွဲ့စခန်းမှူးမဆို ဤဥပဒေအရ အရေးယူဆောင်ရွက် ပေးရန် တိုင်တန်း ချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊ သတင်းပေးချက် ကိုလက်ခံရရှိ လျှင်ဖြစ်စေ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ နှင့်အညီအရေး ယူဆောင်ရွက်ရမည်’ ဆိုတဲ့ပြဋ္ဌာန်းချက်နေရာမှာ  ”ဤဥပဒေ နှင့်သက်ဆိုင် သည့် ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသည့်ပြစ်မှုများအဖြစ် သတ်မှတ်သည်”လို့ပြဋ္ဌာန်းလိုက်ရင်ပိုရှင်းသွား မယ်လို့ ယူဆပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နစ်နာသူတွေကတိုင်တန်းရင်ရဲအရေးယူပိုင်ခွင့်ရှိတဲ့အမှုတွေဆိုရင် လာတိုင်တဲ့အ ကြောင်းအရာပေါ်မူ တည်ပြီး ဘယ်ဥပဒေဘယ်ပုဒ်မတပ်ရမယ် ဆိုတာကို ရဲတပ်ဖွဲ့က ဆုံးဖြတ်တာဖြစ်ပါတယ်။ ပြီးမှဥပဒေရုံးမှာအကြံပေးတောင်းပြီး တရားစွဲတင်တာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်တဲ့ဖြစ်စဉ်ပေါ်မူတည်ပြီး ဘယ်ဥပဒေ ဘယ်ပုဒ်မတပ်သင့်သလဲလို့ ဆုံးဖြတ်ရတဲ့ ရဲတပ်ဖွဲ့ ရဲ့လုပ်ပိုင်ခွင့်က အလွန်အရေးပါပါတယ်။ အသရေဖျက်မှုပုဒ်မ ၅ဝဝနဲ့ တရားရုံးမှာဦးတိုက်လျှောက်ခိုင်းရမယ့် အမှုမျိုးမှာ ၈(စ)နဲ့ဖွင့်မိလို့မရသလို ၈(စ)နဲ့ဖွင့်ရမယ့်အမှုမျိုးမှာ ပုဒ်မ ၅ဝဝနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ခိုင်းလို့ မရပါဘူး။

ပုဒ်မ ၅ဝဝနဲ့ တရားရုံးမှာဦးတိုက်လျှောက်ခိုင်းရမှာကို ၈(စ)နဲ့ဖွင့်ရင်ပြစ်ဒဏ်က ပိုမြင့်တာ ချလို့ရသွားပြီး အာမခံပေးလို့ မရတော့ပါဘူး။ အလားတူပဲ၈(စ)နဲ့ ဖွင့်ရမှာကိုပုဒ်မ ၅ဝဝနဲ့ တရားရုံးမှာဦးတိုက်လျှောက် ခိုင်းလိုက်ရင် ကျူးလွန်သူအတွက် ပြစ်ဒဏ်သက်သာသွားမှာဖြစ်သလို အာမခံလည်းရသွားမှာ ဖြစ်ပါတယ်။ ရာဇသတ်ကြီး ရဲ့ အသရေဖျက်မှု ပုဒ်မ ၅ဝဝက ထောင်ဒဏ်နှစ်နှစ်ထိပဲချလို့ရတဲ့ ပုဒ်မဖြစ်နေလို့ပါ။

ဒါကြောင့်ဥပဒေတွေရဲ့ ခိုင်မာမှုတရားမျှတမှုတွေကအရေးပါသလိုပဲ ဥပဒေကိုကျင့်သုံးမယ့် လူပုဂ္ဂိုလ် တွေ အဖွဲ့အစည်းတွေကလည်း ဥပဒေကိုမှန်ကန်သင့်လျော်တဲ့နေရာမှာ အံဝင်ခွင်ကျဖြစ်အောင် အသုံးချ တတ်ဖို့ အရေးကြီးပါကြောင်း အပြုသဘောဆောင်အကြံပြုလိုက်ပါရစေ။