နိုင်ငံရေးဘောင် ကျဉ်းလာလျှင်

မောင်ထွန်း

အရပ်ဘက်နိုင်ငံရေးဘောင်ကျဉ်းလာလျှင် စစ်ဘောင်ကျယ်လာသည်မှာထုံးစံဖြစ်သည်။ ထိုအဆို မှန် ကန်ကြောင်းကိုလည်း မြန်မာနိုင်ငံအရေးကသက်သေပြလျက်ရှိပါသည်။ စစ်ဘောင်ကျဉ်းပြီး အရပ်ဘက် နိုင်ငံ ရေးဘောင်ကျယ်လာမှသာ အနာဂတ်ဒီမိုကရေစီတည်ဆောက်မှုကိုအောင်မြင်နိုင်မည် ဖြစ်သည့်အတွက် အရပ် ဘက်နိုင်ငံရေးဘောင်ကျယ်လာဖို့အတွက် အရပ်ဘက်နိုင်ငံရေးသမားများကိုယ်တိုင် ဒီမိုကရေစီ အလေ့အကျင့် များ၊ စံနှုန်းများကိုပြုစုပျိုးထောင်ပြီးလိုက်နာကြဖို့အထူးလိုအပ်ပါသည်။ ထိုသို့မဟုတ်ပါပဲ အရပ်ဘက်နိုင်ငံရေး ဘောင်ချဲ့ရန်လုပ်ဆောင်နိုင်ခြင်းမရှိပါက စစ်ဘောင်ကျယ်လာပြီး ဒီမိုကရေစီအရေးသည်လည်း ဆိတ်သုဉ်းရ မည်သာဖြစ်သည်။ စစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်မှုကိုလည်း မည်သည့်နည်းနှင့်မျှ တားဆီးရန်၊ လျှော့ချရန် ပြု လုပ်နိုင်မည်မဟုတ်တော့ပေ။

 

မြန်မာ့ဒီမိုကရေစီအကူးအပြောင်းကာလအတွင်း အရပ်ဘက်နိုင်ငံရေးဘောင်ကျဉ်းလာပြီး စစ်ဘောင် ကျယ်လာသည်ကို ရခိုင်ပြည်နယ်နိုင်ငံရေးတွင် သိသာထင်ရှားစွာတွေ့နိုင်ပါသည်။ အကူးအပြောင်းကာလတွင် ရခိုင်ပြည်နယ် နိုင်ငံရေးကို လေ့လာကြည့်မည်ဆိုပါက လက်နက်ကိုင်တိုက်ပွဲ (တစ်နည်း) စစ်ရေးနည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်လိုသောအုပ်စုနှင့် အရပ်ဘက်နိုင်ငံရေးနည်းဖြင့် အဖြေရှာလိုသောအုပ်စုဟူပြီး အုပ်စုနှစ်ခုရှိ သည့်အနက် အရပ်ဘက် နိုင်ငံရေးသမားများအပေါ် လူထု၏ထောက်ခံမှု၊ ကူညီပံ့ပိုးမှုသည် ကနဦးကာလတွင် တခြားအုပ်စုထက် ပိုမိုများပြားနေခဲ့ပါသည်။ နှိုင်းယှဉ်ချက်အရ ထိုကာလတွင် ကချင်ပြည်နယ်နှင့် ကရင်ပြည် နယ်တို့တွင်နေထိုင်သောသူအများစုသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုသာ ဦးစားပေး ထောက်ခံ ကြပြီး နိုင်ငံရေးပါတီများမှာ လူထုအပေါ်သြဇာသက်ရောက်မှု၊ ဆွဲဆောင်စည်း ရုံးနိုင်မှု အလွန်နည်းပါးခဲ့ပါသည်။

