နိုင်ငံရေးဆိုတာ သမိုင်း သမိုင်းဆိုတာ နိုင်ငံရေး

လင်းထင်

 

ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာ သမိုင်းစာအုပ်တွေ အများကြီးလိုပဲထင်ရတယ်။ ခေတ်ဟောင်းသမိုင်း ခေတ်သစ် သမိုင်းတွေရှိတာမှန်ပါတယ်။ သို့ပေမဲ့ တကယ်တမ်းလေ့လာ စေ့ငုရာမှာတော့ ကာလကိုပိုင်းခြားလိုက်ရင် ရှားပါးသလို ဖြစ်သွားတယ်။ ခေတ်ကာလတစ်ခုကိုကန့်သတ်ပြီး လူတန်းစားရေးကိုပါလေ့လာချင် ရင်အတော်ရှားပါတယ်။ ကျွန်တော်လေ့ ကျက်ဖူးတဲ့အထဲက ထုတ်ပြောရင် ဆရာဗန်းမော်တင်အောင်ရေးတဲ့ ‘ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း’ အဲဒီသမိုင်းကို ကျွန်တော်တို့ မရမကရှာပြီး တိုးတိုးတိတ်တိတ်ဖတ်ခဲ့ရတယ်။ ၆၂ ခုနှစ် ဗိုလ်နေဝင်းခေတ်မှာ ရိုက်နှိပ်ခွင့်မပေးလို့ စာအုပ်က ရှားသွားတယ်။ ပထမအကြိမ်ထုတ်လောက်ပဲ စာသမားတွေလက်ထဲမှာ လှည့်ဖတ်ခဲ့ရပါတယ်။ ဒါကလည်း ကိုယ့်ကိုသမိုင်း တွေ နိုင်ငံရေးတွေ လေ့လာသူကလည်းရှိဦးပါမှ။ အရပ်သားအစိုးရခေတ်လို့ မယုတ်မလွန်ပြောကြရတဲ့ ဗိုလ်သိန်းစိန်ခေတ်ထဲ မှာ သူ့ရှေ့ပိုင်းက တင်းကျပ်ထားလို့ ထုတ်ခွင့်မရတဲ့ စာအုပ်တွေ ထွက်လာတာတွေ့ပါတယ်။ ဥပမာ ပြည်ပမှာ ထုတ်ဝေခဲ့ပြီး အခုကျမှ ပြည်တွင်းမှာထုတ်ခွင့်ရတဲ့ စာအုပ်တွေဖတ်လာရပါတယ်။ အနီးကပ်ဆုံးပြောရင် ဆရာဝင်းတင့်ထွန်းရဲ့ ‘အမှောင် ကြားက ဗမာပြည်’နဲ့ မလင်းနိုင်သေးတဲ့ ဗမာပြည်လင်းတော့မှာလား ဗမာပြည်’တို့ပါပဲ။ ပြည်တွင်းမှာသမိုင်းစာအုပ်တွေမရှိ ဘူးလားဆိုတော့ရှိပါတယ်။ ‘နိုင်တဲ့လူက သမိုင်းကိုရေးတယ်’ဆိုတဲ့ စကားအတိုင်းပဲ ဗိုလ်နေဝင်းခေတ်မှာ ဗိုလ်သန်းရွှေခေတ် မှာ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေချည်းပါပဲ။ တက္ကသိုလ်ပညာရှင်ကြီးများကို ကော်မရှင်ဖွဲ့ပေးပြီးရေး ခိုင်းတာတောင်ရှိသေး။ ဆရာသမားတွေလည်း သူ့ဆန်စားရဲရတော့တာပေါ့။ အပြစ်မတင်မိပါဘူး။ ပြည်သူကသိနေကြတဲ့ ဥစ္စာ။

‘ခေတ်သစ်မြန်မာ့သမိုင်းလေ့လာချက်’ဆိုတဲ့ သမိုင်းတစ်စောင် ၂ဝ၁၇၊ အောက်တိုဘာမှာ ယဉ်မျိုးစာပေကထွက် လာပါတယ်။ ရေးသူက ဗ.က.သ ဦးလှရွှေလို့ အများသိကြတဲ့ အောင်သာ(ပီသုံးလုံး)ဖြစ်ပါတယ်။  ဖြတ်သန်းခဲ့ရတဲ့သမိုင်း ကြောင်းကိုကြည့်ရင် ၆၂ ဆဲဗင်းဇူလိုင်က စလိုက်တာ ယခုအထိပါ။ အခြားသူတွေလည်း ကိုယ်မြင်တဲ့ကိုယ်တွေ့တဲ့ သမိုင်းကို မှတ်တမ်းအနေနဲ့ ရေးသူတွေရှိပါတယ်။ သို့ပေမဲ့ အခုဆရာအောင်သာရေးတဲ့ သမိုင်းနဲ့တော့တူမှာမဟုတ်ပါဘူး။ မတူတဲ့ အတွက်လည်း ဘာမှမတတ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကပြေးပွဲတစ်ခုကိုကြည့်ပြီး ပြေးပွဲအကြောင်းရေးတဲ့ သူမဟုတ်ဘူး။ သူကဘာလဲဆိုတော့ ပြေးပွဲထဲမှာကို ကိုယ်တိုင်ဝင်ပြေးတဲ့ သူပြေးပွဲကိုဝင်ပြေးပြီးမှ ပြေးပွဲအကြောင်းရေးတဲ့ သူ။ ဒါကြောင့် အမှတ်အသားလည်းပါသွားတယ်။ လက်တွေ့လည်းပါသွားတယ်။

 

၁၉ဝဝ-၁၉၅ဝ မြန်မာ့သမိုင်းအနှစ်ချုပ် ကဘာလဲ။

ကိုလိုနီတို့ရဲ့ ကျွန်ပြုခံသမိုင်းဖြစ်တယ်။ မျိုးချစ်အင်အားစုများက နယ်ချဲ့စနစ်၊ မြေရှင်စနစ်တို့ရဲ့ဖိနှိပ်မှုကို တွန်းလှန် တဲ့ သမိုင်းဖြစ်တယ်။ မာ့က်စ်ဝါဒီများက နိုင်ငံရေးအင်အားစုတစ်ရပ်ကို နိုင်ငံရေးစည်းရုံး ရေးအရစုစည်းတဲ့ သမိုင်းလည်း ဖြစ်သလို တိုင်းရင်းသားမျိုးနွယ်စု၊ နိုင်ငံရေးအင်အားစုများ စည်းရုံးစုစည်းပြီးတော့ လွတ်လပ်ရေးတိုက်ပွဲကိုပါဝင်ဆင်နွှဲတဲ့ သမိုင်းလည်းဖြစ်တယ်။

