ငြိမ်းမိုးရွာသော နိုင်ငံသစ်ဆီသို့ သွားရမည့်လမ်း

ယနေ့ရှိနေသော ပြည်ထောင်စု၏အစသည် ပင်လုံစာချုပ်ဖြစ်ဆိုသည်ကို လေ့လာဖူးသူတိုင်း သိကြမည် ဖြစ်သည်။ ဟိုးယခင် မြန်မာဘုရင်တွေလက်ထက်တုန်းက ထီးနန်းစိုက်ရာ ဒေများကိုပြန်ကြည့်လျှင် ပုဂံ၊ အင်းဝ၊ တောင်ငူ၊ အမရပူရ၊ မန္တလေး စသည့်နေရာများသာ ဖြစ်သည်။ ထိုကာလခေတ်ပြိုင်တွင် မွန်တို့၊ ရခိုင်တို့က လည်း မင်းစဉ်မင်းဆက်များဖြင့်၊ နေပြည်တော်များဖြင့်သီးခြားစီ ရှိခဲ့သည်။ ရှမ်း၊ ကချင်၊ ချင်း၊ ကယား… စသည်တို့ကလည်း သူတို့ရိုးရာအုပ်ချုပ်ရေးပုံစံများဖြင့် သီးခြားစီရှိခဲ့ကြသည်။ တစ်နိုင်ငံလုံး အင်္ဂလိပ်လက် အောက်သို့ ကျရောက်ခဲ့ချိန်တွင်လည်း မြန်မာပြည်မကသီးခြား၊ ရှမ်း, ကချင်, ချင်း ဒေသတွေကလည်း သီးခြား အုပ်ချုပ်ရေး (သီးခြားဥပဒေ) ဖြင့်ရှိခဲ့သည်။ လွတ်လပ်ရေးအတွက်စုပေါင်းကြိုးပမ်းရန် အခြေအနေ ဖြစ်လာ သောအခါတွင်မှသာ ပင်လုံစာချုပ်ချုပ်ဆိုကြပြီး စုပေါင်းညီညွတ်ရေးရယူကာ ပြည်ထောင်စုတည်ထောင်ဖို့ ဆုံး ဖြတ်ခဲ့ကြခြင်းပင် ဖြစ်သည်။ ၁၉၄၇၊ ဖေဖော်ဝါရီလ ၁၂ရက်။

ပြည်ထောင်စု တကယ် ဖြစ်ခဲ့ဖူးသလား

ယခုဆိုလျှင် ပြည်ထောင်စုဖွဲစည်းတည်ထောင်ရန်အတွက် ပင်လုံစာချုပ်ကို လက် မှတ်ရေးထိုးခဲ့ကြ သည်မှာ (၇၂)နှစ်ပင် ပြည့်တော့မည်ဖြစ်သည်။ စကားလုံးသက်သက်မဟုတ်ဘဲ အနှစ်သာရပြည့်ဝသောပြည် ထောင်စုတစ်ခု ရှိခဲ့ဖူးသလားဆိုသည်ကို ပြန်လည်သုံးသပ်ပြီး ပြင်သင့်တာကိုပြင်၊ ပြောင်းသင့်တာကိုပြောင်း၍ ဖြည့်စွက်သင့်တာကို ဖြည့်စွက်ဖို့ လိုအပ်လာပါပြီ။ ၇၂နှစ်ဆိုသည်မှာ ကြာမြင့်လှသောကာလ ဖြစ်သော်လည်း နိုင်ငံကောင်းလာဖို့အတွက်ပြောင်းလဲပစ်ရန်ဆိုလျှင် နောက်ကျလွန်းလှပြီဟု ဆိုနိုင်ပေမယ့် နောက်မကျသေး ပါဘူးဟု ဆိုရန်ပင်ရှိပါတော့သည်။ မကောင်းသော ၇၂ နှစ်ကို ကောင်းလာဖို့ပင်မဟုတ်ပါလားဟု အကြောင်းပြ ချက်ပေးရန်သာရှိသည်။