ထို့ကြောင့်လည်း အရပ်ဘက် နိုင်ငံရေး ပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်အတွင်း လူထုထောက်ခံမှု အများစုဖြင့် ရွေးကောက်ပွဲ အသီးသီးတွင် အနိုင်ရခဲ့ပါသည်။ ထို့အတူ ရခိုင်နိုင်ငံရေး ပါတီနှစ်ခုဖြစ်သည့် RNDP (Rakhine National Deveiopment) နှင့် ALD (Arakan Deveiopment Party)  သည် လည်း ANP (Arakan League of Democracy) ဆို သည့်အမည်ဖြင့် ပါတီတစ်ခုတည်း အောက်တွင် ပေါင်းစည်းနိုင်ခဲ့ကြသည်။  ထိုအချိန်အထိရခိုင်ပြည်တွင် ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အခြေစိုက်နိုင်မှုမရှိခဲ့သလို ပြည်နယ်အတွင်း ၄င်းတို့၏ စစ်ရေးလှုပ်ရှားဆောင်ရွက်နိုင်မှု အနည်းငယ်သာ ရှိခဲ့သည်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ပြည်နယ်လွှတ်တော်အတွက် မဲအများစုကို ရခိုင် အမျိုးသားပါတီမှအနိုင်ရရှိခဲ့သည်။ ၄င်း ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်အတွက် ရခိုင် အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုးဦး၊ ကြံ့ခိုင်ရေးပါတီမှ သုံး ဦးအနိုင်ရရှိခဲ့သည်။ ထို့အပြင် ရခိုင်အမျိုးသားပါတီမှပင် အမျိုးသားလွှတ်တော်အတွက် ၁ဝ နေရာ၊ ပြည်သူ့ လွှတ်တော် ၁၂ နေရာနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာတို့ တွင်လည်း အနိုင်ရရှိခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင်အများဆုံး ရွေးကောက်ခံထားရသည့် ရခိုင်အမျိုးသားပါတီအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တွင် ဆွေးနွေးရန်ကမ်းလှမ်းခဲ့ သော်လည်း NLD ပါတီမှ ထိုကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းမရှိခဲ့ပေ။ ပြည်ထောင်စုအဆင့်တွင် မဲဆန္ဒ အများဆုံးရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရခိုင်အမျိုးသားပါတီ၏ တောင်းဆိုချက်ကိုလျစ်လျူရှုပြီး ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အားနည်းချက်ကို ယခင်အစိုးရနည်းတူ ပြန်လည်အသုံးပြုခဲ့သည်။  ဦးညီပုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးနေရာ အများစုကို လည်း အမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့စိတ်ကြိုက် လူများဖြင့်သာဖွဲ့စည်းခန့်အပ်ခဲ့ပါသည်။ ထို့ကြောင့် NLD ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးညီပုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရရှိခဲ့သည့် ရခိုင်အမျိုး သားပါတီမှ  ပူးပေါင်းပါဝင်ခြင်းမရှိခဲ့ပေ။ အရပ်ဘက်နိုင်ငံရေး၏ အနှစ်သာရဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေ ရှာရေး ယဉ်ကျေးမှု (Dialogue Carlture) တည်ဆောက်ဖို့ အားနည်းခဲ့ကြပါသည်။

