ငြိမ်းချမ်းရေးလှုပ်ရှားမှုများနဲ့ ငြိမ်းစုစီ ဥပဒေ

 

၁၉၄၇ခုနှစ်၊ ပင်လုံညီလာခံ၌ချုပ်ဆိုခဲ့ကြသော ပင်လုံစာချုပ်တွင် ရှမ်း၊ ကချင်၊ ချင်းတို့မှ ဗမာပြည်နှင့် ပူးတွဲ၍အချုပ်အခြာကင်းစင်ပြီးလွတ်လပ်သည့် သမ္မတနိုင်ငံတော်တစ်ခုထူထောင်သွားရန်နှင့် ၁ဝနှစ် တိတိ လက်တွဲကာ အဆင်မပြေမှုများရှိလာခဲ့ပါက ခွဲထွက်ခွင့်ရှိသည်ဟုဖော်ပြထားသည်။

သို့သော် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးတစ်နှစ်အကြာမှာတင် တန်းတူညီမျှမှုမရှိခြင်း၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်မရရှိခြင်းနှင့် ဗဟိုဦးစီးအုပ်ချုပ်ခြင်းတို့ကြောင့် တိုင်းရင်းသားတို့ဘက်မှ မကျေမလည်မှုများဖြစ်ပေါ်လာကာ နောက်ဆုံးတွင် လက်နက်ကိုင်တော်လှန်ရေးကိုစတင်ခဲ့ကြသည်။ ထိုမှအခြေတည်ခဲ့သော ပြည်တွင်းစစ်သည် ယနေ့တိုင် မပြီးဆုံးနိုင်ဘဲရှိနေခဲ့သည်။ ထို့အပြင်ယခုနှစ်အတွင်း မြန်မာပြည်မြောက်ပိုင်းတွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ကြား တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာသည်ကိုတွေ့ရသည်။ ထို တိုက် ပွဲများကြောင့် ပြည်သူများမြေစာပင်ဖြစ်ခဲ့ရပြီး တိုက်ပွဲများအတွင်း ရာချီသောပြည်သူများပိတ်မိလျက်ရှိကြသည်။ ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံအတွင်းငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုပွဲများ၊ စစ်ပွဲရပ်တန့်ရေးတောင်းဆို ဆန္ဒပြပွဲများ၊ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲများပေါ်ပေါက်လာခဲ့သည်။ အဆိုပါဆန္ဒပြမှုများကို အစိုးရက တရားစွဲဆို ထားရသောအမှုအရေအတွက်မှာ တစ်လအတွင်း ၁၅ မှုအထိရှိလာပြီး တက်ကြွလှုပ်ရှားသူ ၄၇ ဦး တရားရင် ဆိုင်နေရကြောင်းနှင့် ယင်းအမှုများအနက် ရန်ကုန်တိုင်းတွင် ခုနစ်မှု၊ မန္တလေးတိုင်းတွင် သုံးမှု၊ ပဲခူတိုင်းတွင် သုံးမှုနှင့် ကချင်ပြည်နယ်တွင် နှစ်မှုတို့ပါဝင်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံ) ကထုတ်ပြန်ထားသည်။

