နှစ်ဘက်စစ်သား ဘယ်လောက်သေရင် ငြိမ်းချမ်းရေးရနိုင်မလဲ

စစ်မက်ဖြစ်ပွားခြင်း၊ စစ်သားများသေခြင်း၊ လက်နက်များတပ်ဆင်ခြင်းဆိုတာ စစ်၏သီအိုရီတစ်ခုအဖြစ် ယုံကြည် လက်ခံသော်လည်း တကယ်တမ်းသေကြ၊ တိုက်ကြသည့်နောက်မှာတော့ သေဆုံးသူနှစ်ဖက် စစ်သားတို့၏ နောက်ကွယ်က မိသားစုများကတော့ သူတို့သေဆုံးသွားလျှင် ဒဏ်ရာများစွာဖြင့် ကျန်စမြဲပါ။ မုဆိုးမနှင့် ဖတဆိုး သားသမီးများကို စစ်က ဖန်တီးစမြဲဆိုသော်လည်း ဆိုရှယ်မီဒီယာပေါ်မှာ မြင်လာတွေ့လာသည်က များသည့်အခါ စစ်ကိုဖန်တီးသူများကို မေးခွန်း ထုတ်ချင်လာသည်။ သင်တို့ ၏ငြိမ်းချမ်းရေးအတွက် ဒီလိုအသက်ပေါင်းများစွာ ဘယ်အထိသေပေးဖို့ လိုအပ်ပါသလဲ။

အနောက်ဘက်စစ်မျက်နှာ စာအုပ်မှာပါသည့် ကရော့ဆိုသော စစ်သားလေးတွေးမိသည့်အတွေးကို ကျွန်တော် သဘောကျနေမိသည်။ သူတွေးမိသည်က ဒီလိုပါ။

“စပိန်မှာ နွားရိုင်းသတ်ပွဲကျင်းပသ လိုမျိုးဟိုဘက်နိုင်ငံက၀န်ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက တစ်ဖက်၊ ဒီဖက် နိုင်ငံက ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးတွေကတစ်ဖက်စတဲ့ သူတွေကို ရုံသွင်းပြီးတင်းပုတ်နဲ့ထုခိုင်းမယ်။ သေတဲ့ဘက်ကအရှုံး၊ မသေ တဲ့ ဘက်ကအနိုင်။ ဒီလိုလုပ်လိုက်တော့ စစ်ပွဲဖြစ်ရတာလည်း ပိုလွယ်ကူသွားပြီး မဆိုင်တဲ့သူတွေက အသေခံပြီး စစ်တိုက် နေကြရတာထက်ပိုပြီး တရားနည်းလမ်းကျမယ်” ဆိုတဲ့အတွေးပါ။ ခုလည်း သဘောချင်းမမျှပါ၊ ဆွေးနွေးရခက် နေသော ဟိုဘက်၊ ဒီဘက်ခေါင်းဆောင်ပိုင်း လောက်ကိုသာ တိုက်ခိုင်းလိုက်ရင် စစ်ပွဲလည်း တိုသွားမယ်၊ ပြည်သူ ပြည်သားများ  လည်း အတိဒုက်္ခဆင်းရဲက ကင်းမယ်၊ မကျေနပ်သူ အချင်းချင်းလည်း အရှုံးအနိုင်ကွဲ ပြားသွားမယ်။ ခုတော့ စစ်ရဲ့ သီအိုရီထဲမှာ ခေါင်းဆောင်လုပ်သူတွေရဲ့ အမိန့်အောက် မှာတိုက်နေလိုက်ကြတာ အတောမသတ်နိုင်ကြသေးဘူး။

ငြိမ်းချမ်ရေး ဆွေးနွေးပွဲများစွာကလည်း စစ်မြေပြင်ကကိစ်္စကို မကာကွယ်မတားဆီးနိုင်သည့်အပြင် ပိုပြီးတော့ တောင် တိုက်နေကြသည့် သဘောရှိသည်။

ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၏ လက်ရုံးအားကိုးမှုကြောင့် သေကြေခဲ့ရသော လူ့အသက်ပေါင်းများစွာ၊ ပျက်စီးခဲ့ ရသော ဘ၀အနန္တများစွာကို ကမ္ဘာသူကမ္ဘာသားများ သံဝေဂယူခဲ့ကြသည်။ ပညာခေတ်ကိုချီတက်ကြသည်။ သို့သော် မြန်မာ နိုင်ငံမှာတော့ တစ်နိုင်ငံနှင့် တစ်နိုင်ငံဖြစ်ပွားသည့် စစ်မက်မဟုတ်ဘဲ တောင်တန်းပြာနှင့် ကျောပိုးအိတ်က ယခုထိအလုပ် ဖြစ်နေဆဲ၊ ရှေ့တန်းစစ်မျက်နှာနှင့် စစ်သားမိန်းမတချို့၏ အိမ်ထောင်ဦးစီး အိမ်ပြန်မလာသည့် ဇာတ်လမ်းများက ယခုထိ အသက်ဝင်နေဆဲ။ သို့သော် တချို့ကတော့ စစ်ဖြစ်ပွားခြင်းကို ခပ်တည်တည်ဖြင့် တရားသောစစ်တိုက် သင့်သည်ဆိုပြီး တွန်းအားပေးနေကြဆဲ။ ဒီလိုအိုင်ဒီယာလော်ဂျီတွေနှင့် စခန်းသွားနေသမျှကတော့ ငြိမ်းချမ်းရေးရဖို့အတွက် ဘယ်အထိ သေကြဦးမည်ဆိုတာကို ကြိုတင်မတွက်ချက်နိုင်သော်လည်း နှစ်ဖက်စစ်သားတွေ ဆက်ကာသေကြရဦးမည်ဆိုသည်က တော့ ရှင်းပါသည်။

 

ဒုက္ခသည်အရေးထက် အပြတ်ရှင်းရေးက ပိုပြီးအရေးကြီးနေသလား။

ရခိုင်ပြည် မြောက်ဦးမြို့နယ်တစ်ခုတည်းမှာပဲ ဒုက္ခသည်စခန်းက ၁၆ခုရှိသည်။ တစ်ပြည်လုံးအနေဖြင့် ဒုက္ခသည်ဦး ရေ တစ်သိန်းကျော်ရှိနေသည်။ ညမထွက်ရ အမိန့်ကို စစ်ဖြစ်ပွားသောနေရာများတွင် နှစ်လထပ်မံတိုးမြှင့်လိုက်သည်။ ငါးရှာစားသူများ၊ လယ်ယာကိုင်းကျွန်းလုပ်ကိုင် သူများက မိမိတို့၏ နေရပ်ကိုမပြန်နိုင်တော့ နောက်နှစ် သီးနှံစိုက်ပျိုး ရေးအတွက်အခက် အခဲဖြစ်စေတော့သည်။ သို့သော် ဒါကိုပဲ တချို့စစ်မက်အားပေးနေသူကသေကြ၊ စစ်ကိုခေါ်ခဲ့တာပဲဆိုပြီး ၀မ်းသာအားရပြောနေ ဆိုနေကြသည်ကိုတွေ့တော့ ဒီဘက်အစိုးရ စစ်သားတွေ၊ အရာရှိတွေကျဆုံးတာကို ကောဘယ်လို မြင်ပါသလဲလို့ မေးခွန်းထုတ်ချင်မိသည်။ ဘာကြောင့်ဆို စစ်ပွဲမှာ နစ်နာသည်ဆိုလျှင် ပြည်သူအပါအ၀င် သားတကွဲ မယား တကွဲရှေ့တန်းမှာ အကြာကြီးနေနေရသည့်စစ်သားတွေ၏ ဘ၀ဖြစ်တည်မှုကိစ္စတွေလည်း ထိပါးတာပဲဖြစ်သည်။ ဒီလိုဖြစ် ပျက်မှုမျိုးကို ပြည်တွင်းနိုင်ငံရေးကိစ်္စတစ်ခုအဖြစ် အလေးအနက်ထား စဉ်းစားရမည့်အရေးကို လက်ရှောင်ပြီး ဖိတိုက်၊ အကုန် သေဆိုသည့် အတွေးအခေါ်နဲ့သာ စခန်းသွားနေလျှင် စစ်ပွဲက ပိုပြီးရှည်ကြာသွားမည်ပဲဖြစ်သည်။ ဒီလိုဖြစ်လာရင် ရခိုင်ဒုက္ခ သည်တွေ ဖြစ်ဖြစ်၊ ရှမ်းဒုက်္ခသည်တွေဖြစ်ဖြစ် အဆိုပါ ပြည်သူတွေပဲ ထိခိုက်မည်ဟု ယူဆလျှင်တော့ အမှားကြီးမှားပါ လိမ့်မည်။