ထို့အပြင် ကိုဖီအာနန်ခေါင်းဆောင်သည့် ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းသည့်အခါတွင် လည်း ရခိုင်အမျိုးသားပါတီမှ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ကန့်ကွက်ခဲ့သည်။ ကန့်ကွက်ခဲ့ရသည်များအနက် အကြောင်းအချက်များစွာရှိနိုင်သော်လည်း ၄င်းကော်မရှင်၏ဖွဲ့စည်းမှုတွင် ရခိုင်လူထု၏ ထောက်ခံမှုအများဆုံး ရရှိထားသည့် ရခိုင်အမျိုးသားပါတီ၏ နိုင်ငံရေးအရပါဝင်နိုင်မှုနှင့် ကိုယ်စားပြုဆောင်ရွက်နိုင်မှုကို ထည့်သွင်း မစဉ်းစားခဲ့သည့် အချက်လည်းပါဝင်ခဲ့သည်။ ၄င်းကော်မရှင်ကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံခြားသား သုံးဦး၊ နိုင်ငံသားခြောက်ဦး စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံသား ခြောက်ဦးအနက် ဦးဝင်းမြ (မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ)နှင့် ဒေါ်ခင်စောတင့် (ရခိုင်စာပေနှင့် ယဉ်ကျေး မှုအဖွဲ့ – ရန်ကုန်) ကဲ့သို့သောရခိုင် လူမျိုးများပါဝင်ခဲ့သော်လည်း ထိုသူများသည် ရခိုင်အမျိုးသားများအတွက် နိုင်ငံရေးအရ ကိုယ်စားပြုထားသူများမဟုတ်ကြပါ။ ကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုကရေစီ၏ အနှစ်သာရတစ်ခု ဖြစ်သည့် ကိုယ်စားပြုမှု၊ ပါဝင်နိုင်မှုစသည့်အချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလျစ်လျူရှုခဲ့ ပုံပေါ် သည်။ အခြားအကြောင်းပြချက်များလည်း ရှိနေနိုင်သည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်အရေး ကိစ္စတစ်ခုကို ရခိုင်လူထု၏ နိုင်ငံရေးထောက်ခံမှု အများဆုံးဖြစ်သည့်ပါတီတစ်ခု၏ကိုယ်စား ပြုမှုကို လျစ်လျူ ရှုခဲ့ခြင်းသည် ဒီမိုကရေစီစနစ်၏ ကစားပွဲစည်းမျဉ်း (Rulr of tsdhe Game) ကို လျစ်လျူရှုမှုတစ်ခုပင်ဖြစ်သည်။

photo by internet

ထို့အပြင် ၂ဝ၁၇ခုနှစ်အတွင်း မောင်တောဒေသအတွင်း စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သဖြင့် လုံခြုံရေး တိုးမြှင့်ချထားရေးအဆိုကို ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်တွင် တင်ပြခဲ့သော်လည်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ လုံခြုံရေးစိုးရိမ်စရာမရှိဟု တုံ့ပြန်ရှင်းလင်းခဲ့ပြီး အဆိုအားအလေးထားဆောင်ရွက် ခြင်းမရှိခဲ့ပါ။ ထို့အတူ ၂ဝ၁၇ ခုနှစ် သြဂုတ်လ တွင် မောင်တောဒေသကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသား ရှစ်ဦး အသတ်ခံရပြီးနောက် ရခိုင်အမျိုးသားပါတီ၊ ရသေ့ တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုး သားလွှတ်တော် ကိုယ်စားလှယ်တို့က သက်ဆိုင်ရာ လွှတ်တော်အသီးသီးတွင် မောင်တောဒေသလုံခြုံရေး ပိုမိုတိုးမြှင့်ပေးရန် အရေးကြီးအဆိုကို အသီးသီးတင်ပြခဲ့သော်လည်း လွှတ်တော်နှစ်ရပ်စလုံးတွင် ချက်ချင်းဆွေး နွေးခွင့် မရခဲ့ပါ။

ထို့ကြောင့်လည်း ရခိုင်အမျိုးသားပါတီမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံ ခွင့်တောင်းခဲ့ပြီး သြဂုတ်လ ၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ သြဂုတ်လ ၁ဝ ရက် နေ့တွင် တပ်မတစ်ခုအား စေလွှတ်ခဲ့ သည်။ ထို့နောက်မှသာ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များတင် သွင်းသည့်အဆိုကို လွှတ် တော်အသီးသီးတွင် ဆွေးနွေးခွင့်ရခဲ့ပါသည်။ ထို အဆိုကို ပြည်သူ့ လွှတ်တော်တွင် ပယ်ချခံခဲ့ရပါသည်။ သြဂုတ် လ ၂၅ ရက်နေ့ ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုခံခဲ့ရပြီးနောက်မှသာ အမျိုးသားလွှတ်တော်တွင် ရခိုင် အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တင်သွင်းသည့်အဆိုကို ထောက်ခံအတည်ပြုခဲ့ကြခြင်းဖြစ်သည်။ အကယ်၍ ထိုတိုက်ခိုက်မှုမဖြစ်ပေါ်ခဲ့ပါက ပြည်သူ့လွှတ်တော်တွင်တွေ့ကြုံခဲ့ရသလို တွေ့ကြုံရမည်သာ ဖြစ်ပါ သည်။