မေလ ၁၂ရက်က တာမွေမြို့နယ်တွင်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ဆန္ဒပြပွဲတစ်ခုတည်း မှာတင်တက်ကြွလှုပ်ရှားသူလူငယ် ၁၇ဦး တရားစွဲဆိုခံထားရသည်။ ယင်းဆန္ဒပြပွဲအတွက် သက်ဆိုင်ရာမြို့နယ် ရဲစခန်းများသို့ ငြိမ်းစုစီဥပဒေအတိုင်းကြိုတင် အသိပေးအကြောင်းကြားခဲ့သော်လည်း မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံး၏ ၁၄.၁ဝ.၂ဝ၁၇ ရက်စွဲပါအမိန့်ညွှန်ကြားချက်အရ အဆိုပါနေရာများတွင် အများပြည်သူခရီးသွား လာမှုအနှောင့်အယှက်အဟန့်အတားဖြစ်စေခြင်း စိတ်ငြိုငြင်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း (သို့မဟုတ်) ထိခိုက် နစ်နာစေခြင်းတို့ ဖြစ်ပေါ်စေနိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်ခြင်းအပြင် ယာဉ်အသွားအလာများပြားခြင်းနှင့် ယာဉ်ကြော ရှုပ်ထွေးခြင်းတို့ကြောင့် ခွင့်မပြုနိုင်ကြောင်း ရဲတပ်ဖွဲ့ကအကြောင်းပြန်ခဲ့သည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ(ငြိမ်းစုစီကို) ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတကလက်မှတ်ရေးထိုးပြီး အ တည်ပြုပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေရှိ ပုဒ်မ ၂၇ (ခ)တွင် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုထုတ် ပြန်နိုင်ကြောင်းဖော်ပြထားသည်။ ထိုပုဒ်မကိုထည့် သွင်းရေး ဆွဲထားခြင်းသည် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို လိုအပ်သလိုကန့်သတ်တားမြစ်ပိုင်ခွင့်အား ပြည်ထဲရေး ဝန်ကြီးဌာနအား အလုံးစုံပေးအပ်လိုက်သကဲ့သို့ ဖြစ်နေသည်။ ငြိမ်းစုစီဥပဒေကိုပြင်ဆင်ရန်ဆောင်ရွက်ခဲ့တုန်းက ယင်း ပုဒ်မကိုပယ်ဖျက်ရန်လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများကဆွေးနွေးတင်ပြခဲ့သော်လည်း လွှတ် တော်ဘက်က ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ပေ။

ရန်ကုန်မြို့တွင်ပြုလုပ်သော ငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက် ငြိမ်းစုစီဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း သက်ဆိုင်ရာရဲစခန်းများသို့ ကြိုတင်အသိပေးအကြောင်းကြားခဲ့သော်လည်း ပုဒ်မ၂၇(ခ)အရထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များကြောင့် ခွင့်မပြုဘဲတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေသည် ပြည်သူတို့လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို အကာအကွယ်ပေးရန်နှင့် မြှင့်တင်ပေးရန် တွက်သာဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အစိုးရနှင့် တပ်မတော်ဘက်က မနှစ်မြို့ဖွယ်ရာရှိသည့် ကိစ္စရပ်များကိုဆန္ဒထုတ်ဖော်လာပါက အလွယ်တကူ တားမြစ်နိုင်သည့် အခြေအနေကို ဥပဒေကပေးအပ်ထား ခြင်းသည်ဒီမိုကရေစီအမည်ခံသောအစိုးရအတွက် မေးခွန်းထုတ်စရာဖြစ်လာသည်။ ဒီမိုကရေစီရရှိရေးဟုကြွေး ကြော်ကာ လွှတ်တော်ထဲရောက်ရှိနေသော ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြမှုများကြောင့် တရားစွဲအရေးယူခံရသည့် ဆန္ဒပြပွဲဖြစ်စဉ်များကို လေ့လာဆန်းစစ်ကာ ငြိမ်းစုစီဥပဒေကို ထပ်မံပြင်ဆင်နိုင်ရန် ကြိုးစားသင့်သည်။

