နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းနဲ့မြန်မာ့ဈေးကွက်စီးပွားရေးအခြေအနေ

 

နိုင်ငံအတော်များများမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (State-OwnedEnterprice,SOE) ရှိကြပါတယ်။ တစ်ချိန် က ကွန်မြူနစ်နိုင်ငံတွေမှာ တစ်နိုင်ငံလုံးကုန်ထုတ်လုပ်မှု (Gross Dolmestic Product, GDP) မှာ SOE တွေရဲ့ ထုတ်လုပ်မှုက မြင့်မြင့်မားမား ပါဝင်ခဲ့တယ်။ ကွန်မြူနစ်နိုင်ငံတွေ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေး စနစ် (Free market economy)ကို ကူးပြောင်းတဲ့အခါ SOE တွေလုပ်ကိုင်တဲ့ စီးပွားရေးကဏ္ဍတွေကို ပုဂ္ဂလိက ဘက်လွှဲ ပြောင်းလိုက်တဲ့အတွက် SOE ရဲ့ အခန်းကဏ္ဍကျဆင်းလာပါတယ်။ ဒါပေမဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ လစ်ဘ ရယ်ဒီမိုကရေစီစနစ်ကို ခိုင်မာစွာကျင့်သုံးနေတဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် SOE တွေရှိနေလေတော့ နိုင်ငံတိုင်းမှာ SOE တွေ သူ့အခန်းကဏ္ဍနဲ့သူရှိတယ်ဆိုတာ အငြင်းပွားဖွယ်ရာ မရှိပါ။

သို့သော် အခုအခါမှာ တရုတ်၊ ဗီယက်နမ်တို့လို ကွန်မြူနစ်နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးလိုလို

လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေလေတော့ SOE တွေဟာ ဈေးကွက်စီးပွား ရေးစနစ်ထဲမှာ သဟဇာတဖြစ်ဖြစ်ပါဝင်ရပ် တည်ဖို့လိုပါတယ်။ သို့မဟုတ်ရင် SOE တွေဟာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေ (ကုမ္ပဏီတွေ) လွတ်လပ်မျှတစွာယှဉ်ပြိုင်မှ အောင်မြင်နိုင်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ဖျက်ဆီးသူတွေဖြစ် သွားတတ်တယ်။

SOE ဆိုတာ ဘာလဲ

 

အကြမ်းဖျင်းပြောရယင် SOE ဆိုတာ အစိုးရက အပြည့်အဝဒါမှမဟုတ် ရာနှုန်းတစ်ခုပိုင်ဆိုင်ထားတဲ့ စီးပွား ရေးလုပ်ငန်းပါ။ SOE ဆိုင်ရာလမ်းညွှန်မူတွေကို အဖွဲ့ ဝင် ၃၄ နိုင်ငံပါ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (Origani- zation for Economic Co-operation and Development, OECD) က ပြဋ္ဌာန်းတဲ့ Guideline on Corporate Governance of State-Owned Enterprises 2015 စာတမ်းမှာ တွေ့နိုင်ပါတယ်။ အဲဒီလမ်းညွှန်မူတွေကို OECD အဖွဲ့ဝင်နဲ့ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံအတော် များများ လိုက်နာကျင့်သုံး နေ ကြပါတယ်။ မြန်မာနိုင်ငံကလည်း အဆိုပါလမ်းညွှန်မူများကိုလေ့လာပြီး၊ သဘောထားမှတ်ချက်ပေး ထား တယ်လို့ OECD မှတ်တမ်းတွေအရသိရပါတယ်။ OECD လမ်းညွှန်ချက်မှာပါတဲ့ SOE ဆိုင်ရာအရေး ကြီးအချက် အချို့ကို အကျဉ်းချုံးကောက်နုတ်ဖော်ပြပါမယ်။

SOE တည်ထောင်ပြီး စီးပွားရေး လုပ်ငန်းတစ်ခုကို အစိုးရကလုပ်ဆောင်ခြင်း ဟာ ပြည်သူများအကျိုးကို အမြင့်ဆုံးဖော် ဆောင်ပေးနိုင်ကြောင်းပေါ်လွင်ရမယ်။ SOE တည်ထောင်ရန် လိုအပ်ကြောင်းအ ကြောင်းပြချက် ကို မကြာမကြာ ပြန်လည်သုံး သပ်နေရမယ်။

ပိုင်ဆိုင်မှုပေါ်လစီ (Own ship Policy) ကို ရှင်းလင်းစွာ ဖော်ထုတ်ထားရမယ်။ ပိုင်ဆိုင်မှုပေါ်လစီအနေနဲ့ နိုင်ငံရေး တာဝန်ခံမှုရှိပြီး၊ ပြည်သူလူထုထံ ပွင့်လင်း မြင်သာစွာ တင်ပြထားရမယ်။ SOEတွေကို အဓိကမောင်းနှင် တာကတော့ အုပ်ချုပ်ရေးအဖွဲ့ (corporate governance) ဖြစ်ပါတယ်။ အုပ်ချုပ်ရေး အဖွဲ့ထဲမှာ ပေါ်လစီပိုင်း လမ်းညွှန်မှုပေးတဲ့ ဒါရိုက်တာဘုတ်အဖွဲ့(Board of Directors) နဲ့ ပေါ်လစီတွေကို အကောင်အထည်ဖော်၊ လုပ်ငန်းလည်ပတ်မှုကို ဦးဆောင်တဲ့ စီမံခန့်ခွဲရေး (Management) ဆိုပြီး နှစ်လွှာပါဝင်တယ်။ ဒါရိုက်တာဘုတ် အဖွဲ့နဲ့ စီမံခန့်ခွဲရေးခန့်အပ်ခြင်းနဲ့ လုပ်ငန်းလည်ပတ်ရာမှာ အစိုးရစွက်ဖက်မှု သုညရာခိုင်နှုန်းဖြစ်ဖို့ အာမခံရသ လို လက်တွေ့မှာလည်း ပြည်သူများ၊ ပြိုင်ဘက်ကုမ္ပဏီများ မြင်သာအောင်ပြသရတယ်။ အုပ်ချုပ်ရေးအဖွဲ့ ဆောင်ရွက် ချက်တွေဟာ စွမ်းဆောင်ရည်မြင့်မားမှု (professionalism) ကို အမြင့်ဆုံးပြသရ မယ့်အပြင် လုပ်ငန်းဆောင်ရွက်ချက်တိုင်း ဟာ ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။