အစိုးရ၏ စီမံခန့်ခွဲမှုကို နိုင်ငံတကာက လက်ညှိုးထိုးမည်၊ ဖိအားပေးမည်၊ မိမိ၏ သားသမီးကို ၀တ်ကောင်းစားလှ ၀တ်မပေးဘဲ ဖြစ်သလိုထားထားလျှင် တခြားလူတွေအမြင်မှာ သားသမီးကိုမြင်တာထက် တာဝန်ပျက်ကွက်သည့် မိဘကို သာမြင်စမြဲပါ။ ထိုဥပမာအတိုင်းပဲ ရခိုင်တွေသူပုန်ထလို့ ဒီလိုဖြစ်ရတာ၊ ရှမ်းတွေသူပုန်ထလို့ ဒီလိုဖြစ်ရတာဟာ မိမိတို့၏ အတိမာနစိတ်ဖြင့် ဘယ်လိုပဲဖြေတွေးပြီး ကာကွယ်ပါစေပညာ ရှိသူတွေနှင့် အမြတ်ထုတ်လိုသူတွေက၊ ဒီလိုမျိုး မမြင်ဘဲ ဖိအားပေးလာမည်ပင်ဖြစ်သည်။ အထူးသဖြင့် လက်ရှိ တိုက်ပွဲဖြစ်နေသော်လည်း ပြည်တွင်းစစ်ကို နှစ်တာရှည် တိုက်လာ သော စစ်တပ်ထက် ငြိမ်းချမ်းရေးကို ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်သေးသော အစိုးရတစ်ရပ်ဟု လက်ရှိအစိုးရကို သာ မြင်သွားမည်ဖြစ်သည်။

ယင်းသို့သော အခြေခံတရားများကို မျက်ကွယ်ပြုပြီး ပညာရှင်အမည်ခံသော ပုဂ်္ဂိုလ်တချို့ကလည်း စစ်မက်ရေးရာ ကို ပိုပြီး အားပြိုင်ပြနေသည်ကိုတွေ့ရသည့်အခါ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသဘော တရားအပေါ်မှာ စေတနာမှန်သူနှင့် မမှန် သူတို့ကိုလည်း တွေ့လာမိသည်။

ဖိနှိပ်ခံရသူ လူတန်းစားဘက်က ဖြစ်ပေါ်လာသော လက်နက်ကိုင် တုံ့ပြန်ခြင်း ကိစ္စသည် နိုင်ငံရေးပြဿနာသာ ဖြစ်သည်ဆိုသော အယူအဆကို လက်မခံနိုင်သူများ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပြဿနာကို အမြင်မှန် ရနိုင်လိမ့်မည်မဟုတ်ပေ။ ယင်းကြောင့်စစ်ဘေးရှောင် ပြည်သူများထက် အမြစ်ပြတ်ရှင်းလင်းရေးကို တွန်းအားပေးသူများ အားကောင်းနေသမျှ လည်း ငြိမ်းချမ်ရေးဆွေးနွေးပွဲများက အရာရောက်လာမည် မဟုတ်ပေ။