 

 

လွတ်လပ်ရေးခေတ်ဦး ၁၉၄၈-၁၉၉၈ နှစ်(၅ဝ) လေ့လာချက်။

၂ဝရာစုခေတ်ရဲ့ သက်တမ်းတစ်ဝက် ဒုတိယကာလဖြစ်တဲ့သမိုင်းဖြစ်တယ်။ ပြည်တွင်းစစ်သမိုင်းလို့ ဆိုနိုင်ပြန်တယ်။ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်လည်း ဖြစ်ပွားခဲ့ရလို့ပါပဲ။ အာဏာရှင်ခေတ်ကို ဖြတ်သန်းနေရဆဲလို့ဆိုရင်လည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ် ရှိမြဲရှိနေသေးတယ်လို့ ဆိုနိုင်ပြန်တယ်။ ပါလီခေတ်ဟာ မကြာလိုက်ပါဘူး။ ဖဆပလအစိုးရ၊ သန့်ရှင်းအစိုးရ၊ ပထမစစ်အစိုးရ (အိမ်စောင့်)၊ ပထစခေတ် ကာလ ၁၉၆၂ မှာ ဆုံးပါတယ်။

ပြီးတော့ စစ်အစိုးရခေတ်ကို ၁၉၆၂ ကစလို့ ၁၉၇၄အထိ၊ တစ်ပါတီအာဏာရှင်ဖွဲ့စည်းပုံ (၁၉၇၄)အခြေခံဥပဒေ ခေတ်၊ ၇၄-၈၈အထိ။

နဝတ-နအဖ စစ်အစိုးရ ၁၉၈၈က ၂ဝ၁ဝ အထိ။ အားလုံးကိုလွှမ်းခြုံလေ့လာမယ်ဆိုရင် အောက်ပါအတိုင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

 

၁၉၄၈-၁၉၈၈ အတွင်း မြန်မာ့လူ့အဖွဲ့ အစည်းဟာ အနှစ်သာရအားဖြင့် ဘာတွေ ပြောင်းလဲသွားခဲ့ပါသလဲ။

မြန်မာ့လူ့အဖွဲ့အစည်းရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂ဝဝဝ လောက်ရှိခဲ့ပါပြီ။ အခိုင်အမာစုစည်းမိတဲ့ ပုဂံခေတ်တည် သက္ကရာဇ်ကိုတည်ရင် ကုန်းဘောင်ခေတ်အထိ နှစ်ပေါင်း ၁၂ဝဝတည်ရှိတယ်လို့ဆိုနိုင်ပါတယ်။ ကိုလိုနီကျွန်ဘဝ ၁၂၄ နှစ်၊ လွတ်လပ်ရေးရပြီး နှစ် ၅ဝကျော်။ ယနေ့မြန်မာ့လူ့အဖွဲ့အစည်းဟာ အတိတ်ခေတ် မြန်မာ့လူ့အဖွဲ့အစည်းများရဲ့ အဆက်ဖြစ် တယ်။ အကျိုးဆက်ဖြစ်တယ်။ ၁၉၄၈မှာ မြန်မာ့လူ့အဖွဲ့အစည်းဟာ ကိုလိုနီလူ့အဖွဲ့ အစည်းကနေ ကိုလိုနီတစ်ပိုင်း ပဒေသရာဇ်တစ်ပိုင်း လူ့အဖွဲ့အစည်းအဖြစ်ကို ကူးပြောင်းရောက်ရှိလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့် ဒီလိုဆိုပါ သလဲ။ ပဒေသရာဇ်ကုန်ထုတ်စနစ်ဟာ လယ်သမားထုကြီးနဲ့ ကျေးလက်ရာခိုင်နှုန်း ၈ဝကျော်ကို ချုပ်ကိုင်ထားတဲ့ ကုန်ထုတ် စနစ်ဖြစ်တယ်။ ဘက်စုံခေတ်နောက်ကျပြီး ကမ္ဘာ့အရင်းရှင်တွေကို ဘက်စုံမှီခိုနေရတယ်။ ကုန်ကြမ်းမျိုးစုံကို ထုတ်လုပ်ရောင်း ချရပြီး အရင်းအနှီးနဲ့ နည်းပညာကိုလည်း မှီခိုနေရတယ်။ အဲဒီစီးပွားရေး၊ နိုင်ငံရေးလက္ခဏာများဟာ မြန်မာ့လူ့အဖွဲ့အစည်း ကို အဆုံးအဖြတ်စီမံနေတာဖြစ်တယ်။

တစ်ခါ မြန်မာ့လူဦးရေကို ၅၄သန်း သတ်မှတ်ရင် ရှစ်ရာခိုင်နှုန်းဟာ လယ်သမား ၄၃ဒသမ၂သန်း၊ မြို့ပြမှာ ၁၁သန်း ခန့်ရှိပါတယ်။ တစ်ခါမြို့နေဦးရေရဲ့ ရာခိုင်နှုန်း ၇ဝက အလုပ်သမားအမျိုးမျိုး ၇ဒသမ၇ သန်းခန့်ရှိပါတယ်။ မြို့လူဦးရေရဲ့ ရာခိုင်နှုန်း ၂ဝက မြို့နေအလတ်တန်းစားများ ၂ဒသမ ၂သန်းဖြစ်ကြပါတယ်။ ကျန်တဲ့လူဦးရေ ၁ဒသမ၁သန်းက လုပ်ငန်းရှင် ကြီးများ (ဝါ)မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အရင်းရှင်များပဲဖြစ်ပါတယ်။ နောက်သတိပြုသင့်တဲ့အချက်က ၅၄သန်းအနက် ရာခိုင် နှုန်း ၅ဝဖြစ်တဲ့ ၂၆ သန်းဟာ မျိုးနွယ်စုံတိုင်းရင်းသားဖြစ်တယ်ဆိုတာပါပဲ။ ဘက်ပေါင်းစုံက ဖိနှိပ်မှု ပေါင်းစုံခံစားနေကြရ သူများဖြစ်ပါတယ်။ ဒါကမျက်မှောက်တည်ရှိတဲ့ ပုံကြမ်းဖြစ်ပါတယ်။ ဒီနှစ် ၅ဝအတွင်းမှာ ဘာတွေပြောင်း လဲခဲ့ပါသလဲ။ အနှစ် သာရအားဖြင့် ဘာမှပြောင်းလဲခြင်းမရှိပါဘူးလို့ပဲဆိုရမှာပါ။

ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးရလာကြတဲ့ နိုင်ငံများအနေနဲ့ လိုက်ပါနိုင်စေမယ့်လမ်းကြောင်း သုံးသွယ်ရှိ ကြောင်းတင်ပြထားပါတယ်။ (၁)မိုက်မိုက်မဲမဲလိုက်ပါနေဆဲ ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်း လမ်းကြောင်း၊ (၂)အရှေ့ ဥရောပနဲ့ တရုတ်တို့ရဲ့ပြည်သူ့ဒီမိုကရေစီလမ်းကြောင်း၊ (၃)ထိုင်ဝမ်၊ တောင်ကိုရီးယားနဲ့ အာဆီယံတို့ လိုက်ပါနေတဲ့ ခေတ်သစ်အရင်းရှင်သမ္မတနိုင်ငံလမ်းကြောင်းတို့ဖြစ်ပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံဟာ ဘာကြောင့် ဒုတိယနဲ့ တတိယလမ်း ကြောင်းကို မလိုက်နိုင်ရသလဲလို့ မေးခွန်းပေါ်ပေါက်လာပါတယ်။ မာ့က်စ်ဝါဒီတွေကိုယ်စားပြုတဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန် ရေးဖြစ် ပေါ်နေခဲ့သလို တိုင်းရင်းသားမျိုးနွယ်စု ဒီမိုကရေစီအင်အားစုများကလည်း အမျိုးသားတန်းတူရေးအတွက် AS လက်နက်ကိုင်တော်လှန်ရေးဖြစ်ပေါ်နေခဲ့လို့ဖြစ်တယ်။ မာ့က်စ်ဝါဒီများက ဒုတိယ လမ်းကြောင်းပေါ်လျှောက်ဖို့ ကြိုးပမ်းနေစဉ် မှာပဲ တိုင်းရင်းသားများက အမျိုးသားတန်းတူရေးအတွက် ခွဲထွက်သွားကြလို့ဖြစ်တယ်။ နောက်တစ်ချက်က နိုင်ငံ့အာဏာရ ထားတဲ့ ပါလီမန်အင်အားစုကလည်း ပြည်သူ့ဒီမိုကရေစီအင်အားစုကိုတိုက်သလို တိုင်းရင်းသားမျိုးနွယ်စုတွေကိုလည်း ခုခံတိုက်ခိုက်နေတယ်။ သို့သော်လည်း ကမ္ဘာမှာလက်ဝဲ (ဝါ)ပြည်သူ့ဒီမိုကရေစီတိမ်းညွတ်မှုရှိနေတာကြောင့် အမေရိကန်ဆီး တိုးထဲကို ဗြောင်မဝင်ရဲပါဘူး။ အလိမ္မာကြီးကြီးနဲ့ ဘက်မလိုက်ရပ်တည်ခဲ့တယ်။ မြန်မာဟာ အမေရိကန်ရဲ့ အရင်းအနှီးနဲ့ နည်းပညာတွေမရခဲ့ဘူး။ တတိယအရင်းရှင်လမ်းကြောင်း ပေါ်မရောက်နိုင်ခဲ့ဘူး။ ဒါကြောင့်လည်း အနှစ်သာရပြောင်းလဲမှု မရှိခဲ့ဘဲနဲ့ ခေတ်နောက်ကျတဲ့ဘဝမှာ ကျန်ခဲ့တာပဲဖြစ်ပါတယ်။ တစ်ဖက်ကကြည့်ရင် အာဏာရအစိုးရများ ကိုယ်တိုင်က လည်း ခေတ်နောက်ကျနေတဲ့ နိုင်ငံကို (ပဒေသရာဇ်တစ်ပိုင်းနိုင်ငံကို)ဖျက်သိမ်းဖို့ ကြံရွယ်ချက်မရှိကြဘူး။ အခြေခံကျ ကျပြောင်းလဲဖို့လည်း ဆန္ဒမရှိကြဘူး။ အာဏာရအုပ်စု ဥစ္စာဓနကြွယ်ဝဖို့သာအာရုံစိုက်ခဲ့ကြတယ်။ စစ်အုပ်စုက ကျင့်သုံးခဲ့တဲ့ လမ်းစဉ်ပါတီဟာ ဗျူရိုကရက်အရင်းရှင်စနစ်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ မြေရှင်နဲ့အတိုး ချေးစားခေါင်းပုံဖြတ်မှု၊ သွင်းကုန် ထုတ်ကုန် နိုင်ငံတကာအရင်းရဲ့ ခေါင်းပုံဖြတ်မှု၊ စစ်အုပ်စုနဲ့ ဗျူရိုကရက်အရင်းရှင်တို့ရဲ့ခေါင်းပုံဖြတ်မှုစတဲ့ဖိနှိပ်မှုတွေကို နှစ် ၄ဝ တိုင်တိုင်ခံခဲ့ကြရပါတယ်။

