ရုပ်တုကို ကျော်လွန်၍

လွတ်လပ်ရေးဖခင်ကြီးလို့ တင်စားခေါ်ဆိုကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေဦးမယ် ဆိုရင် အသက် ၁ဝ၄ နှစ်ရှိပါပြီ။ လူ့ဘဝမှာ ၃၂ နှစ်သာ နေထိုင်သွားရတဲ့ ဗိုလ်ချုပ်ဟာ အခုဆိုရင် ကွယ်လွန် ခဲ့တာ နှစ်ပေါင်း ၇ဝကျော်ခဲ့ပါပြီ။

ဗိုလ်ချုပ်ဟာ သက်ရှိထင်ရှားရှိခဲ့တဲ့ အချိန်အနည်းငယ်အတွင်းမှာ နာမည်ကောင်း၊ ဂုဏ်သတင်း ကောင်းနဲ့ ကျော်ကြားခဲ့သလို ကွယ်လွန်ပြီးနောက်ပိုင်း ကာလများမှာလည်း ဒီဂုဏ်အင်္ဂါရပ်တွေဟာ ပျက်ပြယ် မသွားဘဲ ပိုလို့သာ ထင်ရှားကျော်စောခဲ့ပါ တယ်။

စစ်အစိုးရခေတ်… တစ်နည်းဆိုရရင် အာဏာရှင်လက်ထက်တုန်းက ဗိုလ်ချုပ်ရဲ့ ပုံရိပ်တွေ ပြည်သူလူ ထုကြားကနေ ပျောက်ကွယ်သွားအောင် ကြံဆောင်ခဲ့ကြပါတယ်။ သို့သော် ဗိုလ်ချုပ်ရဲ့ပုံရိပ်တွေဟာ နစ်မသွား၊ ပျောက်ကွယ်မသွားဘဲ ပြည်သူလူထုကြားမှာ ပိုလို့သာ စိမ့်ဝင်ပျံ့နှံ့စေခဲ့ပါတယ်။

ပြောရရင် စစ်အစိုးရခေတ်ကာလတုန်းက ဗိုလ်ချုပ်ဟာ အဖိနှိပ်ခံအဖြစ်နဲ့ တည်ရှိခဲ့ရပါတယ်။ သို့ပေမယ့် ပြည်သူလူထုကြားမှာတော့ တိမ်မြုပ်ပျောက်ကွယ် မသွားခဲ့ပါဘူး။ ပြည်သူလူထုကြားမှာ ဗိုလ်ချုပ် ဟာ အမြဲရှင်သန်နေခဲ့ပါတယ်။

ဒီလိုအခြေအနေကနေ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တက်လာပြီးနောက် ဗိုလ်ချုပ်ရဲ့ပုံရိပ်တွေ ဟာ အရင်လိုဖိနှိပ်ခြင်း၊ ဖျောက်ဖျက်ခြင်း ဘေးရန်ကနေ ကင်းလွတ်လာခဲ့ရာကနေ အများပြည်သူ ကြားမှာ ဗိုလ်ချုပ်ပုံရိပ်တွေ ပေါ်ပေါ်ထင်ထင် ပြန်လည် လွှမ်းမိုးလာခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရအလွန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီချုပ်အစိုးရရဲ့ မျက်မှောက်ကာလမှာ တော့ ဗိုလ်ချုပ်ပုံရိပ်တွေဟာ နေရာအတော်များများမှာ လွှမ်းမိုးလာခဲ့ပါတယ်။ ဗိုလ်ချုပ်အမည်ခံတံတား၊ ဗိုလ်ချုပ် အမည်ခံရုပ်တု စတာတွေ နေရာစုံမှာ ပုံသဏ္ဌာန်စုံ၊ အရောင်းအသွေးစုံနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။

ဗိုလ်ချုပ်ရဲ့ပုံရိပ်တွေဟာ လိုတာထက် ပိုကဲပြီး ဖော်ကျူးတာကို ခံလာရပါတယ်။ ရှိသင့်ရှိထိုက်၊ လုပ် သင့်လုပ်ထိုက်တဲ့ ဖော်ကျူးမှုအဆင့်ထက် လွန်ကဲလာခဲ့ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကနေ ဒီအချက်ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်မှာ ဖြစ်တယ်။