ခေါင်းဆောင်တို့၏ သဘောထား

တစ်ဖက်တွင်လည်း နိုင်ငံတကာကမြင်သော ရှုမြင်သောရှုထောင့်နှင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တို့၏ ရှုထောင့်မှာ ကွဲလွဲချက်များ ရှိနေမြဲပင်ဖြစ်သည်။ ဇွန်လ ၃ရက်နေ့က ချက်နိုင်ငံ ပရာ့ဂ်မြို့ချားလက်စ် တက္ကသိုလ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ရာတွင် နိုင်ငံတကာက ရခိုင်အရေးကိုသာ အာရုံစိုက်နေပြီး အသွင်ကူးပြောင်းမှုမှ မြန်မာပြည်သူများရရှိလိုသည့် ရာစုနှစ်ဝက်ကျော်ကြာ မျှော်လင့်ချက်များနှင့် လိုအင်ဆန်္ဒများအပေါ် အလေးထားမှု နည်းကြောင်းကို ပြောကြားခဲ့သည်ကိုတွေ့ရသည်။ အဆိုပါစကားကို ဆက်စပ်တွေးတော မိသလောက် ရခိုင်ပြည်နယ်မှ စစ်မက်ဆက် တိုက်ဖြစ်ပွားမှု၊ ဒုက္ခသည်သိန်းချီတိုးပွားလာမှုသည် အသွင်ကူးပြောင်းရေး ကာလမှာ ထိခိုက် စေသည်ပဲမဟုတ်လား။ အထက်မှာ ဖော်ပြခဲ့သလို မြန်မာနိုင်ငံ၏ စံမီသောဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် အားနည်း ချက်ရှိသောနေရာများကိုတော့ နိုင်ငံတကာကဖြစ်စေ၊ နိုင်ငံရေးလေ့လာအကဲဖြတ်သူ များကဖြစ်စေ ထောက်ပြကြမည်သာ ဖြစ်သည်။ တစ်ဖက်တွင်လည်း အကျဉ်းသားများလွတ်မြောက်ရေး ကိစ်္စဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများဖြစ်ဖူးခဲ့သော လက်ရှိသမ္မတဦးဝင်းမြင့်လက်ထက်တွင် လွတ်မြောက်လာခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားများ နည်းလွန်းသည်ဆိုသည့် ဝေဖန်မှုဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပထမအကြိမ်အဖြစ် ဧပြီ ၁၇ရက် တွင်  ပြည်တွင်းအကျဉ်းသား ၉၅၃၅ဦး, နိုင်ငံခြားသား အကျဉ်းသား ၁၆ဦးကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဧပြီ ၂၆ရက်တွင် အကျဉ်းသားအကျဉ်းသူ ၆၉၄၈ဦးကိုလည်းကောင်း၊ မေ ၇ရက်၌ အကျဉ်းသား အကျဉ်းသူ ၆၅၂၀ဦးကို လည်းကောင်း လွှတ်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရသိရသည်။ သို့သော်ယင်း သို့လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ရာတွင် ရိုက်တာသတင်းထောက် ၂ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၂၅ဦးသာပါဝင်ပြီး ကျန်သူအားလုံးမှာ မူးယစ်ဆေး ၀ါးမှုဖြင့် အကျဉ်းကျခဲ့ သူများဟုသိရသည်။ အဆိုပါဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့်လည်း လက်ရှိအစိုးရအဖွဲ့ဝင်များ၏ သဘောထားမှာ ဝေဖန်စရာဖြစ်ပွားခဲ့သည်။ အကျဉ်းသားလွတ်မြောက်ခွင့်ပေးပြီး နောက်ပိုင်းတွင်လည်း တချို့ထောင်များမှာ ဆူပူမှုများဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်ကြောင့် သေဆုံးသူများလည်း ရှိခဲ့သည်။ တစ်ဖက်တွင် ယခုကဲ့သို့ဖြစ်ပွားနေခိုက် တစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်ရှိ ကျေးရွာတချို့တွင် တပ်က သူပုန်နှင့်ဆက်စပ်သည်ဟု သံသယရှိသူများကို ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းစသည့် ဖြစ်စဉ်များရှိ သည်။

ကမ္ဘာ့သတင်းစာများတွင် နာမည်ကြီးခဲ့ပြီး ပြည်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များကို အထိတ်တလန့်ဖြစ်စေခဲ့သော ကျောက်တန်းပစ်ခတ်မှု ဖြစ်စဉ်အတွက် ရခိုင်ပြည်အစိုးရအဖွဲ့ဝင်များကသော်လည်းကောင်း၊ ဗဟိုအစိုးရအဖွဲ့ဝင်များက သော်လည်းကောင်း ရေငုံနှုတ်ပိတ်နေကြသည်ကို ကြည့်ခြင်းဖြင့် ရခိုင်ပြည်သူတို့၏ လာမည့် ကံကြမ္မာများကို ပို၍စိုးရိမ် ဖွယ်မြင်တွေ့နေရသည်။ ယင်းကြောင့် နိုင်ငံတကာက ရခိုင်ပြည်အရေးကို အာရုံစိုက်သည်မှာလည်း မလွန်လောက်ပေ။ ကျောက်တန်းမှပစ်ခတ်ခံရပြီး သေဆုံးသူ ၇ဦးအတွက် တပ်မတော်က စစ်ဆေးပေးမည်ဆိုသောစကားမှာလည်း အင်တာဗျူး လောက်မှာပဲ ရပ်တန့်သွားသည်။ တကယ်တမ်း ဗခအငသည ရှိလာမည်ဟုလည်း ယုံကြည်မျှော်လင့်စရာမရှိပေ။ တိုက်ပွဲ ပေါင်း ၅၀၀ကျော်ပြီဖြစ်သော ရခိုင်ဘက်မှ စစ်ပွဲသည် နိုင်ငံတကာက အာရုံစိုက်စရာ မဟုတ်ဟုဆိုလျှင် ပြည်သူ့ဆန္ဒဆိုသည့် စကားကိုလည်း မေးခွန်းထုတ်စရာပင်။ တိုက်ပွဲများကြားတွင်တော့  ခေါင်းဆောင်တို့၏ သဘောထားကိုသာ စောင့်ကြည့်ရန် ရှိသည်။