ဒီအတွင်းမှာ ဥပဒေတွင်းရှိတော်လှန်ရေး အင်အားစုများနဲ့ ပြည်သူများဆင်နွှဲတဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတိုက်ပွဲ ဟာလည်း တဖြည်းဖြည်းမြင့်မားလာနေခဲ့ပါတယ်။ ဒီပုံသဏ္ဌာန်မျိုးစုံကိုကိုယ်စားပြုတဲ့ လူထုတိုက်ပွဲကြီးဟာ နောက်ဆုံးမှာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကိုပင် ဖြစ်ထွန်းလာခဲ့ရတာပါ။ ပါလီမန်အင်အားစုဟာ ၁၉၅၈ ခုနှစ်အထိ မြန်မာ့လူ့အဖွဲ့ အစည်းကို ထိန်းချုပ်နိုင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဖဆပလ အတွင်းအာဏာလုမှုတိုက်ပွဲတွေ ဖြစ်ပေါ်လာပါတယ်။ ၆၂ ခုနှစ်မှာတော့ စစ်တပ်ဟာ ခေါင်းဆောင်နေရာကို သိမ်းပိုက်ရယူခဲ့တယ်။ အမျိုးသားနိုင်ငံရေးဘဝတစ်ခုလုံးကို လက်ဝါး ကြီးအုပ်လိုက်တယ်။ လူ့အဖွဲ့အစည်းပိုင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှန်သမျှကို လုံးဝဖျက်ဆီးပစ်လိုက်ကြပါတယ်။ တိုင်း ရင်းသားမျိုးနွယ်တွေအပေါ်လည်း ဗမာလူမျိုးကြီးဝါဒကိုကျင့်သုံးလိုက်ကြတယ်။ ပိုဆိုးတာကတော့ ၁၉၄၈နဲ့ ၅၈ အတွင်းဖြစ် စေ၊ ၅၈မှ ၆၂ အတွင်းဖြစ်စေ၊ ၆၂မှ ယခုအထိဖြစ်စေပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်ဖိနှိပ်မှုကျောရိုး ဖြစ်နေခဲ့ ခြင်းပါပဲ။ ၁၉၆၄မှာတော့ ဗိုလ်နေဝင်းဟာ စစ်အစိုးရအဖြစ်နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေဆိုတာကို ပြဋ္ဌာန်းပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ပုဒ်မ (၁၁)နဲ့ အကာအကွယ်ပေးခဲ့ပါတယ်။ ပြည်တွင်းစစ်၊ စစ်အစိုးရ၊ စစ်အာဏာရှင်၊ တစ်ပါတီ စနစ်၊ စစ်ဗျူရိုကရက်ယန္တရားနဲ့ အကြမ်းဖက်ဖိနှိပ်မှုများဟာ တစ်ညှာတည်းက အသီးများဖြစ်လာကြပါတယ်။ ဒီကာလများ အတွင်း အုပ်ချုပ်သူတို့ဟာ နိုင်ငံရေးဘက်မှာ ပြည်တွင်းစစ်ဆင်နွှဲတဲ့ပေါ်လစီ၊ ပြည်တွင်းစစ်ရပ်စဲရေးဘက်မှာ လက်နက်ချ အညံ့ခံရေး ပေါ်လစီများကို ကျင့်သုံးခဲ့ကြပါတယ်။ ပါလီမန်ခေတ်မှာ နိုင်ငံပိုင်လုပ်ငန်း၊ သမ ပိုင်လုပ်ငန်း၊ ပုဂ္ဂလိကပိုင်လုပ် ငန်းဆိုတဲ့ သုံးချောင်းထောက် စီးပွားရေးအဆောက်အအုံ ပုံစံဖြစ်တယ်။ အဲဒီပုံစံပေါ်မှာ ဖက်စပ်စနစ် ကိုပေါင်းစပ်ပေး ထားတာမို့ မြန်မာ့စီးပွားရေး ဘဝကို မှန်တမ်းဖြစ်ပေါ်စေခဲ့ပါတယ်။

၁၉၄၈-၆၂ အာဏာရပါလီမန် ဒီမိုကရေစီအစိုးရများဟာ မြေရှင်စနစ်ကို မဖျက်သိမ်းခဲ့ကြဘူး။ မြေရှင်စနစ်ကိုထိန်း သိမ်းထားတဲ့ မြေယာပေါ်လစီများနဲ့ မြေယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုသာ ကျင့်သုံးခဲ့ကြတာကိုတွေ့ရှိရပါတယ်။ မြေရှင်စနစ်ကိုမဖျက်သိမ်းခဲ့ပေမဲ့ မြေယာကုန်ထုတ်လုပ်မှုကို ထိခိုက်မှာစိုးလို့ ဖဆပလအစိုးရဟာ မြေရှင်ကြီးစနစ်ကိုကန့် သတ်တဲ့ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ၁၉၅၂ ကိုထုတ်ပြန်ခဲ့ပါတယ်။ မြေရှင်ကြီးများကို ဦးပိုင်ပြောင်းပေးခဲ့ တယ်။ သီးစားလက်ငုတ်တည်မြဲစေဖို့ မြေခွန်နှစ်ဆ သီးစားခ ဥပဒေကိုလည်းထုတ်ပြန်ပေးခဲ့တယ်။ လယ်ယာစိုက်ပျိုး စရိတ် အမတော်ကြေးငွေကုဋေချီပြီးထုတ်ပေးခဲ့တယ်။ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားတဲ့ သီးနှံဈေးကွက်ကိုဖွင့်ပေးခဲ့တယ်။ ရွှေတစ်ကျပ်သားဈေးနဲ့ စပါး ၁ဝဝဈေးဟာ ဆတူလောက်ရှိခဲ့တယ်။ ငွေဖောင်းပွမှု လွန်လွန်ကဲကဲဖြစ်ပေါ်မနေခဲ့ပါဘူး။ နိုင်ငံခြားအရန် ရန်ပုံငွေကုဋေနဲ့ ချီပြီးရှိခဲ့တယ်။ နိုင်ငံခြားကြေးငွေဟာ စီးပွားရေးပြဿနာအဖြစ် မတည်ရှိခဲ့ဘူး။ လူမျိုးစုများ ရဲ့ အမျိုးသားတန်းတူရေးလက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပေါ်နေသလို မြို့ပြမှာလည်း ငြိမ်းချမ်းရေးဒီမိုကရေစီရေးအခြေခံ လူ တန်းစားရဲ့ စီးပွားရေးတိုက်ပွဲများလည်း ဖြစ်ပေါ်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဖဆပလအဖွဲ့ချုပ်ဟာ ပြည်တွင်းစစ်ပေါ်လစီ၊ ဒီမိုကရေစီဆန့်ကျင်ရေးပေါ်လစီများကြောင့် နိုင်ငံရေးစည်းရုံးရေး သြဇာကျပြီး ၅၆ အထွေထွေရွေးကောက်ပွဲမှာ ၅ဝ လောက်ရှုံးနိမ့်သွားခဲ့ပါတယ်။ တည်မြဲ-သန့်ရှင်းနှစ်ဖွဲ့ကွဲသွားတယ်။ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ တပ်မှူးကြီးများကလည်း နိုင်ငံရေးအုပ်စုတစ်စုအဖြစ် ဗြောင်ဖွဲ့စည်းရပ်တည်လာခဲ့တယ်။ ပထမအကြိမ်စစ်အာဏာသိမ်းဖို့လည်းလုပ်ခဲ့တယ်။ ဒုတိယအာဏာသိမ်းပွဲ ၁၉၆၂ နောက်ပိုင်းမှာတော့ နိုင်ငံရေး ဘဝ၊ စီးပွားရေးဘဝတစ်စုလုံးကို လက်ဝါးကြီးအုပ်လိုက်တယ်။ အမျိုးသားပိုင်စီးပွားရေးလုပ်ငန်းများကိုလည်း နိုင်ငံပိုင်သိမ်း လိုက် တယ်။ ငွေကြေးလုပ်ငန်းကုမ္ပဏီ၊ သွင်းကုန်ထုတ်ကုန်နဲ့ လက်ကားဆိုင်ကြီးများပါမကျန် နိုင်ငံပိုင်သိမ်းလိုက်တယ်။ ဒီလိုနဲ့ မြန်မာ့စီးပွားရေးဘဝမှာ ဗျူရိုကရက်အရင်းရှင်စနစ်ကို ယနေ့ထိပဲကျင့်သုံးခဲ့တယ်။ လယ်ယာစိုက်ပျိုးရေး၊ သီးနှံထုတ်ကုန် ရောင်းဝယ်မှုကို တစ်သီးပုဂ္ဂလ လုပ်ခွင့်မရှိဖျက်သိမ်းပြီး သီးနှံဈေးကွက်ကို လက်ဝါးကြီးအုပ်လိုက်တယ်။ တာဝန်ကျေခွဲတမ်း စပါးကြောင့် လယ်သမားထုကြီးနစ် နာခဲ့တယ်။ လယ်သမားကြီးများဟာ ဘက်စုံအကျပ်အတည်းကို ခါးစည်းခံနေရတာ ဒီကနေ့အထိပဲဖြစ်တယ်။ လယ်သမားထုကြီးရဲ့ မွဲပြာကျမှုဟာ အံ့မခန်းလောက်စရာတွေ့နေရတယ်။ တောနေဆင်းရဲသား တွေ အလုပ်အကိုင်အတွက် မြို့တက်လာတဲ့အခါ မြို့ပြမှာနေစရာမလုံလောက်မှု ပြဿနာတက်လာတယ်။ တောနေဆင်းရဲ သားများရဲ့ လူမှုဘဝအာမခံချက်မဲ့လာနေမှုတွေဟာ ခိုင်မာတဲ့ထင်ဟပ်ချက်ပဲဖြစ်တယ်။