အထက်ပါအချက်များကိုကြည့်ပါက ရခိုင်ပြည်နယ်တွင် ရခိုင်ပြည်သူလူထု၏ထောက်ခံမှု အများဆုံးရရှိ ထားသည့် ရခိုင်အမျိုးသားပါတီသည် ပြည်နယ်၏ ရေးရာများကို စီမံခန့်ခွဲအုပ်ချုပ်နိုင်သည့် အစိုးရအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခွင့်မရရှိခြင်း (၂ဝဝ၈ အခြေခံဥပဒေပါ  ပြဋ္ဌာန်းချက်များကြောင့်လည်း ဖြစ်နိုင်သည်)၊  ပြည်နယ်၏ အရေးကြီးသည့်ကိစ္စများအတွက် လက်ရှိအာဏာရပါတီမှ နိုင်ငံရေးဆွေးနွေးဖက်အဖြစ် သဘောမထားဘဲ လျစ်လျူရှုထားခံရခြင်း၊ ပြည်နယ်လွှတ်တော်တွင် အများစုဖြစ်သော်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့အပေါ်တွင် ထိန်းကျောင်းရန်အခွင့်အလမ်းမရှိခြင်း၊ ပြည်ထောင်စုအဆင့်တွင်လည်း ဒေသခံများ၏ လိုအပ် ချက်နှင့် အသံများကိုတင်ပြဆောင်ရွက်နိုင်ရန် အခွင့်အလမ်းနည်းပါးခြင်းစသည်တို့သည် ဒီမိုကရေစီ အင်စတီ ကျူးရှင်းများ တည်ဆောက်စနိုင်ငံရှိ ပြည်သူများ၊ အထူးသဖြင့် ဒီမိုကရေစီအလေ့အထ ဖွံ့ဖြိုးမှုအားနည်းနေ သေးသည့်အချိန်ရှိ ပြည်သူများအနေဖြင့် အရပ်ဖက်နိုင်ငံရေး သမားများနှင့် အရပ်ဘက် နိုင်ငံရေးဘောင်အပေါ် ယုံကြည်အားကိုးမှု ကျဆင်းလာသည်မှာမထူးဆန်းပေ။ ဒီမိုကရေစီနိုင်ငံရေး အလေ့အထအပေါ်၊ နိုင်ငံရေးစနစ် အပေါ် ဒေသခံပြည်သူလူထု၏ လက်ခံယုံကြည်မှု၊ နားလည်မှုနှင့် ဒီမိုကရေစီ နိုင်ငံရေးရေချိန်မြှင့်တင်ပေးရန် အတွက်လည်း ရခိုင်အမျိုးသားပါတီမှ တာဝန်ယူဆောင်ရွက်မှုများအားနည်းခဲ့သလို အခြား နိုင်ငံရေးပါတီများက လည်း ဦးစားပေးလုပ်ဆောင်ခဲ့ခြင်းမရှိ ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