ယခုလွှတ်တော်သို့ရောက်ရှိနေသော ငြိမ်းစုစီဥပဒေပြင်ဆင်ချက်(မူကြမ်း)သည် ဆန္ဒပြပွဲများကိုပိုမိုတင်း ကျပ်သည့် အခြေအနေဖြစ်နေကြောင်းနှင့် အဆိုပါပြင်ဆင်ချက်(မူကြမ်း)ကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်းကို အရပ်ဘက်အဖွဲ့အစည်းများကဝေဖန် တောင်းဆိုခဲ့ပြီးဖြစ်ပါသည်။ လက်ရှိတည်ရှိဆဲ ငြိမ်းစုစီဥပဒေတွင် ပြည်ထဲ ရေးဝန်ကြီးဌာနကို လုပ်ပိုင်ခွင့်အပြည့်အဝပေးထားသောပုဒ်မ ၂၇ကိုပယ်ဖျက်ရန်နှင့် ဆန္ဒပြပွဲဦးဆောင်ပုဂ္ဂိုလ် များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များတောင်းခံခြင်း၊ စီတန်းလှည့်လည် ရာတွင်အသုံးပြုမည့် အလံ၊ ပိုစတာ၊ ကြွေးကြော်သံ၊ ပါဝင်မည့်လူဦးရေအရေအတွက်စသည့် အသေးစိတ်အချက်အလက်များကို တောင်းခံ ခြင်း၊ စီတန်းလှည့်လည်လာမည့်မြို့နယ်တစ်လျှောက် နယ်မြေခံရဲစခန်းများကို ကြိုတင်အသိပေးတင်ပြရန်လို အပ်ခြင်းနှင့် ရှောင်တခင်ဖြစ်ပေါ်လာသောစုဝေးမှုနှင့်ပတ်သက်သော အချက်အလက်များ မပါဝင်ခြင်းတို့ကိုပြင် ဆင်ရန် အဓိကလိုအပ်နေခြင်းဖြစ်သည်။

ထို့ပြင်တာမွေမြို့နယ်ဆန္ဒပြပွဲကိုဖြိုခွဲရာတွင်လည်း လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ခဲ့ကြောင်း ဗီဒီယို မှတ်တမ်းများကိုပြန်ကြည့်လျှင်သိနိုင်သည်။ ယင်းဆန္ဒပြပွဲကိုလာရောက်ဟန့်တားသော သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် ဆန္ဒပြပွဲဦးဆောင်သူတို့ကြားလူစုခွဲရန်သဘောတူညီမှုရရှိပြီး စတင်လူစုခွဲထွက်ခွာနေချိန်တွင် ရဲတပ်ဖွဲ့ ကအင်အားသုံးဖြိုခွဲခဲ့ခြင်းဖြစ်သည်။ ထို့ပြင်ဆန္ဒပြသူများကိုဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်မဟုတ်သည့် အမျိုးသား ရေးတက်ကြွလှုပ်ရှားသူများဟု ကိုယ့်ကိုယ်ကိုယ်အမည်ခံထားသောလူတစ်စုက ကိုယ်ထိလက် ရောက်ပါဝင်ခဲ့ ခြင်းကိုတာဝန်ရှိသူများကခွင့်ပြုခဲ့သည်။ ထိုကဲ့သို့သော လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ပြီး ဆန္ဒပြပွဲအားဖြိုခွဲ ရန် အမိန့်ပေးခဲ့သည့်တာဝန်ရှိသူကို အစိုးရကစစ်ဆေးဖော်ထုတ်အရေးယူရန်လိုအပ်ပေသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ ယခင်ကစစ်အစိုးရကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုး ဖောက်မှုများကို ‘မေ့ဖျောက်မရနိုင်ပေမဲ့ခွင့်လွှတ်ပေးခဲ့သည်’ ဆိုသည့် အဆင့်သာဖြစ်သင့်သည်။ ၂ဝ၁ဝပြည့်နှစ် နောက်ပိုင်းကျူးလွန်လာသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို တပ်မတော်ကကျူးလွန် သည်ဖြစ်စေ၊ အရပ်သားအစိုးရဘက်ကကျူးလွန်သည်ဖြစ်စေ ပြတ်ပြတ်သားသား ကိုင်တွယ်အရေးယူရန် လိုအပ်ကြောင်းနှင့် ဥပဒေများပြင်ဆင်ပြဋ္ဌာန်းရာတွင်လည်း ပြည်သူကိုမျက်နှာမူပြီး ပြည်သူ့ရပိုင်ခွင့်များကို အ လေးထားဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

မောင်ဆောင်းခ