မြေယာပိုင်ဆိုင်မှုစနစ်ကို ဖျက်သိမ်းပြီး လယ်လုပ်သူ လယ်ပိုင်ခွင့်ပေးတဲ့နည်းရယ်၊ အရင်းရှင် မြေယာကုန်ထုတ် စနစ်ဖြစ်ပေါ်စေတဲ့နည်း နှစ်နည်းကလွဲပြီး မြေရှင်စနစ်ကို ဖျက်သိမ်းတဲ့အခြားနည်းမရှိပါဘူး။ ကုန်ထုတ်စနစ် မပြောင်းနိုင် သေးသမျှ ပြည့်စုံတဲ့ စနစ်ဖြစ်လာမှာမဟုတ်ပါဘူး။

မြေယာပြုပြင်ရေးမလုပ်ခဲ့တဲ့ စစ်ဗျူရိုကရက်တွေဟာ နိုင်ငံရေးအဆောက်အအုံ ပြုပြင်ပြောင်းလဲဖို့ ငြင်းဆန်ခဲ့ကြပါ တယ်။ အမျိုးသားစီးပွားရေးတစ်ခုလုံးကိုလည်း ဆက်လက် လက်ဝါးကြီးအုပ်ထားဆဲဖြစ်တယ်။ GNP ရဲ့ ရာခိုင်နှုန်း ၅ဝ ကျော်ရှိတဲ့ ကာကွယ်ရေး၊ စက်ရုံအလုပ်ရုံ၊ ရာခိုင်နှုန်း ၆ဝ ကျော်တဲ့ ဦးပိုင်ကုမ္ပဏီရဲ့လုပ်ငန်းများက အမျိုးသားစီးပွားရေးကို လက်ဝါးကြီးအုပ်ထားဆဲပဲဖြစ်တယ်။ လက်ဝါးကြီးအုပ်ထားတဲ့ အခြေခံပေါ်မှာ ဈေးကွက်စီးပွားရေးစနစ်ကိုဖော်ဆောင်ဖို့ ကြံရွယ်နေတယ်။ အလွန်ခေတ် နောက်ကျနေတဲ့ ခေတ်သစ်ဈေးကွက်ဖြစ်လာရေးကို မလိုလားဘဲ စစ်အုပ်စုကိုကိုယ်စားပြု တဲ့ ယခင်လူ့အဖွဲ့အစည်းကိုပဲ ကြံရွယ်နေဆဲဆိုတာကိုတွေ့ရှိရပါတယ်။ ဒီအခြေခံပေါ်ကကြည့်ရင် ကွန်မြူနစ်လှုပ်ရှားမှုနဲ့ ပါလီမန်ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ပြတ်သားစွာနှိမ်နင်းခဲ့သလို ဗမာလူမျိုးကြီးဝါဒကျင့်သုံးပြီး လူမျိုးစုနွယ်တွေကိုလည်း ပြတ်သားစွာဆန့်ကျင် နေဆဲပဲဖြစ်ပါတယ်။ ပြည်သူ့ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားများနဲ့ ဥပဒေတွင်း ဒီမိုကရေစီ အင်အားစုများဟာ တစ်လျှောက်လုံး တော်လှန်ရေးဆင်နွှဲခဲ့တယ်။ ၈၈ ခုနှစ်ဟာ တော်လှန်ရေးတိုက်ပွဲများရဲ့ အထွတ်အထိပ် ဖြစ်ခဲ့တယ်။ အခုလက်ရှိ အချိန်အခါမှာ နက်ရှိုင်းကွေ့ကောက်ပြင်း ထန်ရှုပ်ထွေးရှည်ကြာတဲ့ သမိုင်းအကွေ့ တစ်ခုကိုရောက် ရှိနေကြောင်းတွေ့ရှိရပါတယ်။ သမိုင်းဖြစ်ပေါ်တိုးတက်မှုတရားဟာ ရပ်တန့်နေလေ့မရှိဘူးဆိုတာကို သတိပြု ရမှာဖြစ်ပါ တယ်။ ဒီကနေ့ပဋိပက္ခဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီအရေးတော်ပုံကြီးမှာ စုပုံထင်ဟပ်ဖော်ပြနေ တာဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ကျန်တဲ့ ဒီမိုကရေစီအင်အားစုများအကြားက ပဋိပက္ခဟာ အဓိကပဋိပက္ခဖြစ်တယ်။ကမ္ဘာ့ နိုင်ငံရေးအင်အားစုကြီးများဟာ အရေးကြီးတဲ့ နိုင်ငံရေးယူနစ်တစ်ခုပါပဲ။