 

အပေါ်စီးကတွေးသော အတွေးများကြောင့် စစ်မက်များဖြစ်ပွားခြင်း

ပထမကမ္ဘာစစ် မစတင်မီကတည်းက အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီစသည့် နိုင်ငံများသည် ကုန်သွယ်ရေးအတွက် ကမ္ဘာကြီးကိုလှည့်လည်ကာ တချို့တိုင်းနိုင်ငံများကို ဈေးကွက်အတွက် သိမ်းပိုက်ခဲ့ကြသည်။ ယင်းသို့ သိမ်းပိုက်ကြသည့် ထဲတွင် အင်္ဂလိပ်များကပိုပြီး နယ်ချဲ့နိုင်ခဲ့သည်။ သူတို့၏အတွေးအခေါ်ထဲတွင် မိမိတို့နိုင်ငံကောင်းစားရေးအတွက် တခြား တိုင်းပြည်များကို ကုပ်သွေးစုပ်ရန် သိမ်းပိုက်ခြယ်လှယ်ခဲ့ကြသော်လည်း နေသားကျသွားသည့်အခါ မိမိအရပ်မှာ မိမိနေထိုင် ကာ မိမိတို့၏ နိုင်ငံကိုချစ်မြတ်နိုးသူတို့အား အလိုလိုအထင်အမြင်သေးကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အိနိ္ဒယကိုသွား လျှင်လည်း မိမိတို့သည် အိန်္ဒိယမှ ထွက်သော သယံဇာတများဖြင့်အ မြတ်ရနေသော လူမွေးလူရောင် ပြောင်သူများဟု မယူဆဘဲ ဌာနေတိုင်းရင်းသားများ ကို ဖက်လဲတကင်းလုပ်လျှင် အင်္ဂလိပ် အချင်းချင်းကြားတွင် အရှက်ရဖွယ်ဖြစ်ခြင်း၊ မိမိတို့ ကိုယ်ကိုယ် သခင်ဟုသတ်မှတ်ခြင်း စသောအယူအဆများဖြင့် တလွဲဆံပင်ကောင်းရှိနေခဲ့ကြသည်။ ၎င်းင်းတို့နယ်ချဲ့ခြင်း သည်လည်း မလိမ်မာသောသူများအားအုပ် ချုပ်ရန်အတွက် ဘုရားသခင်ကအခွင့်ပေး ထားခြင်းစသော အယူအဆများကို ကိုင်စွဲခဲ့ကြသည်။ ယင်းကဲ့သို့ တလွဲအယူအဆများကြောင့် အိန်္ဒိယတွင် အင်္ဂလိပ်သွေးပါသူကပြားကမကျန် အပိုင်းပိုင်းခုတ် ထစ်ခံရခြင်းများ၊ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဆိုသလို လိုက်လံသတ်ဖြတ်ခြင်းမျိုးတို့ ရှိခဲ့သည်။ ဆိုလိုသည်မှာ မည်သည့်လူမျိုး မျှ မိုးကောင်းကင်တစ်ခုတည်းအောက်မှာ အခွင့်ထူးခံမဟုတ်ပေ။ ယင်းသို့အယူအဆမျိုးရှိနေလျှင်လည်း ငြိမ်းချမ်းသော အတွေးအခေါ်မျိုး မဟုတ်ပေ။

ချုပ်ပြောရလျှင် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကို အကျိုးပြုသောအတွေးများ ဖြင့်သာအလုပ်ဖြစ်စေမည်ဖြစ်ပြီး အကုန်သတ်၊ အကုန်ချ၊ သေရင်အေးတာပဲဆိုသော အယူအဆများဖြင့် အားပေးနေသမျှ ငြိမ်းချမ်းရေးဆိုသော နာမ၀ိ သေသနအတွက် သက်ရှိလူသားများ၏ အသက်များပေးဆပ်နေကြရမည်သာဖြစ်သည်။ စေတနာကောင်းသော ငြိမ်းချမ်းလို စိတ်ဖြင့်ဆွေးနွေး အဖြေရှာနိုင်ကြစေဖို့ ဆန္ဒပြုပါသည်။

 

ကျော်လင်း(ရောင်စုံ)