ပင်လုံစာချုပ် ချုပ်ဆိုကြစဉ်က တိုင်းရင်း သားကိုယ်စားလှယ် ၂၃ဦးပါဝင်ခဲ့သည်။

မြန်မာအစိုးရကိုယ်စားလှယ် (ဗိုလ်ချုပ်အောင်ဆန်း)-၁ ဦး

ရှမ်းစော်ဘွားနှင့် ရှမ်းလူထုကိုယ်စား လှယ်- ၁၄ ဦး

ကချင်ကိုယ်စားလှယ် -၅ ဦး

ချင်းကိုယ်စားလှယ် -၃ ဦး

တို့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟုဆိုသည်။ နောက်ပိုင်းကာလများတွင် မွန်၊ ကရင်၊ ရခိုင်၊ ကယား… စသော အခြားတိုင်းရင်းသားများလည်း ပင်လုံစာချုပ် အခြေခံပေါ်မှရပိုင်ခွင့်များကို ဝေဖန်ထောက်ပြခြင်း၊ တောင်းဆိုခြင်းများ ရှိလာခဲ့သည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

လွတ်လပ်ရေးကြေညာစာတမ်းထဲတွင်

၁၉၄၈၊ဇန်နဝါရီလ ၄ရက်နေ့၏ လွတ်လပ်ရေးကြေညာစာတမ်းထဲတွင် စာပိုဒ်ပေါင်း ၆ပိုဒ်ပါဝင်သည်။ စာပိုဒ်(၄)တွင်ပါရှိသော  မူရင်းစာသားအတိုင်းမှာ ဤသို့ဖြစ်သည်။

”ငါတို့သည်တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကိုမလိုလား ကျောသားရင်သား၊ သူ ကားငါကား ခွဲခြား ခြင်းကိုအလိုမရှိ”

ဤရေးသားချက်က စိတ်ဝင်စားစရာဖြစ်နေတုန်းပင်။ စာပိုဒ်(၅)တွင်ပါရှိသော စာသားတွေကိုဖတ်ကြည့် ပါဦး။

”ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ် ဦးတယောက်၊ တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်”

”မည်သူတဦးတယောက် တဖွဲ့တသင်း ကချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ် သောနိုင်ငံမဟုတ်”

”တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သော ငှာ လူအပေါင်း တို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော”

ဤလွတ်လပ်ရေးကြေညာစာတမ်းနှစ် ပေါင်း ၇၁နှစ်ပြည့်ပြီးချိန်တွင် တိုင်းပြည်ကြီး၏အခြေအနေက လွတ်လပ်ရေးကြေညာ စာတမ်းထဲက သဘောထား၊ ခံယူချက်များ မှမည်မျှအထိ ရွေ့လျောသွားခဲ့ပါပြီလဲ။ မည် သည့်အဖွဲ့အသင်းက အမွေစားအမွေခံဖြစ်သွားပါပြီလဲ။ မည်သည့်အဖွဲ့အသင်းက ချုပ်ကိုင်အနိုင်သိမ်းယူပြီး အ ကျိုးခံစားခွင့် ရယူထားပါပြီလဲ။ လူအပေါင်းလူအားလုံး (နိုင်ငံသားအားလုံး)၏ ဆန္ဒသာလျှင် အဓိကမဖြစ် တော့ ဘဲ မည်သည့်အဖွဲ့အသင်း၏ဆန္ဒသာလျှင် အခရာကျသည့် အခြေအနေသို့ ရောက်ရှိနေပါပြီလဲ။ မေးစရာမေးခွန်း များက အစီအရီထွက်လာချိန်မှာ ရှိနေလေပြီ။

အပိုင်း(၆)တွင်လည်း ဤသို့ရေးထား သည်ကို ဖတ်ရသည်။

”တိုင်းရင်းသား အပေါင်းတို့ သွေးစည်း ညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တန်းတူညီသည့် ပြည်ထောင်စု သမတ နိုင် ငံတော်ကြီးကို တည်ထောင်ပြီ”

”လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည် နှင့်အညီတပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့် စည်းမည်။”

”ငါတို့သည် ငြိမ်းချမ်းရေးကိုအလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်း ရေးကို ကာကွယ်စောင့်ရှောက်မည်”

ဤသည်တို့ကား လွတ်လပ်ရေးကြေညာစာတမ်းထဲမှ ထုတ်နုတ်ဖော်ပြချက်များ ဖြစ်သည်။ ”တိုင်းရင်း သား အားလုံး သွေး စည်းညီညွတ်လျက်  အခွင့်အရေး၊ အဆင့် အတန်းတူညီသော ပြည်ထောင်စု” ဆိုသည်ကား လက်တွေ့တွင် ဖြစ်မလာသည့်အတွက်  ယနေ့အထိရှိနေသော ပြည်တွင်းစစ်ကလည်း အခွင့်အရေး၊ အဆင့်အ တန်းတူညီသော ပြည်ထောင်စုဖြစ်လာရေး တောင်းဆိုချက်၏ ထင်ဟပ်ရိုက်ခတ်မှုပင် မဟုတ်ပါလား။

လွတ်လပ်သောနိုင်ငံ၏ပန်းတိုင်များ..တဲ့

၁၉၄၈၊ ဇန်နဝါရီလ ၄ရက်မှာ အဲဒီကာလက ယာယီသမ္မတ စော(စဝ်)ရွှေသိုက်က ”လွတ်လပ်သော မြန်မာနိုင်ငံ၏ပန်းတိုင် များ” ဆိုပြီး တိုင်းပြုပြည်ပြုလွှတ်တော်ပါ လီမန်တွင် ကြေညာခဲ့သည်။ ထိုပန်းတိုင် များ ထဲတွင် ဤသဘောထားများလည်း ပါဝင်ကြောင်း ဖတ်ရသည်။

”ပြည်ထောင်စုမြန်မာနိုင်ငံသည် ယနေ့လွတ်လပ်သောနိုင်ငံဖြစ်သည်နှင့်အညီ  တဦးကိုတဦး ကြောက် ရွံ့ရခြင်း၊ တဦးကိုတဦး နှိပ်စက်ခြင်းမှစ၍ မကောင်းသောအလေ့ဆိုးများကို လုံးဝဖျက်ပစ်ရန် ကျွန်ုပ်၏ အစိုးရက ရည်ရွယ်သည်”

ကိုလိုနီကျွန်ပြုခံ ဘဝမှလွတ်မြောက်လာခါစ အစိုးရ၏သဘောထားရည်ရွယ်ချက်က ဤသို့ဖြစ်သော် လည်း လွတ်လပ်ရေးရပြီး ၈၄ရက်ကြာသော မတ်လ ၂၈ ရက်တွင် ထိုအစိုးရကပင်လျှင် အတိုက်အခံ ပါတီ အဖြစ်ရပ်တည်နေသော ဗမာပြည်ကွန်မြူနစ်ပါတီကို တောထဲသို့မောင်းချလိုက် သည့်အဖြစ်အပျက်က ပေါ်လာ သည်။ တစ်နိုင်ငံလုံးမှာရှိသော ဗမာပြည်ကွန်မြူနစ်ပါ တီခေါင်းဆောင်များကို ဖမ်းဆီးခြင်းပင်။

လွတ်လပ်ရေး ကြေညာစာတမ်းနှင့် ဆန့်ကျင်စွာ

ထိုခေတ်ကာလက တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသော အစိုးရသည် ပင်လုံစာချုပ် လွတ်လပ်ရေး ကြေ ညာစာတမ်းနှင့် လွတ်လပ်သောနိုင်ငံ၏ ပန်းတိုင်များတို့တွင်ပါရှိခဲ့သော သဘောတူညီချက်၊ သဘောထား ရပ် တည်ချက်နှင့် ရည်ရွယ်ချက်များကို ဥပေက္ခာပြုခဲ့သည်ဟုပဲ သုံးသပ်ရတော့မည်။ အဘယ်ကြောင့်ဆိုသော် ဝါဒရေးရာအခြေ ခံသောတော်လှန်ရေး ပါတီများနှင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေး အခြေခံသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးပါတီများပေါ်ပေါက် ပျံ့နှံ့လာခြင်းကြောင့် ပင်ဖြစ်သည်။