ထိုသို့သော အချိန်၊ နိုင်ငံရေးအရ အားကိုးလျော့နည်းလာသည့် အခင်းအကျင်းတွင် ရခိုင့်တပ်မတော် ပေါ်ထွန်းလာမှု၊ ၄င်းတို့၏ လုပ်ဆောင်ချက်များသည် ရခိုင်လူထုအတွင်း ငုပ်လျှိုးနေသည့် ဇာတိသွေး ဇာတိမာန်များအပေါ် သက်ရောက်မှုများစွာရှိခဲ့ပါသည်။ ဒေသခံလူထုအတွင်း လက်နက်ကိုင်တိုက်ပွဲ လမ်းစဉ် အပေါ် တိမ်းညွှတ်မှုများ များပြားလာပါသည်။ ယနေ့ အချိန်အတွင်း ရခိုင်လူထုအတွင်း ထောက်ခံမှုအများဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှာ ULA\AA (United League for Arakan\Arakan Army) ဖြစ်သည်။ ၂ဝဝ၉ ခုနှစ်တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ULA ၏ ဥက္ကဋ္ဌ တာဝန်နှင့် AA ၏ စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တာဝန်ယူပြီး ULA အတွင်းရေးမှူး တာဝန်နှင့် AA ဒုစစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်မှူးချုပ်ညိုထွန်းအောင်ကတာဝန်ယူထားပါသည်။ စတင်ဖွဲ့စည်းစဉ်က လူအင်အား အနည်းငယ်ဖြစ်သာရှိသော်လည်း ဖွဲ့စည်းပြီးရှစ်နှစ်အတွင်း အင်အားထောင်ချီခဲ့သည်။ လက်ရှိစစ်သည်အင်အား ၃၅ဝဝ ခန့်ရှိသည်ဟု န့်မှန်းထားပြီး ပလက်ဝဒေသတွင် အင်အား ၈ဝဝ မှ ၁ဝဝဝ အထိရောက်ရှိ အခြေစိုက် လျက်ရှိကြောင်း ဒေသခံများကပြောကြားကြသည်။ AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် အခြေမစိုက် စေရန်အတွက်လည်း တပ်မတော်မှစစ်သည်အင် အားအလုံးအရင်းဖြင့် စစ်ဆင်ရေးများပြုလုပ် လျက်ရှိနေသည်။ ထို့အပြင် ဖြတ်လေးဖြတ်ဗျူဟာကို ဆက်လက်ကျင့်သုံးနေသည့်အတွက်  တပ်မတော်အပေါ် လူထု၏အမြင် တိမ်းစောင်းမှုများ ပိုမိုများပြားလာပြီး ရက္ခိုင့်တပ်မတော် အပေါ်ထောက်ခံမှုများ တိုးပွားလာစေ ပြန်သည်။

photo by internet

ဥပမာအနေဖြင့် နတလ ကျောင်းဝင်ခွင့်အတွက် ကလေးငယ်များကိုရွေးချယ်စိစစ်ရာတွင် မိမိ၏ အနာဂတ်ရည်မှန်းချက်အကြောင်း ရေးသားဖော်ပြစေရာတွင် အလယ်တန်းတက်ရောက်နေသည့် ရခိုင်ကလေး ငယ်အများစုက မိမိတို့၏ အနာဂတ်ရည်မှန်းချက်မှာ ရက္ခိုင့် တပ်မတော်က စစ်သားကြီး လုပ်ရန်ဖြစ်သည် ဆိုပြီး ရေးသားဖြေဆိုခဲ့ကြသူများကိုတွေ့ရှိခဲ့ကြောင်း ထိုကျောင်းအုပ်ချုပ်ရေးမှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုခဲ့သည်။  ထို့အတူ ဆယ်တန်းအောင်စ ကလေးငယ်တစ်ဦးအား ဗိုလ်လောင်းသင်တန်းဖြေဆိုရန်အတွက် မိဘများက ပြောဆိုမှုတွင် ထိုကလေးငယ်က မိမိအနေဖြင့် အနာဂတ်တွင် ရက္ခိုင့်တပ်မတော်တွင်တာဝန် ထမ်းဆောင်ရန် ရည်ရွယ်ထားသည့်အတွက် ဗမာစစ်တပ်၏ ဗိုလ်လောင်းသင်တန်းတွင်ဝင်ရောက်ဖြေဆိုရန်ဆန္ဒမရှိကြောင်း မိဘ များအားထုတ်ဖော်ပြောဆိုခဲ့သည်။ အထက်ပါဖြစ်ရပ်များက သက်သေပြနေသည်မှာ လူကြီး လူငယ်များတွင် သာမက ကလေးများအထိ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းအပေါ် ထောက်ခံမှုများစွာ မြင့်တက်လျက်ရှိကြောင်း သက်သေပြချက်များပင်ဖြစ်သည်။ ထိုသို့မိမိတို့၏အနာဂတ်၊ လူမျိုးနှင့် ဒေသအတွက် လက်နက်ကိုင်နည်းဖြင့် သာအဖြေရှာလို့ရသည်ဟု ရခိုင်လူထုအတွင်း သဘောထားအမြင်များ များပြားလာမှုသည် စစ်ဘောင်ကျယ် လာပြီး အရပ်ဘက် နိုင်ငံရေးဘောင်ကျဉ်း လာသည့်သဘောပင်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း အရပ် ဘက်နိုင်ငံရေးဘောင် ကျဉ်းလာပါက ဒီမိုကရေစီအရေးသည်လည်း မျှော်လေဝေးလေသာ ဖြစ်နေပါတော့မည်။