မြန်မာပြည်မှာဖြစ်ပေါ်ခဲ့တဲ့ စစ်အုပ်စုနဲ့ ဒီမိုကရေစီအင်အားစုများကြားက ပဋိပက္ခဟာ ဘာကြောင့်မပြီးပြတ်မပြေ လည်တာလဲလို့ မေးခွန်းပေါ်ပေါက်လာပါတယ်။ ၄၈ကနေ ယနေ့အထိ အာဏာရအစိုးရများဟာ အကျပ်အတည်း သုံးခု ကြုံခဲ့ရတယ်။ (၁)ဖဆပလ အစိုးရကြုံတွေ့ရတဲ့ ဒီမိုကရေစီအင်အားစုများနဲ့ တိုင်းရင်းသားများရဲ့ လက်နက်ကိုင် တိုက်ပွဲ ကြောင့်ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းဖြစ်တယ်။ ရန်ကုန်အစိုးရလို့တောင် အခေါ်ခံရတယ်။ (၂) ၅၈-၆၂ ကာလအတွင်း ဖြစ်ပေါ်လာတဲ့ ပါလီမန်ဒီမိုကရေစီအတွင်း အကျပ်အတည်းဖြစ်တယ်။ ဖဆပလနဲ့ (နောင်ပထစ)ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အုပ်စုတို့အကြား ဖြစ်ပေါ်လာတာဖြစ်တယ်။ လက်ဝဲ ယုံကြည်သူထဲမှာ (ပြည်သူ့ဒီမိုကရေစီကို ယုံကြည်သူထဲမှာ) အယူဝါဒရေး၊ နိုင်ငံရေးရှုပ်ထွေးမှုဖြစ်ပေါ်နေတာကြောင့်လည်းဖြစ်တယ်။ (၃)ယနေ့မျက်မှောက်ကာလကျတော့ နိုင်ငံတော် အာဏာကို ကျင့်သုံးနေတဲ့ စစ်အုပ်စုကိုယ်၌ရဲ့ ကယိမ်းကယိုင်ဖြစ်နေတဲ့ အကျပ်အတည်းဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံကို အခြေခံကျကျ ပြောင်းလဲပြစ်ဖို့ ကြံရွယ်တဲ့ ဒီမိုကရေစီအရေးတော်ပုံဖြစ် ပေါ်လာတာကြောင့်ဖြစ်ပါတယ်။ ၉ဝရွေးကောက်ပွဲ ဟာ ဒီမိုကရေစီဘက်သားများ ပြတ်ပြတ်သားသားအနိုင်ရလို့လည်းဖြစ်တယ်။ တိုင်းရင်းသားမျိုးနွယ်စုများရဲ့ အခန်းကဏ္ဍဟာ ယခင်ထက် ပိုမိုအရေးပါလာတာကြောင့်လည်းဖြစ်သလို မြန်မာ့နိုင်ငံရေးဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ ဆက်စပ်မိသွားစေတဲ့ အကြောင်းကြောင့်လည်းဖြစ်ပါတယ်။ မျက်မှောက်သမိုင်းခေတ်ဟာ လစ်ဘရယ်ဒီမိုကရေစီကို တိမ်းညွတ်တဲ့ သမိုင်းခေတ် အဖြစ် ပြောင်းလဲလာလို့ပါပဲ။

စစ်အုပ်စု ဘာကြောင့်ရပ်တည်နေနိုင်ရတာလဲဆိုတာ မေးချင်စရာဖြစ်လာပါတယ်။ ပထမအချက်က စစ်အုပ်စုက အစိုးရတစ်ရပ်ရဲ့ အဆင့်အတန်းကိုရရှိတာလည်းပါဝင်တယ်။ အဲဒီအချိန်က အရေးပါတဲ့နိုင်ငံကြီးများဟာ တစ်နိုင်ငံချင်း စီးပွားရေး၊ နိုင်ငံတကာ အကျိုးစီးပွားပေါ်ကနေ အခြေခံပြီး စစ်အုပ်စုကို အသိအမှတ်ပြုခဲ့ကြတာဖြစ်တယ်။ ဗိုလ်နေဝင်းဟာ စစ်အာဏာရှင်ဖြစ်တာမှန်တယ်။ ဒါပေမဲ့ တရုတ်ကွန်မြူနစ်ကို ဆန့်ကျင်တယ်ဆိုတဲ့ တစ်ချက်တည်းကိုအဓိက ကြည့်တယ်။ အကူအညီတွေလည်းပေးခဲ့ကြတယ်။ ဒုတိယအချက်ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအင်အားစုအချင်းချင်း ရေရှည် တည်တံ့ကြံ့ခိုင်တဲ့ စစ်ရေးနိုင်ငံရေးစည်းရုံးရေးမတည်ဆောက်နိုင်ခဲ့ကြဘဲ စစ်အစိုးရဆီမှာ နိုင်ငံရေးအရ အညံ့ခံခြင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းတို့ဖြစ်တယ်။ အလံနီ သခင်စိုးအလင်းဝင်တယ်၊ ပြည်သူ့ရဲဘော် လက်နက်ချတယ်။ ပမညတ ဟာ စစ်အစိုးရနဲ့ပူးပေါင်းတယ်။ ဒါတွေဟာ စစ်အာဏာကို ဗိုလ်ချုပ်တွေရသွားခဲ့ခြင်းဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ် ပါတီကိုယ်တိုင်လဲ ၄၆-၄၇ မှာတစ်ကြိမ်၊ ၆၇-၆၈ မှာတစ်ကြိမ်၊ ၈၉ မှာ တစ်ကြိမ်ဂိုဏ်းကွဲမှုတွေရှိခဲ့တယ်။