တကယ်တမ်း စဉ်းစားကြည့်ပါက ပြေလည်အေးဆေးသော အခြေအနေရှိလျှင်၊ ကိုယ်ပိုင်ရပိုင်ခွင့်ကို နိုင်ငံရေးနည်းလမ်းအရ ဆွေနွေးတောင်းဆို၍ ရနေလျှင်ဘယ်သူကမျှ တော်လှန်ရေးနည်းလမ်းကို ရွေးချယ်ကြ လိမ့်မည်မဟုတ်ပါ။ လက်နက်ကိုင်တော်လှန်ရေးဆိုသည်က အသက်ကိုရင်းပြီးလုပ်ရသော ခက်ခဲကြမ်းတမ်း သည့် အလုပ်ဖြစ်သည်။ အပျော်တမ်း အသက်ပေးကြေး လောင်းကစားပွဲမျိုး မဟုတ်ကြောင်းကို စာဖတ်သူများ နားလည်ပြီးသားဖြစ်သည်။

ဒီမိုကရေစီရပိုင်ခွင့်များ၊ နိုင်ငံရေးအရ, လူမျိုးရေးအရ ရသင့်ရထိုက်သော အခြေခံ အခွင့်အရေးများ မရသည့်အပြင် ဖိနှိပ်၊ အနိုင်ကျင့်၊ စော်ကားခံနေရသော အခါမျိုးတွင် မလွှဲသာမရှောင်သာဘဲ ရွေးချယ်ခဲ့ရသည့် နည်းလမ်းမှာ လက်နက်ကိုင်ခုခံခြင်းမှတစ်ပါး အခြားနည်းလမ်း မရှိတတ်ကြောင်းကို သိမြင်ဖို့၊ နားလည်ဖို့၊ သ ဘောထားနိုင်ဖို့ လိုမည်ထင်သည်။ ဤသို့ သိမြင်နားလည် သဘောထားနိုင်တတ်ကြမှသာ စစ်မှန်သော ပြည် ထောင်စုကြီးကို ညီညွတ် ငြိမ်းချမ်းစွာ တည်ဆောက်ဖို့ အတွေးတစ်စရမည်ထင်သည်။

တိုင်းရင်းသားအများစုက ဘာပြောနေသလဲ

ပြည်တွင်းစစ် နှစ်ပေါင်း ၇ဝကျော်ကာလတွင် လက်နက်ကိုင်ခုခံတော်လှန်ရေး လုပ်နေဆဲ (ဆွေးနွေး နေဆဲ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက ဒီမိုကရေစီတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုသာ ပြောနေ တောင်းဆိုနေကြသည်ကို သတိပြုမိကြမည်ထင်သည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ ယဉ်ကျေး မှုအရ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့် အဝရရှိဖို့ တောင်းဆိုနေပြောနေ ဆွေးနွေးနေကြသည်။

ယနေ့ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အားလုံးနီးပါးကခွဲထွက်ရေးကိုမပြော ကြတော့ပါ။ ခွဲမထွက်ချင်လောက်အောင်၊ ခွဲထွက်လိုစိတ်မ ဖြစ်အောင်တည်ဆောက် (တည်ထောင်) ထားသော ပြည်ထောင်စုစစ်စစ်ကိုသာလို လားလျက်ရှိသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို  အာမခံချက်ပေးသည့် ပြည်နယ်နှင့် (တိုင်း) အလိုက်ဖွဲ့စည်းပုံ အခြေခံဥပဒေ (State Constitution) ရေးဆွဲပြဋ္ဌာန်းခွင့်ကိုသာ အလေးပေး တောင်း ဆိုဆွေးနွေးလျက်ရှိသည်။ ပြည်ထောင်စုစစ်စစ် (စစ်မှန်သောပြည်ထောင်စု)ဖွဲ့စည်းတည်ထောင်ရေးကို အာမခံ ချက်ပေးထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိသော ပြည်နယ်ဖွဲ့စည်းပုံ အခြခံ ဥပဒေရေဒဆွဲ ပြဋ္ဌာန်းကျင့်သုံးနိုင်ရေးအတွက်လည်း ဖြစ်သည်။ ယခုရှိနေသော ၂ဝဝ၈ဖွဲ့စည်းပုံကို ရည်ညွန်းခြင်း မဟုတ်ကြောင်းကို သတိပြုမိကြလိမ့်မည်ဟု ယူဆပါသည်။