ထင်ရှားတဲ့ ကနဦးကန့်ကွက်မှုကတော့ မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံတို့ကို ဆက်သွယ်မယ့် တံတားကိစ္စဖြစ်ပါတယ်။ ဒီတံတားကို ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ရက်က ပန္နက်ရိုက်ခဲ့ပြီး သံလွင်တံတား (ချောင်းဆုံ)လို့ ဦးသိန်းစိန်အစိုးရက အမည်ပေးခဲ့ပေမယ့် ဒီချုပ်အစိုးရလက်ထက် ၂ဝ၁၇ခုနှစ်ထဲမှာ ဗိုလ်ချုပ် အောင်ဆန်းတံတားဆိုတဲ့အမည်ကိုသုံးဖို့ စီစဉ်ခဲ့ပါတယ်။

အဲဒီလိုတံတားကို ဗိုလ်ချုပ်အမည်သုံးဖို့ စီစဉ်မှုအပေါ် ဒေသခံတို့ဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက် ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုကန့်ကွက်နေတဲ့ကြားကနေ ဗိုလ်ချုပ်အမည်သုံးဖို့ ပြည်သူ့လွှတ်တော် အထိတင်သွင်း ပြီး မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာကြောင့် ဒေသခံတို့ဘက်ကလည်း ပိုမိုပြင်းထန်တဲ့ ကန့်ကွက်ကွက်မှုတွေ ပြုခဲ့ ကြပါတယ်။ လူသောင်းနဲ့ချီဆန္ဒထုတ်ဖော်တာ၊ ကန့်ကွက်ဆန္ဒမဲလက်မှတ်တွေ ကောက်ယူစုဆောင်းပြီး သမ္မတ ထံတင်ပြခဲ့တာတွေလည်း ပြုခဲ့ကြပါတယ်။

သို့ပေမယ့် ၂ဝ၁၇ခုနှစ်၊ ဧပြီ ၂၆ရက် ညပိုင်းမှာ အဲဒီတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူး ကျွန်း)ဆိုတဲ့အမည်နဲ့ပဲ ဆိုင်းဘုတ်တင်လိုက်ပြီး ဧပြီ ၂၇ရက် မနက်ကစပြီး ဖြတ်သန်းသွားလာခွင့်ပြု ခဲ့ပါတယ်။ မေ ၉ရက် မနက်မှာတော့ ဖွင့်ပွဲကျင်းပခဲ့ပါတယ်။ အဲဒီဖွင့်ပွဲကို အဲဒီတုန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူ ထားတဲ့ ဦးဝင်းမြင့် (အခုနိုင်ငံတော်သမ္မတ)၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် အသစ်ဖြစ်တဲ့ ဒေါက်တာအေးဇံနဲ့အတူ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့က ဝန်ကြီးချုပ်၎ဦးတို့ တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ အစိုးရနဲ့ပြိုင် ဘယ်သူနိုင်ဆိုတဲ့ ကစားပွဲမှာ လွှတ်တော်ပါ ပါဝင်လာခဲ့ပြီး ဒေသခံတို့ဘက်က ရှုံးနိမ့်ခဲ့ရပါတယ်။

တံတားကိစ္စ ဒေသခံနဲ့ အစိုးရကြား အငြင်းပွားနေချိန်မှာပဲ လူမှုရေးအရှုပ်အရှင်းအပါအဝင် တခြား ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦး တာဝန်ကနေ နုတ်ထွက် သွားပါတယ်။ နုတ်ထွက်ရတဲ့ အကြောင်းရင်း တိတိပပကို ကာယကံရှင် ဘက်ကထုတ်ဖော်ပြောဆိုခြင်း၊ ဆိုင်ရာ အဖွဲ့အစည်းဘက်က သတင်းထုတ်ပြန်ခြင်းတွေ မပြုခဲ့ပေမယ့် တံတားကိစ္စ ငြိသွားတယ်ဆိုတဲ့စကားကိုတော့ ဦးမင်းမင်းဦးက ဆိုခဲ့ပါတယ်။

နောက်ထပ်ထင်ရှားတဲ့ ကန့်ကွက်မှုတစ်ခုကတော့ ဗိုလ်ချုပ်ချင်းပြိုင်ဘယ်သူနိုင်ဆိုတာပါပဲ။ တံတားဖြစ် စဉ်နဲ့ မတိမ်းမယိမ်းမှာပဲ ဗိုလ်ချုပ်ရုပ်တုတွေ အပြိုင်အဆိုင်ထု လုပ်စိုက်ထူခြင်းဟာ အလေ့အထ တစ်ခုလိုကို နေရာအတော်များများမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ရုပ်တု မထုလုပ်ရင်ကိုဘဲ ခေတ်မမီတော့တဲ့အခြေ အနေမျိုးအထိလို့ ဆိုနိုင်ပါတယ်။