မျက်မှောက်ကိုပြောရရင်တော့ နိုင်ငံတကာအခြေအနေဟာ အခြေအနေသစ်ဖြစ်တယ်။ ဆိုရှယ်လစ်ဂိုဏ်းပြိုကွဲသွား ပြီး ဆိုရှယ်လစ်စနစ်က နောက်ဆုတ်သွားတယ်။ လစ်ဘရယ်ဒီမိုကရေစီဟာ ဘုံလမ်းကြောင်းဖြစ်လာပါတယ်။ ၂၁ ရာစုရဲ့ ဖြစ်နိုင်ခြေများကို တွက်ချက်ခန့်မှန်းကြပြီး နေရာချမှုလုပ်နေကြတဲ့ အချိန်လည်းဖြစ်တယ်။ အရေးကြီးတဲ့အချက်ကတော့ စစ်အုပ်စုဟာ စစ်တပ်ကိုထိန်းချုပ်ထားနိုင်ဆဲဆိုတဲ့ အချက်ဖြစ်တယ်။ စစ်မိန့်၊ အုပ်ချုပ်မှုအာဏာ စီးပွားခွဲဝေမှု၊ ဥစ္စာဓနချမ်း သာခွင့်၊ တို့တာဝန်အရေးသုံးပါး၊ သမိုင်းဝင်အစဉ်အလာစသဖြင့် ဒါတွေနဲ့ထိန်းထားနိုင်သေးတယ်။ ဒီစစ်တပ်သည်ပင်လျှင် ၁၉၈၈ ဒီမိုကရေစီလှိုင်းကြီးရဲ့နောက်မှာတော့ ဘာပြဿနာမှမရှိတဲ့ စစ်တပ်တော့မဟုတ်ဘူး။ သူ့မှာလည်း ချင့်ချိန်ကျင့် သုံးနေရတဲ့ သဘောတော့ရှိတယ်။ (ဆက်စပ်လို့ပြောရင် ဗိုလ်ကြီးအုန်းကျော်မြင့်တို့ နိုင်ငံတော်လုပ်ကြံမှုရဲ့နောက်မှာ အဲဒီ အချိန်က ဗိုလ်ကြီးအဆင့်တွေကို ရာထူးမပေးရဲဘဲသုံး နှစ်လောက်ဆိုင်းငံ့သွားတယ်။ အုန်းကျော်မြင့်တို့ဟာ ၁၉၇၄-၇၅ ကာလ အလုပ်သမားသပိတ်နဲ့ ကျောင်းသားသပိတ်တို့ကိကြုံကြိုက်ခဲ့တဲ့ အရွယ်တန်းတွေဖြစ်တယ်)။ အင်န်အယ်လ်ဒီ ပါတီကိစ္စကို ထည့်သွင်းစဉ်းစားရင် အင်န်အယ်လ်ဒီဟာ ယခင်ဗိုလ်ချုပ်တို့ တည်ထောင်ခဲ့တဲ့ ဖဆပလလောက်နိုင်ငံရေးမှာ အတွေ့အကြုံရှိတဲ့ ပါတီမဟုတ်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုနေရဆဲဖြစ်တယ်။ ဒါတွေဟာ စစ်အုပ်စုတည်ရှိ နေရသေးတဲ့ အခြေခံအချက်အချို့ပါပဲ။  အခြားအချက်များလည်းရှိနိုင်ပါသေးတယ်။

ယနေ့တိုင်းရင်းသားမျိုးနွယ်တွေအကြောင်း ထည့်ပြောဖို့လိုအပ်လာပါပြီ။ တိုင်းရင်းသားတွေသည် လွတ်လပ်ရေးရယူ ခဲ့စဉ်က တိုင်းရင်းသားတို့နဲ့ မတူတော့ပါဘူး။ အချိန်ကာလနဲ့အတူပဲ သူတို့လည်းအသိအမြင်တွေကျယ်လာကြတယ်။ မီဒီယာခေတ်ပေါ်ပစ္စည်းတွေကလည်း TV တွေ၊ စလောင်းတွေ၊ ဟန်းဖုန်းတွေကြောင့်ပဲ သူတို့လည်းခပ်မြန်မြန်ပဲ ခေတ်မီလာ ကြပါတယ်။ ပြောချင်တာက မျက်ကွယ်ပြုလို့ မရတော့ဘူးလို့ဆိုချင်တာပါ။ တိုင်းရင်းသားမျိုးနွယ်တွေဟာ ဗမာတွေကို လူမျိုးကြီးဝါဒကျင့်သုံးတယ်လို့ နားလည်ပြီး နာကျင်နေကြပါတယ်။ သူတို့ရဲ့ သမိုင်းကိုပြန်ကြည့်ရင် မြန်မာမျိုးချစ်များဆင်နွှဲ ခဲ့တဲ့ ဗြိတိသျှကျူးကျော်မှု၊ ဂျပန်ရောက်ရှိလာမှုစတဲ့ အရေးအကြောင်းများမှာ အတူတကွဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာ ပဲဖြစ်တယ်။ လွတ်လပ်ရေး တိုက်ပွဲမှာလည်းပါဝင်ခဲ့တယ်။ ပင်လုံစာချုပ်မှာလည်း လက်မှတ်ထိုးကြတယ်။ လွတ်လပ် ရေးရပြီး လို့ ကျင့်သုံးတဲ့အခါကျတော့ ဗမာက အစ်ကိုအကြီးဆုံး ကျန်တဲ့ညီငယ်တွေအားလုံး နာခံရမယ်ဆိုတာမျိုးလုပ်လာ တယ်။ သူတို့က တိုင်းရင်းသားအခွင့်အရေး လိုချင်လာတယ်။ ဒါက သူတို့အမှား မဟုတ်ပါဘူး။ ၁၉၄၇ ဥပဒေရေးဆွဲရာမှာ ပြည် ထောင်စုပုံစံထက် တစ်ပြည်ထောင်ပုံစံဘက်ကို ရောက်နေတယ်လို့ ဝန်ခံထားတာတွေရှိခဲ့ပါတယ်။ ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီ ခေတ်ထဲမှာပဲ တိုင်းရင်းသားနဲ့ပတ်သက်ရင် ချေမှုန်းပစ်လိုက်တာပဲဖြစ်နေတယ်။ အခုအထိလည်းနှိပ်ကွပ် ချေမှုန်းဆဲရှိသေး တယ်။ ၁၉၅ဝ ခန့်မှာ ကရင်၊ မွန်၊ ကယား၊ ကချင်၊ ရှမ်းစတဲ့ မျိုးနွယ်စုကြီးများရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ စတင်နေ ခဲ့ပါပြီ။ ယနေ့ဆိုရင်တော့ မျိုးနွယ်စုတွေပါ ဗမာလူမျိုးကြီးဝါဒီတွေကိုရင်ဆိုင်ဖို့ လက်နက်ကိုင်တွေလည်း အများအပြားဖြစ်နေ ပါပြီ။ တောက်လျှောက်တွေ့ရတာက တိုင်းရင်းသားတွေက အမျိုးသားတန်းတူရေးကိုပြောတိုင်း မျိုးသုဉ်းရေးစစ်ပွဲကို တစ်လျှောက်လုံးစစ်ပြုမှုနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ သူတို့တောင်းတာ တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါ။ ဒါက မဖြစ်မနေ စဉ်းစားထားရမယ့် အချက်ဖြစ်ပါတယ်။