SOE တွေ စီးပွားရေးလုပ်ငန်းဆောင် ရွက်ရာမှာ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အခြေခံမူများအတိုင်း အခြား လုပ်ငန်းရှင်တွေ (ကုမ္ပဏီတွေ)နဲ့ တန်းတူရည်တူ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေး စနစ် ယှဉ်ပြိုင်မှု အခြေခံမူဖြစ်တဲ့ ကစား ကွင်းမျက်နှာပြင်ညီမျှမှု (level playing field) အတိုင်းသာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အခွင့်ထူးခံမဖြစ်ရပါ။

နော်ဝေးနိုင်ငံဟာ စံပြSOE တွေရှိတဲ့ နိုင်ငံလို့ ပြောနိုင်ပါတယ်။ နော်ဝေး SOE တွေဟာ တစ်နိုင်ငံလုံး ကုန်ထုတ်လုပ်မှု GDP မှာ ၆ဝရာခိုင်နှုန်းကျော်ပါဝင်တယ်။ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ငွေကြေးနဲ့ ဘဏ်လုပ် ငန်း၊ ဆက်သွယ်ရေးကဏ္ဍတွေမှာ SOE တွေ အဓိကရင်းနှီးမြှုပ်နှံထားပါတယ်။ နော်ဝေးမှာ SOE စုစုပေါင်း ၇ဝ ကျော်ရှိပါတယ်။ အာဏာရအစိုးရက လက်ဝဲယိမ်းလား၊ လက်ယာယိမ်းလားဆိုတဲ့အပေါ် မူတည်ပြီး၊ SOE တွေ မှာ အစိုးရရဲ့ ရှယ်ယာအပြောင်းအလဲ လုပ်တာတွေတော့ရှိပါတယ်။ နော်ဝေးနိုင်ငံက SOE တွေဟာ OECD လမ်း ညွှန်မူများအတိုင်း နိုင်ငံတကာ အလေ့အကျင့်ကောင်း (good practices) တွေကို အပြည့်အဝ လိုက်နာကျင့် သုံးကြပါတယ်။ နော်ဝေး SOE တွေ ဈေးကွက်မှာ ယှဉ်ပြိုင်တာနဲ့ပတ်သက်လို့ ဘယ်သူမှ မေး ခွန်းထုတ်စရာ မ ဖြစ်သလို ဈေးကွက်စီးပွား ရေးစနစ်ကိုလည်း တစ်စုံတစ်ရာထိခိုက်မှု မဖြစ်စေပါ။

ဈေးကွက်စီးပွားရေးစနစ်မှာ

အစိုးရဟာ ဒိုင်လူကြီးဖြစ်သာတယ်

 

အစိုးရရဲ့ တာဝန်ဟာ လွတ်လပ်တဲ့ဈေး ကွက်စီးပွားရေးစနစ် စနစ်တကျရှင်သန်စေမယ့် ဥပဒေတွေ၊ လို အပ်တာတွေကို စီမံဆောင်ရွက်ပေးပြီး၊ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ ပုဂ္ဂလိက ကဏ္ဍ (private sector) အားကောင်း အောင်လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဈေးကွက်မှာ ဝင် ရောက်ယှဉ်ပြိုင်သူအား လုံးတန်းတူအခွင့်အရေးရအောင် စီမံပေးဖို့လိုပါတယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ အစိုးရဟာ ဒိုင်လူကြီးအလုပ် ကို လုပ်ရပါတယ်။

 

နိုင်ငံတော် (state – သူ့ကို ကိုယ်စားပြုတဲ့ အာဏာရအစိုးရ) ဆိုတာ SOE ရဲ့ ပိုင်ရှင်သာဖြစ်ပါတယ်။ SOE လုပ်ငန်းကို တိုက်ရိုက်ဆောင်ရွက်နိုင်တဲ့ အုပ်ချုပ်ရေးအဖွဲ့မဟုတ်ပါ။ အရည်အချင်း ပြည့်ဝတဲ့ အုပ်ချုပ်ရေးအဖွဲ့ ကို ဖွဲ့စည်းတာဝန်ပေးအပ်ရတယ်။ အစိုးရစွက်ဖက်မှု၊ မျက်နှာသာပေးမှု သုညရာခိုင်နှုန်းနဲ့ ဈေးကွက်မှာ အခြား ကုမ္ပဏီတွေနဲ့ SOE က ယှဉ်ပြိုင်ရပါတယ်။ အစိုးရက SOE ကို တိုက်ရိုက်အုပ်ချုပ်၊ လုပ်ငန်းလည်ပတ်ပြီဆိုရင် အစိုးရက ဈေးကွက်မှာ ယှဉ်ပြိုင်လိုက်ခြင်းဖြစ်ပါတယ်။ ကစားသမားအဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခြင်းဖြစ်ပါတယ်။ ကစားသမားဝင်လုပ်နေတဲ့ ဒိုင်လူကြီးက အဲဒီယှဉ်ပြိုင်မှုမှာဘယ်သူ့ကို မျက်နှာသာပေးမလဲ၊ စဉ်းစားကြည့်ပေ တော့။