ဒီလိုရုပ်တုတွေ အပြိုင်အဆိုင်ထုလုပ် ကြတဲ့အထဲ အထူးခြားဆုံးကတော့ ရန် ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပါတယ်။ အဲဒီမြို့နယ် သုမင်္ဂလာပန်းခြံထဲမှာ ဗိုလ်ချုပ်ရုပ်တုနှစ်ရုပ်ကို အပြိုင်ထုလုပ်စိုက် ထူခဲ့ကြ တဲ့ဖြစ်ရပ်ပါ။ ဒီချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်တဲ့အဖွဲ့က ရုပ်တုတစ်ခု၊ ၈၈မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီး(အခုပြည်သူ့ပါတီဥက္ကဋ္ဌ) ဦးဆောင်တဲ့အဖွဲ့က ရုပ်တုတစ်ခု အပြိုင်စိုက်ထူခဲ့ကြ သလို အဲဒီနှစ်ဖွဲ့ တစ်ဖက်နဲ့တစ်ဖက် စကားနိုင်လုပြောဆိုမှုတွေပါ ရှိခဲ့တာမို့ အများပြည်သူကြား ဝေဖန်စရာ ဖြစ်စေခဲ့ပါတယ်။

၂ဝ၁၇ ခုနှစ်ကိုလွန်မြောက်ပြီး ၂ဝ၁၈ခုနှစ်ကို ကူးသန်းလာချိန်မှာလည်း ဗိုလ်ချုပ်ရုပ်တုအရေးဟာ တိမ်ကော ပပျောက်မသွားဘဲ ထုလုပ်စိုက်ထူမယ့်သူတွေ ဆက်လက် ထွက်ပေါ်လာခဲ့သလို ကန့်ကွက်မှုတွေ လည်း ဆက်လက်တည်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ နာဂတိုင်းရင်းသားဒေသဖြစ်တဲ့ ခန္တီးမှာလည်း ဗိုလ်ချုပ်ရုပ်တုနဲ့ ယှဉ်တဲ့ ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ခန္တီးမှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ စီစဉ်ခြင်းဟာ လူမျိုးကြီးဝါဒလွှမ်းမိုးရေးလုပ် ဆောင်ခြင်းဖြစ်တယ်လို့ နာဂအမျိုးသား ရေးရာကောင်စီအပါအဝင် အဖွဲ့အစည်း ၁ဝခုက ၂ဝ၁၈ခုနှစ်၊ ဇူလိုင် ၁၃ရက်မှာ စာထုတ် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ ကန့်ကွက်မှုဖြစ်စဉ်မျိုးတွေ တချို့ဒေသတွေမှာလည်း ဖြစ်ပေါ်ခဲ့သလို လက်ရာမမြောက်တဲ့ ပြီးစလွယ်ထုလုပ်မှုတွေကြောင့် ဗိုလ်ချုပ်ပုံရိပ် ထိခိုက်စေမှုတွေအပေါ်လည်း ထောက်ပြဝေ ဖန်မှုတွေ ထွက်ခဲ့ပါသေးတယ်။

ဗိုလ်ချုပ်ရုပ်တုနဲ့ပတ်သက်ပြီး အစိုးရနဲ့ ဒေသခံတို့ကြား အပြင်းထန်ဆုံးသောထိပ်တိုက်တွေ့ဆုံမှုက တော့ ကယားပြည်နယ် လွိုင်ကော်က ဖြစ်ရပ်ပါ။ ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်းမှာ ဗိုလ်ချုပ်မြင်းစီးရုပ်တု စိုက်ထူဖို့စီစဉ်တဲ့ အပေါ်ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ကန့်ကွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုခဲ့ကြ ပါတယ်။

ဒီလိုကန့်ကွက်နေတဲ့ကြားက ရှေ့တိုးလုပ်ဆောင်မှုတွေရှိခဲ့တာကြောင့် ဒေသခံတို့ဘက်က ဆက်လက် ဆန္ဒထုတ်ဖော်ခြင်း၊ သပိတ်စခန်းဖွင့်ခြင်းတို့ပြုခဲ့ပါတယ်။ အဲဒီလို သပိတ်စခန်းဖွင့်ဆန္ဒထုတ်ဖော်မှုအပေါ် ပြည်နယ်အစိုးရဘက်က အကြမ်းဖက်ဖြိုခွင်းမှုတွေ၊ ပုဒ်မတပ်တရားစွဲဆိုမှုတွေ ပြုခဲ့သလို ရဲတပ်ဖွဲ့က ရော်ဘာ ကျည်နဲ့ ပစ်ခတ်ဖြိုခွင်းခြင်းတွေလည်း ပြုခဲ့ပါတယ်။