မာ့က်စ်ဝါဒလို့ခေါ်တဲ့ လက်ဝဲဝါဒီများကတော့ တိုင်းရင်းသားမျိုးနွယ်စုပြဿနာကို မြန်မာ့လူဦးရေ ရာခိုင်နှုန်း ၅ဝရဲ့ ပြဿနာလို့ သဘောထားပါတယ်။ အမျိုးသားရေး ပြဿနာအဖြစ်သဘောထားတယ်။ လယ်သမားလူတန်းစားပြဿနာ အဖြစ် အလေးထားတယ်။ အမျိုးသားရေး ပြဿနာအဖြစ်လည်းသဘောထားပါတယ်။ တိုင်းရင်းသားလူမျိုးစုပြဿနာကို ကိုင်တွယ်ရာမှာ ယခုရောက်ရှိ မျက်မှောက်သမိုင်းခေတ် အခြေခံပေါ်မှာဖြေရှင်းဖို့၊ တိုင်းရင်းသားမျိုးနွယ်များ အခိုင်အမာ တည်ရှိမှုပေါ်မှာ ဖြေရှင်းဖို့၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပေါ်မှာဖြေရှင်းဖို့၊ ပြည်သူ့ဒီမိုက ရေစီနိုင်ငံရေးထူထောင်မှုကို အခြေခံပြီးတော့ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများ (ယနေ့ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာမကဘဲ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ဒေသများ)ဖွဲ့စည်းဖို့ မဖြစ်မနေလုပ်ဆောင်သင့်ကြောင်း ပြောရမှာဖြစ်ပါတယ်။

လွတ်လပ်ရေးခေတ် နှစ် ၅ဝကိုတင်ပြရရင် (၁)ကိုလိုနီတစ်ပိုင်းပဒေသရာဇ်တစ်ပိုင်း လူ့အဖွဲ့အစည်းရဲ့ သမိုင်းဖြစ် တယ်၊ (၂)အကြမ်းဖက် ဖိနှိပ်ပေါ်လစီကျင့်သုံးတဲ့ သမိုင်းဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင် တိုက်ပွဲဆင်တဲ့သမိုင်း၊ လူ့အခွင့်အရေးများအတွက် ပုံသဏ္ဌာန်ပေါင်းစုံနဲ့ တိုက်ပွဲဆင်တဲ့ သမိုင်းပဲဖြစ်တယ်။ (၃)ငြိမ်းချမ်းတဲ့ ဒီမိုကရေစီသမ္မတ နိုင်ငံတော်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ သမိုင်းလည်းဖြစ်တယ်လို့ တင်ပြထားပါတယ်။

ယခုထိ ဆရာအောင်သာပီသုံးလုံးက တင်ပြခဲ့ပြီးသမျှ အောက်ပါအတိုင်းအကျဉ်း ချုံးနိဂုံးပြုရာမှာ အောက်ပါအတိုင်း တွေ့ရှိရ ပါတယ်။

 

လွတ်လပ်ရေးခေတ် နှစ် (၅ဝ)ခေတ် သစ် မြန်မာသမိုင်းဟာ –

(၁) ကိုလိုနီတစ်ပိုင်း ပဒေသရာဇ်တစ်ပိုင်း လူ့အဖွဲ့အစည်းကို ကိုယ်စားပြုထားတဲ့ နယ်ချဲ့စနစ်၊ မြေရှင်ပဒေသရာဇ် စနစ်၊ ဗျူရိုကရက်အရင်းရှင်စနစ်စတဲ့ စနစ်(သုံး)ခုက ခြယ်လှယ်ထားတဲ့ သမိုင်းဖြစ်တယ်။ အဲဒီစနစ်သုံးခုကို ဖြိုဖျက်ဖို့ ကြိုးပမ်းတဲ့သမိုင်း လည်းဖြစ်တယ်။

(၂) အထက်ပါစနစ်သုံးခုရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ စစ်အုပ်စုကပြည်တွင်းစစ်ပေါ်လစီနဲ့ ဘက်စုံအကြမ်းဖက်ဖိနှိပ်တဲ့ သမိုင်းဖြစ်တယ်။ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားမျိုးနွယ်များနဲ့အလွှာပေါင်းစုံက ပြည်သူများပုံသဏ္ဌာန်ပေါင်းစုံနဲ့ တိုက်ပွဲဆင်တဲ့ သမိုင်းလည်းဖြစ်တယ်။

(၃) မာ့က်စ်ဝါဒီများကိုယ်စားပြုတဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအင်အားစုများရဲ့ ဒီမိုကရေစီသမ္မတနိုင်ငံထူ ထောင်ရေးသမိုင်းဖြစ်သလို တိုင်းရင်းသားမျိုးနွယ်စုများရဲ့ ဗမာဓနရှင်လူမျိုးကြီးဝါဒကျင့်သုံးမှုကို လက်နက်ကိုင်တော်လှန်တဲ့ သမိုင်းလည်း ဖြစ်တယ်။

(၄) ပြည်တွင်းစစ်ပေါ်လစီ၊ စစ်အာဏာရှင်စနစ်ပေါ်လစီတို့ကြောင့် မြန်မာ့လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး အမျိုးသား ပြိုကွဲပျက်သုဉ်းမှုကြီးဖြစ်ပေါ်ရတဲ့ သမိုင်းလည်းဖြစ်ကြောင်း တင်ပြခဲ့ကြောင်းပါ။