photo by internet

၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့ ညဦးပိုင်းဖြစ်ပွားခဲ့သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာ ဏာကျရှုံးသည့်နေ့ အထိမ်းအမှတ်ကို မြောက်ဦးနန်းတော်ရာကုန်းတွေပြုလုပ်ရန်အတွက်ဒေသခံများက တောင်းဆိုတင်ပြမှုကို သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများကခွင့်ပြုချက်မပေးမှု၊ ထိုအရေးကိစ္စကြောင့် ဆန္ဒပြ လူစုအားလက်နက်အင်အားသုံးကာ အကြမ်းဖက်ဖြေရှင်းခဲ့သည့်အတွက် ဒေသခံရခိုင်တိုင်းရင်း သားခုနစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့မှု၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်းဒေါက်တာအေးမောင်နှင့် စာရေး ဆရာဝေဟင်အောင်အား နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲမှုစသည့် ဆက်တိုက်နီးပါးဖြစ်ပွားလာသည့်ကိစ္စများ သည် ရခိုင်ပြည်နယ်တွင် နိုင်ငံရေးဘောင် ကျဉ်းသထက်ကျဉ်း ခြင်းကိုဖော်ပြထားသည့် သက်သေများပင်ဖြစ် နေသည်။

နိုင်ငံရေးနယ်ပယ်သည် ပါတီတစ်ခု၊ ပညာရှင်တစ်စုတစ်ဖွဲ့၊ တစ်ဦးတစ်ယောက်၏ ထိန်းချုပ်ရာလွှမ်းမိုး ရာချုပ်ကိုင်ရာ ပြောဆိုရာနယ်ပယ်မဟုတ်၊ အားလုံးနှင့်သက်ဆိုင်သည့် နယ်ပယ်တစ်ခုဖြစ်သည်။ နိုင်ငံရေးသည် အားလုံးအတွက် Open to all ဖြစ်သည်။ Open to all လည်းဖြစ်ဖို့လိုသည်။ အားလုံးနှင့် သက်ဆိုင်သော ကြောင့် ပါဝင်ပတ်သက်နေသောကြောင့်ဖြစ်သည်။ လူတိုင်းသည် ယုံကြည်ခွင့်၊ ထုတ်ဖော်ခွင့်၊ ကျင့်သုံးခွင့် သဘာဝအားဖြင့် အခွင့်အရေးအညီအမျှကိုယ်စီ ရှိသည်။ ထိုသူသည် ပညာတတ်သည့်အတွက် ပိုမိုပြောခွင့်ရှိပြီး ထိုသူသည် ပညာမတတ်သည့်အတွက် ပညာတတ်သူလောက် ပြောခွင့်မရှိဟု မည်သူမျှ ပိတ်ပင်ခွင့်မရှိ။ ပိတ်ပင်လို့လည်းမရ။ပိတ်ပင်သူသည် နိုင်ငံရေးအာပတ်သင့်တတ်သည်။

နိုင်ငံရေးသဘောသဘာဝ ပုံစံစနစ်တိုင်းတွင် ခေါင်းဆောင်ရော၊ နောက်လိုက်ရော၊ ပညာတတ်ရော၊ လက်လုပ်လက်စားရော၊ လယ်သမားရော၊ မည်သူမဆိုအကျုံးဝင်လေ ကောင်းလေဖြစ်သည်။ ဆရာမောင်စူးစမ်း စကားဖြင့်ပြောရမည်ဆိုလျှင် ယဉ်ကျေးမှု၊ ပထဝီဆိုသည်အလျားလိုက်ရော လူတန်းစားဆိုသည့် ဒေါင်လိုက်ရော အကျုံးဝင်နေဖို့လိုသည်။ ထို့ကြောင့် နိုင်ငံရေးနယ်ပယ်တွင် တောနေအုံကြားသာမက မြို့ပေါ်နေ အီလစ်များ အထိ ပါဝင်ခွင့်၊ ယုံကြည်ခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်ရှိသည်။