ဤကိစ္စကို မြန်မာ(ဗမာ)လူမျိုးအများစုတို့က နားလည်နိုင်မည်မထင်ပါ။ လူမျိုးကြီးဖြစ်သောကြောင့် လူမျိုး ငယ်များရင်ဆိုင် ကြုံတွေ့ခံစားနေကြရသော ခံစားမှုမျိုးကိုခံစားဖူးလိမ့်မည်မထင်ပါ။ မြန်မာလူမျိုး မဟုတ်သော တိုင်းရင်းသားများကတော့ ခံစားဖူး၊ နားလည်ဖူး၊ နာကျင်ခဲ့ဖူးကြရုံသာမက ယနေ့အထိလည်း နာနာကျင်ကျင် ခံစားနေကြရတုန်းပင်ဖြစ်သည်။ ဤနေရာတွင်အရေး ကြီးသည့်အချက်မှာ တိုင်းရင်းသား(ဗမာလည်းတိုင်းရင်း သားပါ) များ၏ခံစားချက်ကို  အပြန်အလှန်နားလည်ဖို့၊ စာနာတတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့ လိုအပ်ခြင်းပင်ဖြစ် သည်။ (မြန်မာ(ဗမာ)တွေလည်း စစ်အာဏာရှင်စနစ်အောက်တွင် အဖိနှိပ်ခံတိုင်းရင်းသားတစ်မျိုးဖြစ်ခဲ့ရ၊ ဖြစ်နေ ရသည့်အကြောင်းကို  ရှင်းပြဖို့ လိုအပ်မည် မထင်သောကြောင့်ရှင်း မပြတော့ပါ။)

ညီညွတ်မှငြိမ်းချမ်း ဆိုတာ

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် ငြိမ်းချမ်းရေးရှိမှ ဖြစ်မည်ဆိုသည်ကို လက်ခံယုံ ကြည်ထားဖို့လိုမည်။ မငြိမ်းချမ်းသမျှ၊ စစ်ပွဲတွေရှိနေသမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့်ငွေတွေက စစ်စရိတ်ထဲ သို့ သာ ရောက်ရှိနေမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးရရှိဖို့ဆိုလျှင် ညီညွတ်ရေးရှိမှဖြစ် မည်ဆိုသည်က ငြင်း၍မရ။ ညီ ညွတ်ရေးဆိုရာ၌လည်း ကျားနှင့်နွား၏ ညီညွတ်ရေးမျိုး မဖြစ်ဖို့လိုသည်။ စိုးရိမ်ထိတ်လန့်စိတ်ကို ဖြစ်စေသော တန်းတူမှုမရှိသော အပေါ်ယံ ညီညွတ်ရေးမျိုးမဖြစ်ဖို့လိုသည်။ ကျားသနား မှနွားချမ်းသာရမည့် ညီညွတ်ရေးမျိုး မဖြစ် ဖို့လိုသည်။

အဆိုပြုချက်တစ်ခုရှိသည်။ နားလည်မှရင်းနှီး၊ ရင်းနှီးမှချစ်ကြည်၊ ချစ်ကြည်မှညီညွတ်၊ ညီညွတ်မှ ငြိမ်းချမ်း ဟူ၍ဖြစ်သည်။  လူထုဒေါ်အမာ ရေးသားခဲ့သော စကားဖြစ် သည်ဟု ထင်သည်။