 

ဆန့်ကျင်ဘက်လားရာသွားနေကြတဲ့ မြန်မာနိုင်ငံက SOEများ

 

၁၉၈၈ နောက်ပိုင်း တပ်မတော်အစိုးရ ပေါ်လာပြီးနောက် စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကဘက် တဖြည်း ဖြည်းလွှဲပြောင်းလာခဲ့တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ်ကို အားသွန်ခွန်စိုက်ဖော် ဆောင်လာချိန်မှာ တစ်ချိန်က SOE ဖြစ်ခဲ့တာတွေကို ပုဂ္ဂလိကလွှဲပြောင်းခြင်း (privatization) ပိုမိုလုပ်လာပါ တယ်။ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ ငွေကြေးနဲ့ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အခြားကုန်ထုတ်လုပ်ငန်းမျိုးစုံနဲ့ ဝန်ဆောင်မှုလုပ်ငန်းမျိုးစုံကို ပုဂ္ဂလိက ဘက်လွဲ ပြောင်းနေတာ မြင်ဝါးထင်ထင်တွေ့မြင်နေရတယ်။ ဒါပေမဲ့ အများကြီးလုပ်စရာတွေရှိနေသေးလို့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission, MIC) ကိုဖွဲ့စည်း တာဝန်ပေးအပ်ထားပြီး၊ စီးပွားရေး မှာ ပုဂ္ဂလိက ကဏ္ဍမြင့်မားလာအောင် လုပ်ဆောင်နေပါ တယ်။ ဒါဟာ တစ်ချိန်ကSOE အဖြစ်နဲ့ ရပ်တည်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍတွေကို ပုဂ္ဂလိကကဏ္ဍဘက်လွှဲပြောင်းဖို့ သွားနေတဲ့ ပရိုက်ပေတိုက်ဇေးရှင်းလားရာ (privatization direction) ဖြစ်ပါတယ်။

တစ်ပြိုင်နက်တည်း မြန်မာနိုင်ငံမှာ SOE တွေထုနဲ့ထည်နဲ့ ရှိနေတုန်းပါ။ ဈေးကွက်စီးပွားရေးစနစ် မှန်မှန်ကန် ကန် ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာပုဂ္ဂလိကကဏ္ဍက လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတော် တော်များများကို SOEအဖြစ် အခုထိထိန်းထားတုံးပါ။ ဒါ့အပြင် အစိုးရက SOE အသစ်တွေကို ထပ်မံတည်ထောင်နေတယ်။ အထူး သဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက လုပ်နေပါတယ်။ YBS လုပ်ပြီးပါပြီ။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးဝန်ဆောင်မှုတွေကို စီးပွားရေးပုံစံပြောင်းပြီး လုပ်မယ်လို့ ကြေညာထားတယ်။ လောင်စာ ဆီလှောင်ကန်တွေ တည်ဆောက်ပြီး၊ ဖြန့်ဖြူးမယ်လို့ပြောတယ်။ ဒါ့အပြင် အင်မတန်ကြီးမားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို လုပ်ကိုင် ဖို့ New Yangon Development Company LTD (NYDC) ဖွဲ့စည်းလိုက်ကြောင်း မကြာသေးခင်က ကြေညာခဲ့ တယ်။ ယခင် SOE တွေကို ပုဂ္ဂလိကဘက်လွှဲပြောင်း တဲ့  privatization directionကို သွားနေ ချိန်မှာ အစိုးရက SOE အသစ်တွေ ထပ်မွေးထုတ်တာဟာ ဆန့်ကျင်ဘက်လားရာ တစ်ခုကိုဖော်ဆောင်လာခြင်းဖြစ်တယ်။ အဲဒီ လားရာကတော့ စီးပွားရေးကို နိုင်ငံ တော်ကထိမ်းချုပ်ဖို့သွားနေတဲ့ လားရာ (SOE direction) ဖြစ်ပြီး၊ privatization direction နဲ့ ပြောင်းပြန်ဖြစ်နေတယ်။

 

လက်ရှိ privatization direction ကို လည်ပြန်ကြည့်ခြင်း

 