ထို့ကြောင့် အရပ်ဘက်နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးဘောင်ကိုပြန်ချဲ့ရန်လိုပါသည်။ ပထမ ဆုံးအနေဖြင့် အရေးကြီးသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်  နိုင်ငံရေးပါတီများ အင်အားစုများ၏ နိုင်ငံရေးကိုယ်စားပြုမှုကို တန်းတူတန်ဖိုးထားဖို့လိုသည်ဟု ထင်မြင်ယူဆမိပါသည်။ နိုင်ငံရေးသဘောထား ကြီးဖို့လိုပါသည်။  ၄င်းတို့၏ ပူးပေါင်းပါဝင်မှုရှိမှာသာ တိုင်းပြည်အရေးကိုဖြေရှင်းနိုင်မည်၊ မိမိတို့ ပါတီတစ်ခု တည်း၊ အင်အားစုတစ်ခုတည်းဖြင့် တစ်ကိုယ်တော်ကျိတ်ဝါဒဖြင့် ဖြေရှင်းခြင်းဖြင့် အဖြေမထွက်နိုင်ဆိုသည်ကို လက်ခံဖို့လိုပါသည်။ ပြည်နယ်အဆင့်အရေးကိစ္စများ စီစဉ်ဆောင်ရွက်ရာတွင် ၄င်းတို့၏ အသံ၊ အကြံ`ဉာဏ်တို့ကို အလွှာအသီးသီးတွင် ထည့်သွင်းစဉ်းစားဖို့လိုသည်။

ထို့အတူ အခြားနိုင်ငံရေးပါတီများအနေဖြင့်လည်းတွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်ကြောင်းလက်ခံရဲဖို့လိုသလို ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများကိုလည်းယုံကြည် လက်ခံဖို့လိုပါသည်။ ဒီမိုကရေစီတည်ဆောက်ဖို့အတွက် ဒီမိုကရက်တစ်ဖြစ်ဖို့လိုပါသည်။ ထို့အတူ မြန်မာ့တပ်မ တော်အနေဖြင့်လည်း လက်နက်ကိုင်အဖွဲ့အစည်းများကိုစစ်ရေးမှသည် နိုင်ငံရေးစားပွဲဝိုင်းများတွင် ပါဝင်ခွင့်၊ တန်းတူဆွေးနွေးနိုင်ခွင့် အရေးကိစ္စများအတွက် ထည့်သွင်းစဉ်းစားဖို့လိုပါသည်။ ထိုသို့မဟုတ်ပါက နိုင်ငံရေး ဘောင်များ ကျဉ်းသထက်ကျဉ်းလာပြီး စစ်ဘောင်များ ကျယ်လာကတစ်ကျော့ပြန် ပြည်တွင်းစစ်ဂယက် အတွင်း သာပြန်လည်သက်ဆင်းရဖို့ ရှိနေပါတော့သည်။ ဒီမိုကရေစီနိုင်ငံတည်ထောင်ရေး မျှော်မှန်းချက်သည်လည်း သဲထဲ ရေသွန်သာ ဖြစ်နေပါတော့မည်။

ကိုးကား

၁။ မောင်မောင်စိုး၊ မြောက်ဦးစစ်တမ်း၊ ဒီဇင်ဘာလ၊ ၂ဝ၁၇။

၂။ သန်းစိုးနိုင်၊ နိုင်ငံတကာ ဒီမိုကရေစီ တပ်မတော်ထူထောင်ရေး အတွေ့အကြုံများ၊ နိုဝင်ဘာလ၊၂ဝ၁၇။