ဒီရုပ်တုအရေး ရန်ကုန်မှာလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။ အဲဒီမှာလည်း ဦးဆောင်သူတို့ကို ငြိမ်းစုစီ ဥပဒေနဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်ရုပ်တုကစတဲ့ ဇာတ်လမ်းမှာ ကယားပြည်နယ်အစိုးရနဲ့ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတို့ ကြား အကွဲအဟက တဖြည်းဖြည်းကြီးလာခဲ့ပါတယ်။ ဒီကနေ့ အထိအောင်လည်း ကယားပြည်နယ်က ဗိုလ်ချုပ် ရုပ်တု အရေးဟာ မပြီးဆုံးသေးတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဆက်လက်တည် ရှိနေဆဲဖြစ်ပါတယ်။

ဒီရုပ်တုအရေး အပြီးအပြတ်ဖြေရှင်းဖို့ ငါးပွင့်ဆိုင်ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ မတ်လ ၂ဝရက် မနက် ၉နာရီက လွိုင်ကော်မြို့ ကိန္နရာလွိုင်ကော်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီ ငါးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ကယားပြည်နယ် အစိုးရအဖွဲ့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၊ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်ဖြစ် မြောက်ရေးကော်မတီ၊ ကရင်နီပြည် လူငယ်များအင်အားစု သပိတ်ကော်မတီနဲ့ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP က ကိုယ်စားလှယ်တို့ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲရလဒ်ကတော့ အဖြေထွက်မလာခဲ့ဘဲ ဧပြီလမကုန်မီမှာ ထပ်မံဆွေးနွေးသွားဖို့ သဘောတူခဲ့ကြ ပါတယ်။ ဒေသခံပြည်သူလူထုရဲ့ဆန္ဒကို လျစ်လျူရှုခဲ့တဲ့လုပ်ရပ်က အပြက်အပြက်နဲ့ နှာခေါင်းသွေးထွက် နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာလည်း ဒေသခံပြည်သူတို့ဘက်က အနိုင်ရရှိမလား၊ အစိုးရဘက်ကပဲ အနိုင် ရရှိသွားမလား၊ ဆွေးနွေးညှိနှိုင်းမှုတွေကနေ ကောင်းမွန်တဲ့အဖြေ ထွက်လာမလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီခေတ်၊ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ သဘောထားဆန္ဒဟာ အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ တည်ရှိနေတယ်ဆိုတာကို မော်လမြိုင်တံတားကိစ္စနဲ့ အခုလွိုင်ကော်က ရုပ်တုကိစ္စတို့က မီးမောင်း ထိုးပြလိုက်တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေအပေါ် ပြည်ထောင်စု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့အနေနဲ့ သတိ မူကြဖို့လိုမှာဖြစ်ပါတယ်။

အထက်မှာဆိုခဲ့သလိုပဲ ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ်စွန့်စားစိတ်နဲ့ကြိုးပမ်း ခဲ့တဲ့ ဗိုလ်ချုပ်ဟာ ပြည်သူလူထုရဲ့ရင်မှာ အစဉ်တည်ရှိနေပါတယ်။ ဖိနှိပ်မှုအမျိုးမျိုး၊ ဖျောက်ဖျက်မှုအသွယ်သွယ် ကြားကနေတောင် ဗိုလ်ချုပ်ကို ပြည်သူက အလေးထားခဲ့ကြပါတယ်။ တန်ဖိုးထားခဲ့ကြပါတယ်။ ဒီတန်ဖိုးတွေကို တလွဲဆံပင်ကောင်းမှုတွေကနေ ပျောက်ပျက်သွားတာမျိုး မဖြစ်စေလိုပါဘူး။

နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ ဒီကနေ့ကာလမှာ ပြည်သူလူထု အဓိကထား လိုချင်နေတာ ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းတွေမဟုတ်ပါဘူး။ ဒီကနေ့ ပြည်သူလူထုလိုချင်တာက ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ် တွေအပေါ် လျှောက်လှမ်းပြဖို့၊ ဗိုလ်ချုပ်ပေး အပ်ထားခဲ့တဲ့ ကတိကဝတ်တွေအပေါ် အကောင်အထည်ဖော်စေဖို့ ဖြစ်တယ် ဆိုတာပါပဲ။

ဆန္ဒထုတ်ဖော်ခဲ့တဲ့ကယားလူငယ်ထု သုံးခဲ့တဲ့ စာသားနဲ့ပဲ ဆောင်းပါးကို နိဂုံးချုပ်လိုက်ချင်ပါတယ်။

”တိုင်းရင်းသားတွေ လိုချင်တာ အောင်ဆန်းကတိ …ရုပ်တုမဟုတ်”

 

ဂျေငြိမ်း