မြန်မာနိုင်ငံSOEတွေကို ပုဂ္ဂလိကလွှဲပြောင်းရာမှာ နည်းမှန်လမ်းမှန်ဖြစ်ခဲ့တယ်လို့ အများအသိအမှတ်ပြုတာ ကိုခံရတဲ့ ကဏ္ဍကတော့ တယ်လီကွန်မြူနီကေးရှင်း ကဏ္ဍ (telecommunication sector) ဖြစ်ပါတယ်။ ဒီကဏ္ဍ အတွက် အစိုးရက နည်းမှန်လမ်းမှန်လုပ်ခဲ့လို့ ရလဒ်ကောင်း တွေရခဲ့တယ်။ telecommunication sector မှာ လုပ် ကိုင်နေတဲ့ကုမ္ပဏီတွေ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်ခွင့်ရတယ်။ ရလဒ်က ဖုန်း၊ အင်တာနက်နဲ့ ဆက်စပ်ကဏ္ဍမှာ ထိုက်သင့်တဲ့ နှုန်းထားနဲ့ဝန်ဆောင်မှုကို အပြိုင်အဆိုင်ကမ်းလှမ်းတဲ့အတွက် ယှဉ်ပြိုင်မှုရဲ့ရလဒ် အကျိုးကျေးဇူး ကို ပြည်သူလူထု လက်တွေ့ခံ စားနေရတယ်။ ဒါ့အပြင် telecommunication နဲ့ဆက်စပ်လုပ်နေရတဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှ လုန်ငန်းလည်ပတ်မှုမှန်ကန်၊ မြန်ဆန်လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သိသိသာ သာကြီး အထောက်အကူပြု နေတယ်။တစ်ပြိုင်နက်တည်းမှာ အခြားအရေး ကြီး ကဏ္ဍတွေကို privatization

လုပ်ရာမှာ ပုံပန်းမကျတာတွေကိုလည်း တွေ့နေရ တယ်။

လေကြောင်းသယ်ယူ ပို့ဆောင်ရေး ကဏ္ဍ (aviation sector) တစ်ချိန်ကSOE အဖြစ် ရာခိုင်နှုန်း ၁ဝဝ လည်ပတ်ခဲ့တဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေးကို ပုဂ္ဂလိကဘက်လွှဲပြောင်းတယ်။ မြန်မာ့အမျိုး သားလေ ကြောင်း (MNA Myanmar National Airlines) ကို SOE အနေနဲ့ လည်ပတ်နေပေမဲ့ ပုဂ္ဂလိက ကုမ္ပဏီများစွာ ကို လုပ်ပိုင်ခွင့်ချပေးထားတယ်။ မြန်မာနိုင်ငံ ရဲ့ စီးပွားရေးအရွယ်အစား GDP ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထက် အ ဆများစွာငယ်ပေမဲ့ လေကြောင်းလိုင်းအရေအတွက်မှာ ထိုင်းနိုင်ငံထက်များတယ်။ မြန်မာနိုင်ငံ မှာ ၁၂လိုင်းရှိပြီး ထိုင်းနိုင်ငံမှာ ၁ဝ လိုင်းရှိပါတယ်။ မြန်မာ့လေကြောင်းလိုင်းတွေရဲ့ ဝန်ဆောင်ခဟာ ထိုင်းနိုင်ငံက လေကြောင်း လိုင်းတွေထက် ဈေးကြီးတယ်။ ရန်ကုန်-နေပြည်တော်ခရီးစဉ်ဟာ NOK Air, AirAsia တို့နဲ့ ရန်ကုန်-ဘန်ကောက် ခရီးစဉ်ထက်ပိုဈေးကြီးတယ်ဆိုတာ သွားဖူးသူတိုင်းသိတယ်။ မြန်မာ့လေကြောင်းလိုင်းတွေက နိုင်ငံခြားသားဆို ဈေးပိုယူတာပါ ထည့်ပြောရင် အင်မတန်ဈေးကြီးတဲ့ ဝန် ဆောင်မှုပါ။ ဘာ demand  မှ မရှိဘဲ ဈေးကြီးနေတဲ့ ပြဿနာပါ။ ဝန်ဆောင်ခ ဈေးကြီးယူ သော်ငြား မြန်မာ့လေကြောင်းလိုင်းအများစု အရှုံးပေါ်နေတယ်။ ဒီလိုပုံစံနဲ့ ဆက်သွားနေရင် မြန်မာ့လေကြောင်းလိုင်းတချို့ ဒေဝါလီခံရနိုင်တယ်။ ခရီးသွားပြည်သူတွေကတော့ အရှုံးပေါ် နေတဲ့ လေကြောင်းလိုင်းတွေရဲ့ လည်မျိုညှစ်တာကိုခံနေရတယ်။ လုပ်ငန်းရှင်ရော စားသုံးသူပါ မကျိုးမရှိတဲ့အ နေအထားပါ။

ဘဏ်လုပ်ငန်းကဏ္ဍ (banking sector)  မြန်မာနိုင်ငံမှာ ဘဏ်အရေအတွက် ၂၈ ခုရှိပြီး၊ ထိုင်းနိုင်ငံမှာ ၂ဝ ရှိ ပါတယ်။ မြန်မာနိုင်ငံက ဘဏ်တွေရဲ့ ဝန်ဆောင်မှုက နိုင်ငံတကာနဲ့စာရင် အတော်နိမ့်ကျနေသေးတယ်။ အခြား နိုင်ငံတွေမှာ ဘဏ်ငွေစာ ရင်းဖွင့်လိုက်တာနဲ့ ATM, Credit Card, Debit Card တွေ အလိုအလျောက်တွဲပါ လာပြီး လွယ်ကူအဆင်ပြေအောင် လုပ်ထားတယ်။ IT နည်းပညာနဲ့ တွဲထားပြီး၊ လူတွေလုပ်ရမယ့် အလုပ်တွေကို နည်းပညာနဲ့ ပေါင်းစပ်လုပ်သွားတော့ တိကျ၊ မှန်ကန်၊ မြန်ဆန်တယ်။ လူတွေကြောင့်ဖြစ်ရတဲ့ ဗျူရို ကရေစီ ကြိုးနီစနစ်ဆိုတာ သုညအဆင့်ကို ရောက်သွားတယ်။