တိုင်းရင်းသားအချင်းချင်း ဗမာအပါအဝင် ချစ်ခင်ရင်းနှီးကြဖို့ဆိုလျှင် သူ့ခံစားချက်၊ ကိုယ့်ခံစားချက်ကို အပြန်အလှန်နားလည်ပေးနိုင်သော အခြေခံစိတ်ရှိမှဖြစ်မည်။ အပေါ်စီးယူပြီး အသာစီးရချင်သောစိတ်ဖြင့် ဆို လျှင်တော့ တကယ့်ညီညွတ်ရေးရမည်မဟုတ်။ တကယ့်ညီညွတ်ရေးမဖြစ်လျှင် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် လည်း ဝေးနေဦးမည်ပင် သေချာသည်။

ငြိမ်းချမ်းရေးလုပ်ခြင်းသည် ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ခြင်းဖြစ်သည်ဟု ”ဒဂုန်တာရာ”ကရေးခဲ့ သည်။ ငြိမ်းချမ်းရေးတကယ်ရလာပြီဆိုလျှင် ရန်သူတွေဘဝမှ မိတ်ဆွေဘဝသို့ ပြောင်းဖြစ်လာမည်မှာသေ ချာ သည်။ မိတ်ဆွေစစ်တွေဖြစ်လာလျှင် ချစ်ခင်ရင်နှီးစိတ်အခြေခံဖြင့် တိုင်းပြည်ကောင်းစားရေးကို ပူးပေါင်းလုပ် ကိုင်နိုင်မည့် ရေခံမြေခံကောင်းတွေရှိလာ၊ ပေါ်လာမည်။ အမုန်းတွေ အငြိုးတွေပြေလာမည်။ ငြိမ်းချမ်းရေးလုပ် ဆောင်ခြင်းတွင် အမုန်းအငြိုးအာဃာတတွေကို ဘေးဖယ်ထားပြီး တရားမျှတမှု အခြေခံမှ ပြေလည်ကျေအေး ရေးဆီသို့ ညှိနှိုင်းဆွေးနွေး သဘောတူရအောင်လုပ် ယူရခြင်းလည်းပါသည်။

သဘောတူညီချက် အသစ်လိုအပ်

လက်ရှိအချိန်တွင် ပင်လုံစာချုပ်ချုပ်ဆိုသော ပြည်ထောင်စုတိုင်းရင်းသားများပါ ပူးပေါင်းပါဝင်သော သဘောတူညီချက် အသစ်တစ်ခု ပေါ်ထွက်လာဖို့ အရေးတကြီး လိုအပ်နေပြီဟု ယူဆရသည်။

လတ်တလောရှိနေသော NCA သည် အပစ်ရပ်စာချုပ်သာဖြစ်ပြီး ငြိမ်းချမ်းရေးစာ ချုပ်မဟုတ်ကြောင်း ကို လေ့လာဖူးသူတိုင်းသိကြသည်။ ငြိမ်းချမ်းရေးစာချုပ်ဆီသို့ ရောက်အောင်သွားဖို့ တံခါးပေါက်တစ်ချပ် သာ ဖြစ်ကြောင်းကို ပါဝင်ပတ်သက်နေသူ များကပြောခဲ့ကြသည်။ NCA  စာချုပ်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုသမိုင်းတွင်အစိုးရနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့သားများအကြားမှာ သဘောတူညီချက် အများ ဆုံးရရှိထားသောစာချုပ်ဖြစ်ပြီး အကောင်းဆုံးတော့မဟုတ်ကြောင်းနှင့် လက်တွေ့အကောင်အထည်ဖော်ချိန် တွင် ချောမွေ့ပါ့မလားဟု စိုးရိမ်မိကြောင်းရေးသားခဲ့ဖူးသည်။ ၂ဝ၁၅၊အောက်တိုဘာ ၁၅ရက်တွင် NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ယခုဆိုလျှင် ၃နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း စာချုပ်ပါ သဘောတူညီချက်များကို လက် တွေ့အကောင်အထည်ဖော်ရာတွင် စိုးရိမ်သလို ဖြစ်လာနေခြင်းကိုတွေ့ရသည်။ အတားအဆီးများကို ဖွင့်ဖို့၊ ကျော်ဖို့ ကြိုးစား နေရင်းမှာပင် ထပ်၍ပိတ်ဆို့မှုများ ဖြစ်လာနေတုန်း။