မြန်မာ့ဘဏ်ဝန်ဆောင်မှုမှာ ယုံကြည့် စိတ်ချရမှု (reliable) မဖြစ်သေးတာက လည်းအများကြီး။ ATM မှာ ငွေထုတ်နေရင်း ငွေထွက်မလာဘဲ ပြဿနာတက်ရတာ၊ Credit card ပျောက်လို့ အကြောင်းကြား တဲ့အခါဘဏ် တွေက ဝေ့လည်ကြောင်ပတ် လုပ်နေပြီး နောက်ဆုံး customer ပဲ အနစ် နာခံလိုက်ရတာ၊ ဘဏ်ကထုတ်လာတဲ့ ငွေ ထုပ်တွေမှာအရွက်ရေလျော့နေတာ၊ တန်ဖိုးငယ်တဲ့ အရွက်တွေ ရောထည့်ထားတာစတဲ့ပြဿနာတွေ မကြာခဏကြားနေရ တယ်။

ဝန်ဆောင်ခကျတော့ ကမ္ဘာမှာစံတင်လောက်တယ်။ စာရေးသူ ထိုင်းနိုင်ငံ ဘန်ကောက်ဘဏ်မှာ ငွေစာရင်း ဖွင့်ထားတယ်။ Visa နဲ့ တွဲထားတဲ့ ATM ကတ်ရှိတယ်။ အဲဒီကတ်နဲ့ မြန်မာနိုင်ငံမှာ ငွေထုတ်ရင် အများဆုံး တစ်ကြိမ် ကျပ်သုံးသိန်း (အခုငွေ လဲနှုန်းနဲ့ဆို ဘတ် ၇ဝဝဝ ခန့်) ထုတ်လို့ ရတယ်။ ဝန်ဆောင်ခက (——) ဘဏ် ဆိုယင် ကျပ် ၆၅ဝဝ (ဘတ် ၁၅ဝ) ယူတယ်။ (—–) ဘဏ်ဆိုယင် ကျပ် ၅ဝဝဝ (ဘတ် ၁၂ဝ) ယူတယ်။ အဲဒီ ATM နဲ့ အနောက် နိုင်ငံဘဏ်တွေမှာ အများဆုံးတစ်ကြိမ် ဘတ်တစ်သိန်းအထိ ထုတ်လို့ရတယ်။ ဝန် ဆောင်ခက ဘတ် ၁ဝဝ (တစ်ရာ) သာ ပေးရတယ်။

ဒီကိစ္စကို ဥပမာယူရင် မြန်မာ့ဘဏ် တွေရဲ့ ဝန်ဆောင်ခဟာ ထိုင်းဘဏ်တွေ ထက် ၁၅ ဆ- အဆ ၂ဝ ထိ ဈေးကြီးနေတာ တွေ့ရတယ်။ ဝန်ဆောင်မှုအားလုံး ဒီနှုန်းထား အတိုင်း ဈေးကြီးနေတယ်လို့တော့ မဆိုလိုပါ။  မြင်သာအောင် စာရေးသူ ကိုယ်တွေ့ကြုံ ရတာကို ဖော်ပြခြင်းသာဖြစ်ပါတယ်။ ဒီလို ဝန်ဆောင်ခ ဈေးကြီးခြင်း ဟာ စားသုံးသူတွေကို လည်မျိုညှစ်ခြင်းတစ်မျိုးဖြစ်ရုံမက ဘဏ်လုပ်ငန်းကို မှီခိုအားထားရတဲ့ ဆက် စပ်စီးပွား ရေးလုပ်ငန်းအားလုံးအတွက် လည်း ကြီးမားတဲ့အဟန့်အတားဖြစ်နေရတယ်။

လေကြောင်းလိုင်းနဲ့ ဘဏ်လုပ်ငန်းကို privatization လုပ်ရာမှာ နည်းလမ်းမကျတဲ့ အတွက် အထက်က တင်ပြခဲ့သလို ဝန်ဆောင်ခတွေအဆမတန် ဈေးကြီးနေတာတွေဖြစ်ရတယ်။ အဲလိုဖြစ်ရခြင်း အကြောင်းရင်းတွေ ထဲမှာ လုပ်ပိုင်ခွင့်ချပေးရာမှာ တိုင်းပြည်စီးပွားရေးအရွယ်အစားနဲ့အချိုးညီ ချပေးသင့်တဲ့ အရေအတွက်ထက် ပိုမိုချပေးခြင်းဟာလည်း တစ်ခုအပါ အဝင်ဖြစ်တယ်။

 

အစိုးရမီဒီယာဟာ လုံးဝမရှိသင့်တဲ့ SOE

 

လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ မီဒီယာကို ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ခွင့်ပေးတယ်။ တချို့ကဒီမိုကရေစီနိုင်ငံတွေမှာလည်း ပြည်သူ့ဘဏ္ဍာနဲ့ လည်ပတ် တဲ့ မီဒီယာတွေရှိတာကို ထောက်ပြပြီး မြန်မာနိုင်ငံမှာ အစိုးရမီဒီယာရှိတာဘာမှားလို့လဲလို့ စောဒကတက်နိုင် တယ်။ ဒီကိစ္စကြားဖြတ်ဆွေးနွေးချင်ပါတယ်။ အနောက်ဥရောပနိုင်ငံအများစုနဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ ပြည်သူ့ ဘဏ္ဍာ၊ အခွန်အခတွေနဲ့လည်ပတ်တဲ့ အသံလွှင့်မီဒီယာတွေရှိပါတယ်။ သူတို့ကို ပြည်သူ့ဝန်ဆောင် အသံလွှင့် လုပ်ငန်း (Public Service Broadcasting, PSB) လို့ခေါ်တယ်။ စကင်ဒီနေးဗီးယားနိုင်ငံတွေဟာ အအောင် မြင်ဆုံး PSB ရှိတဲ့ နိုင်ငံတွေလို့ပြောနိုင်ပါ တယ်။ အဲဒီ နိုင်ငံတွေမှာ ပြည်သူကပေးတဲ့ မီဒီယာ (TV & radio) အခွန်နဲ့ PSB

ကိုလည်ပတ်တယ်။ စီးပွားရေးကြော်ငြာ လုံးဝယူခွင့်မရှိပါဘူး။ PSB ကို စီးပွားရေး အတွက်မဟုတ်ဘဲ ပြည်သူ တွေကို ဝန်ဆောင်မှုပေးရတဲ့ အလုပ်သက်သက် ရာခိုင်နှုန်း၁ဝဝ လုပ်ဖို့ တည်ထောင်ထားတာပါ။ ထိုင်းနိုင်ငံမှာ တော့ ယစ်မျိုးခွန် (sinta) နဲ့ Thai Public Service Broadcasting (Thai PSB) ကိုလည်ပတ်ပါတယ်။ စီးပွား ရေးကြေငြာ (commercial) လုံးဝယူခွင့်မရှိပါ။ PSB တွေဟာ ပြည်သူ့ဘဏ္ဍာ တစ်မျိုးဖြစ်တဲ့ အခွန်အခနဲ့ လည် ပတ်ပြီး ပုဂ္ဂလိက မီဒီယာ (private media) တွေသာ ယှဉ်ပြိုင်ရတဲ့ မီဒီယာဈေး ကွက်ထဲဝင်ခွင့် မရှိပါ။ ဒါပေမဲ့ တချို့နိုင်ငံ တွေမှာ ပုဂ္ဂလိ ကမီဒီယာ တွေရဲ့ ဈေးကွက် ယှဉ်ပြိုင်မှုကို မထိခိုက်တဲ့ အတိုင်းအတာ အထိ PSB တွေ ကြော်ငြာယူခွင့် ပြုထား တာတော့ရှိတယ်။

မြန်မာနိုင်ငံမှာက ပြည်သူ့ဘဏ္ဍာနဲ့လည်ပတ်နေတဲ့ အစိုးရမီဒီယာတွေဟာ စီးပွားရေးကြော်ငြာ ဈေး ကွက်မှာလည်းနေရာယူထားတယ်။ စောင်ရေသုံးသိန်းကျော်နဲ့ တစ်နိုင်ငံလုံးကိုဖြန့်ချိနိုင်တဲ့ အစိုးရသတင်းစာ တွေကို ရန်ကုန်မှာပဲပုံနှိပ်ပြီး ရန်ကုန်မှာပဲဖြန့်ဝေရတဲ့ စောင်ရေသောင်းဂဏန်းသာရှိတဲ့ ပုဂ္ဂလိကသတင်းစာတွေ ကြော်ငြာဈေးကွက်မှာ ဘယ်လိုမှယှဉ်လို့မရပါဘူး။ ရလဒ်က ပုဂ္ဂလိကသတင်းစာတွေ ဈေးကွက်မှာ အသတ်ခံရ ခြင်းပဲ။ ပြည်သူ့ဘဏ္ဍာနဲ့လည်ပတ်နေတဲ့ အစိုးရအသံလွှင့်မီဒီယာကလည်း စီးပွားရေးကြော်ငြာတွေ ရယူနေ တယ်။ အစိုးရဟာ ပုဂ္ဂလိကအသံလွှင့်ဌာနတွေထံက အသံလွှင့်လိုင်စင်ကြေးရယူပြီး ပုဂ္ဂလိကအသံလွှင့် ဌာန တွေ ကြော်ငြာဈေးကွက်မှာ မျှမျှတတ ယှဉ်ပြိုင်နိုင်ရေးကို အာမခံမယ့်ဒိုင်လူကြီး အလုပ်ကိုသာလုပ်ရမှာပါ။ အခု တော့ ဒိုင်လူကြီးလည်းလုပ်၊ ကစားသမားအနေနဲ့ လည်း ပုဂ္ဂိကမီဒီယာတွေနဲ့ ယှဉ်ပြိုင်နေတယ်။ အစိုးရ SOE တစ်ခုက ပုဂ္ဂလိကမီဒီယာ ဈေးကွက်စီးပွားရေးကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။ ဖြစ်သင့်တာက အစိုးရ မီဒီ ယာတွေ ကို PSB အဖြစ် ပြောင်းလဲပြီး ကြော်ငြာဈေးကွက်မှာ ပုဂ္ဂလိက မီဒီယာတွေကိုသာယှဉ်ပြိုင်စေဖို့ပါ။

 

ဈေးကွက်စီးပွားရေးစနစ်နဲ့ စီမံခန့်ခွဲရေး တရားရုံး

 

ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးတဲ့ နိုင်ငံအတော်များများမှာ စီမံခန့်ခွဲရေးဥပဒေ (administrative law) ဆို တာရှိတယ်။ မြန်မာနိုင်ငံမှာလည်းရှိတယ်။ အကြမ်းဖျင်း အဓိပ္ပာယ်ဖွင့်ရရင် စီမံခန့်ခွဲရေး ဥပဒေဆိုတာ ရာဇဝတ် ဥပဒေလည်းမဟုတ်၊ တရားမဥပဒေလည်းမဟုတ်၊ အထူးဥပဒေလည်းမဟုတ်ဘဲ အစိုးရဌာနတွေနဲ့ လူတစ်ဦး ချင်း (စီးပွားရေးကုမ္ပဏီအပါအဝင်)ရဲ့ ကြားက ပြဿနာနဲ့ပတ်သက်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေပါ။ နိုင်ငံတိုင်းမှာ စီမံခန့်ခွဲရေး (administration) ကို လုပ်ရတာဟာ အစိုးရဌာနတွေဖြစ်ပါတယ်။ အစိုးရဌာနတွေရဲ့လုပ်ရပ်၊ ဆုံး ဖြတ်ချက်တွေဟာလည်း အမှားတွေပါတတ်တယ်။ အဲဒီအမှားတွေကို ပြန်လည်ခုခံ၊ ကုစားဖို့အတွက်တရားရုံး တွေ သီးသန့်တည်ထောင်ထားတယ်။ အဲဒီ တရားရုံးတွေဟာ စီမံခန့်ခွဲရေး တရားရုံး (administrative court) တွေဖြစ်တယ်။ ထိုင်းနိုင်ငံမှာ Digital TVလိုင်းသစ် ၂၈ လိုင်းကို commercial ရုပ်သံလိုင်းတွေအဖြစ် လုပ်ပိုင်ခွင့် ပေးတာကို တာဝန်ခံကြီးကြပ်ရတဲ့ အစိုးရဌာနကတော့ National Broadcasting and Telecommunication Commission (NBTC) ဖြစ်တယ်။ အသစ်ဝင်လာသူတွေ လူဟောင်းတွေရရှိထားတဲ့ အခွင့်အရေးနဲ့ တန်းတူရရှိ အောင် NBTC က လုပ်ဆောင်ပေးရမှာတွေ အများကြီးရှိတယ်။ အသစ်ဝင်လာသူတွေကလည်း အသံလွှင့်လိုင် စင်အတွက် အခကြေးငွေကို ထိုက်ထိုက်တန်တန်ကြီး NBTC ကို ပေးဆောင်ထားရတယ်။ ဒါပေမဲ့ NBTC ရဲ့ ဆောင်ရွက်ပေးမှုတွေဟာ လိုင်စင်ထုတ်ပေးစဉ်က အာမခံထားတဲ့အတိုင်း မပြည့်မီတဲ့အတွက် အသစ်ဝင်လာတဲ့ digital TV အသံလွှင့်လုပ်ငန်းရှင်တချို့က စီမံခန့်ခွဲရေးရုံးမှာ NBTC ကို တရားစွဲပြီး နစ်နာမှုကို ကုစားဖို့ တောင်း ဆိုနေကြ တယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ အများစုဖြစ်တဲ့ ဆောက်လုပ်ရေးစီမံကိန်းကြီးတွေကို အစိုးရက ထိန်းညှိမှုပြုလုပ် ခဲ့ပါတယ်။ အဲဒီ လိုလုပ်ရာမှာ အစိုးရမှာ စေတနာကောင်းရှိတယ်ဆိုတာသံသယမရှိပါ။ အစိုးရထိန်း ညှိမှုတွေ ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေမှာ နစ်နာမှုများစွာဖြစ်ရပုံကိုပုံစံမျိုးစုံနဲ့ ထုတ်ဖော်ပြောဆိုနေကြတယ်။ အခြား စီးပွားရေးကဏ္ဍတွေမှာလည်း အစိုးရလုပ်ဆောင်ချက်တွေကြောင့် နစ်နာမှုတွေရှိနိုင်ပါတယ်။ စီမံခန့်ခွဲ ရေးတရားရုံးသာရှိရင် နစ်နာရတဲ့စီးပွားရေးလုပ်ငန်းရှင်တွေက အဲဒီမှာလျှောက်ထားပြီးကုစားနိုင်မဲ့နည်း လမ်းကို ရှာကြမှာပါ။ အခုတော့ နစ်နာမှုကို ကြိတ်မှိတ်ခံနေရတယ်။