နှစ်ပေါင်း ၇၁နှစ်ကျော်လာသော ပြည်တွင်းစစ်ကိုလုံးဝချုပ်ငြိမ်းစေပြီး ငြိမ်းချမ်းသော နိုင်ငံတော်သစ် တစ်ခု ဖြစ်လာဖို့ဆိုလျှင် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ နိုင်ငံရေးအရ သဘောတူညီချက်အ သစ် တစ်ခုရှိနေဖို့လိုအပ်သည်။ ဤနိုင်ငံရေး သဘောတူချက်ကသာလျှင် နိုင်ငံ၏အနာဂတ်ကောင်းကို အမှန်တကယ် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။ နာကြည်းကြေကွဲစရာကောင်းခဲ့သော စစ်အနိဋ္ဌာရုံအတိတ်ဆိုးကို ပြောင်းလဲ ချိုး ဖျက်နိုင်မည်ဟု အလေးအနက် ယုံကြည်မိပါသည်။

အနှစ်သာရရှိသော ပြည်ထောင်စုသို့

စကာားလုံးအရသာ ပြည်ထောင်စုဖြစ်ခဲ့ပြီး ပြည်ထောင်စုအတွင်းမှာရှိနေခဲ့သော တိုင်းရင်းသားများ အနေဖြင့် ပြည်ထောင်စု၏အနှစ်အရသာကို မခံစားခဲ့ရသောကြောင့် တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့သော တိုင်းရင်းသားများနှင့်ဖြစ်ခဲ့သော ပြည်တွင်းစစ်က ယခုထိမချုပ်ငြိမ်းနိုင် သေးရခြင်းကလည်း ပြဿနာ၏အစဖြစ်သော နိုင်ငံရေးကိစ္စကိုပြေလည်ကျေအေးအောင် မဖြေရှင်း နိုင်သေး သောကြောင့်သာ ဖြစ်ပါသည်။

ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့အတွက်ဆိုလျှင် ဗိုလ်ကျစိုးမိုးခြယ်လှယ်ချင်သော လူမျိုးကြီးဝါဒသဘောထား အမြင်များနှင့် ကျဉ်းမြောင်းသော လူမျိုးငယ်ဝါဒသဘောထား အမြင်များကို ဆန့်ကျင်စွန့်လွှတ်ပြီး နိုင်ငံရေးအရ၊ လူမျိုးရေးအရ တန်းတူခွင့်ရှိသော ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာ အောင် စုပေါင်းအားထုတ်ဖို့လိုပါသည်။ နိုင်ငံရေးအရ ငြိမ်းချမ်းသောတိုင်းပြည်သစ်တစ်ခု ဖြစ်လာရေးအတွက် ဆိုလျှင် သက်ဆိုင်ရာခေါင်း ဆောင်အသီးသီးတွင် တာဝန်ရှိနေရုံမကဘဲ ငြိမ်းချမ်းရေးကို လိုလားသော၊ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်စေချင်သော ပြည်သူလူထုကြီးကပါ ဝိုင်းဝန်း၍ ဖိအားပေးနိုင်သည့် နည်းလမ်းများကို ရှာဖွေကာ လက်တွေ့ဆောင်ရွက်ကြဖို့လိုအပ်သည်။ ထိုဖိအားပေးမှုများကသာလျှင် ငြိမ်းချမ်းရေးဆီသို့ အမြန် ရောက်နိုင်သော တွန်းအားကောင်းများ ဖြစ်လာနိုင်ခြေရှိသည်ဟု ယူဆမိပါသည်။

နောင်ကျော်