တရုတ်နိုင်ငံမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ချီတက်နေတုန်းကမလိုအပ်ပေမဲ့ တိန့်ရှောင်ဖိန်ရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်လာတဲ့ ၁၉၈ဝ ပြည့်လွန်နှစ်တွေမှာတော့ စီမံခန့်ခွဲ ရေးတရားရုံးတွေ တည်ထောင်လာပါတယ်။ မြန်မာနိုင်ငံလည်း ဈေးကွက်စီးပွားရေးစနစ် ကို သွားနေပြီမို့ စီမံခန့်ခွဲရေးတရားရုံးတွေ မဖြစ်မနေလိုအပ်နေပါတယ်။ NYDC အနေနဲ့ နိုင်ငံတကာ အလေ့အကျင့်ကောင်းတွေကို လိုက်နာဖို့လို NYDC လုပ်ငန်းဆောင်ရွက်မှုမှာ နိုင်ငံတကာ အလေ့အကျင့်ကောင်းတွေနဲ့ အံချော်မှု ရှိမရှိသုံးသပ်ဖို့လိုပါတယ်။ အရေး ကြီးအချက်တချို့ကို ကောက်နုတ် ဖော်ပြချင်ပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ NYDC Board of Directors မှာ ပညာရှင်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပါတယ်ဆိုပေမဲ့ Board of Directors ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးတွေက ဦးဆောင်ပါတယ်။ OECD လမ်းညွှန်မှုနဲ့ နိုင်ငံတကာ အလေ့အကျင့် ကောင်းတွေအရ SOE တွေရဲ့ corporate governanceခန့်အပ်မှုမှာ အစိုးရပါဝင် ပတ်သက်မှု လုံးဝကင်းရှင်းဖို့လိုပါတယ်။ NYDC ရဲ့ Board of Directors ခန့်အပ်မှုကို အစိုးရကတိုက်ရိုက် ပြုလုပ်ရုံမက ဝန်ကြီးတွေကိုယ်တိုင် ပါဝင်နေခြင်းဟာ နိုင်ငံတကာ အလေ့အကျင့်ကောင်းတွေနဲ့ အံချော်ပါ တယ်။

ဒိုင်လူကြီး၊ ကစားသမား  အစိုးရ မီဒီယာက SOE အနေနဲ့ ဒိုင်လူကြီးလည်းလုပ်၊ ကစားသမားလည်းလုပ်လို့ အခြားယှဉ် ပြိုင်ဘက် ပုဂ္ဂလိက မီဒီယာတွေကို ဈေး ကွက်မှာသတ်သလိုဖြစ်ခဲ့တယ်။ NYDC ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ရာခိုင်နှုန်း ၁ဝဝ ပိုင်ဆိုင်ကာ ကုမ္ပဏီတွေသာလုပ်သင့်တဲ့ ဆောက်လုပ်ရေးကဏ္ဍ (constructon sectior) မှာ ဝင်ရောက်လုပ်ကိုင်ခြင်းဟာ ဒိုင်လူကြီးလည်းလုပ်၊ ကစားသမားလည်း လုပ်သလိုဖြစ် နေပါတယ်။ နိုင်ငံတကာ အလေ့အကျင့်ကောင်းတွေနဲ့ အံချော်ပါတယ်။

ကြိုးနီစနစ်ကျော်နိုင်တဲ့ အခွင့်ထူးခံ- NYDC လုပ်ငန်းဆောင်ရွက်ရာမှာ ကြိုးနီစနစ်ကို ကျော်ဖြတ်နိုင်မယ် လို့ပြောပါ တယ်။ NYDC ကတော့ ကြိုးနီမယ့်စနစ်ကို ကျော်လွှားနိုင်ပြီး SOE မဟုတ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို တော့ ကြိုးနီစနစ်နဲ့ ချည်တုပ်ထားမယ့် သဘောဖြစ်နေတယ်။ အခြားကုမ္ပဏီတွေ မရတဲ့ အထူးအခွင့်အရေးမျိုးကို NYDC ကို ပေးထားခြင်းဖြစ်တယ်။ နိုင်ငံတကာ အလေ့အကျင့်ကောင်းတွေနဲ့ အံချော်ပါတယ်။

လက်ရှိ မြန်မာ့စီးပွားရေးစနစ်မှာ ရှိနေတဲ့ SOE တွေကို privatization လုပ်နေတာ ပုံပန်းမကျသေးပါဘူး။ ဒါတွေကို ပြင်ရဦးမယ်။ ဒါ့အပြင် ဈေးကွက်စီးပွားရေးစနစ်မှာ လိုအပ်နေတဲ့ စီမံခန့်ခွဲရေးတရားရုံးတွေမရှိလို့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ နစ်နာမှုကုစားနိုင်ခွင့်လည်း ပျောက်ဆုံးနေပါသေးတယ်။ ဒီအချိန်မှာ နိုင်ငံတကာ အလေ့အကျင့်ကောင်းတွေအတိုင်းလိုက်နာကျင့်သုံးခြင်းမရှိတဲ့ SOE တွေ ထပ်မံတိုးလာမယ်ဆိုရင် မြန်မာ့ဈေး ကွက် စီးပွားရေးစနစ်ပိုပြီး ပုံပျက်ပန်းပျက်ဖြစ်သွားနိုင်တယ်။ ပုဂ္ဂလိက ကဏ္ဍကလုပ်ရမယ့်စီးပွား ရေးကဏ္ဍတွေ မှာ အစိုးရဝင်လုပ်တာများ လာရင် တိုင်းပြည်ကစွန့်ခွာလာတဲ့ စီမံကိန်း စီးပွားရေးစနစ် planned economy ဆီကို ပြန်သွားသလိုဖြစ်ပါလိမ့်မယ်။ လုပ်ချင်သပဆိုရင်တော့ မြန်မာ့ SOE တွေကို နိုင်ငံတကာ အလေ့အကျင့်ကောင်း တွေကို လိုက်နာကျင့်သုံးအောင်စီမံပြီး၊ ဈေးကွက်မှာ SOE မဟုတ်တဲ့ လုပ်ငန်းရှင်တွေနဲ့ တန်းတူ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

ခင်မောင်ဝင်း