တိုင်းပြည်ကို လွှမ်းမိုးအပ်ချုပ်နေတာ ဘယ်သူလဲ

နောင်ကျော်
၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ထုတ်မှ

ပြီးခဲ့တဲ့ ဇူလိုင်လကုန်နဲ့ သြဂုတ်လဆန်းစကာလမှာ စစ်အုပ်ချုပ်ရေးကိုပြန်မျှော်ပြီးဖိတ်ခေါ်တဲ့ ဆန္ဒပြသပိတ် စခန်းကို ရန်ကုန်နဲ့မန္တလေးမြို့မှာဖွင့်ပြီး လက်ရှိအစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကိုလုပ်ခဲ့ကြတယ်။ ဘုန်းကြီးနည်း နည်းနဲ့ လူနည်းနည်းပဲပါဝင်တဲ့ သပိတ်စခန်းတွေ

ပါ။ ဒီတိုင်းပြည်ရဲ့ဆန္ဒပြပွဲတွေထဲမှာ လူအင်အားအနည်းဆုံးပဲပါ ဝင်ပြီး လူထုပရိသတ်အများစုရဲ့ ဆန့်ကျင်မှုကိုခံလိုက်ရတဲ့ ဆန္ဒပြသပိတ်စခန်းလို့ပြောရပါလိမ့်မယ်။ အဲဒီသပိတ် စခန်း ၂ခုရဲ့ အဓိကတောင်းဆိုချက်နဲ့ ရည်ရွယ်ချက်ဟာ တည်ဆဲရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရကိုဖြုတ်ချ ရေးပဲဖြစ်ပါတယ်။
ဒီတိုင်းပြည်မှာ ကျောင်းသားတွေ အလုပ်သမားတွေ၊ လယ်သမားတွေအပါအ ဝင် အလွှာအသီးသီးက ဆန္ဒပြကြ၊ သပိတ်မှောက်ကြတိုင်းမှာ သူတို့ရဲ့ ဘဝလူတန်းစား၊ အလွှာဆိုင်ရာ တောင်းဆိုချက်တွေကို ဘဝ လိုအပ်ချက်အနေနဲ့ တောင်းဆိုခဲ့ကြတာ ချည်းပဲဆိုတာ မဝေးသေးတဲ့ အတိတ်လှုပ်ရှားမှုတွေကို ပြန်ကြည့်ရင် တွေ့ ရမှာပါ။ ရန်ကုန်နဲ့ မန္တလေးမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြကြသူတွေရဲ့ တောင်းဆိုချက်က ဘဝဆိုင်ရာ တောင်းဆိုချက်မဟုတ်ဘဲ ခေတ်နောက်ပြန်ဆွဲပြီး စစ်တပ်အုပ်ချုပ်ရေး (စစ်အုပ်ချုပ်ရေး)ကို ပြန်လိုလားနေတဲ့ ရည်ရွယ်ချက်ပဲဆိုတာ ရှင်းရှင်းကြီးမြင်လိုက်ရပါတယ်။ သူတို့က ဘယ်သူတွေလဲ။ အများအကျိုး တိုင်းပြည် အကျိုး အတွက် စွန့်လွှတ်အနစ်နာခံပေးဆပ်ပြီး လုပ်ခဲ့သူတွေလား။ ဘာအတွက်လုပ်ကြတာလဲ။ သူတို့နောက် ကွယ်မှာ ဘယ်သူကကြိုးဆွဲနေတာလဲ။ အဲဒီ သပိတ်စခန်းဖွင့်တာအတွက် ဘယ်သူတွေ အတွက်အကျိုးရှိစေခဲ့သလဲ။ သူတို့တောင်းဆိုချက် (တကယ်လို့များ)အောင်မြင်ခဲ့ရင် ဘယ်သူတွေအတွက် အခြေအနေကောင်းလာမှာလဲ။ သေချာတာကတော့ စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ ဒီမိုကရေစီခေတ် ကိုရောက်လာလိမ့်နိုးနဲ့ မျှော်လင့်နေတဲ့ ပြည်သူလူထုကြီးအတွက်တော့ အဲဒီ ဖောက်ပြန်ရေးသပိတ်စခန်း ၂ခုဟာ စစ်အာဏာရှင်ခေတ်ဟောင်းကို နောက်ကြောင်းပြန်တစ်ပတ်လည်လာ အောင် တွန်းပို့ဖို့ ကယ်ပါယူပါတစာစာ အောက်လိုက်တဲ့ လူ့အန္ဓတွေရဲ့ လမ်းဘေးက မျက်လှည့်ပြပွဲလောက်လို့ပဲ သဘောထားခဲ့ကြပါတယ်။
အဲဒီလို မှတ်ချက်ပေးလိုက်တာကြောင့် လက်ရှိအစိုးရဟာ ပြည်သူလူထုအ များစုကြီးအတွက် ကောင်းတာ တွေ၊ ဟုတ်တာတွေလုပ်နိုင်နေပြီလားလို့ မေးစရာရှိပါတယ်။ အဲဒီလိုမေးလာရင် ‘အန်ကယ်ကတော့ နိုးပါကွယ်’ လို့ ပြန်ဖြေရမယ့်အခြေအနေမှာရှိနေပါသေးတယ်။ ဘာဖြစ်လို့လဲလို့တော့ ထပ်မမေးပါနဲ့။ ၂ဝဝ၈ ဖွဲ့စည်းပုံ ယန္တရားကြီး နဲ့လည်ပတ်နေရသမျှ ကာလပတ်လုံးမှာ ‘အန်ကယ်ကတော့ နိုးပါကွယ်’လို့ပဲ မေးသမျှကို ကြောက်ကြောက်လန့် လန့်နဲ့ ဖြေနေရဦးမှာပါ။ ပေါ်တင်ပြောလိုက်ရင် ဆော်ချင်နှက်ချင်သူတွေက အုံးအုံးထပြီး တအုန်းအုန်းနဲ့ ဝင်ဝုန်းမှာ လည်း ကြောက်ရသေးတာကိုး။ လုပ်ချင်စိတ်ရှိပေမယ့်လုပ်လို့ မရသေးတာကိုလည်းသိပါတယ်။ ဒါပေမယ့် ‘လက်သည်ကိုချည်းအားကိုးမနေဘဲ ကိုယ်တိုင်ကလည်း ညှစ်ဦးလေ’ဆိုတဲ့ ကြားဖူးနားဝစကားကိုပဲ ကိုးကားရမယ် ထင်ပါရဲ့။ ‘ညှစ်ထား၊ ညှစ်ထား’ဆိုပြီး ဝိုင်းအော်ပေးရ မယ့်အနေအထားမျိုးမှာ ရောက်နေတာလို့ ပြောရင် ‘ဘာဆိုင် လို့လဲ’ဆိုပြီး ဘုမသိဘမသိ ဝင်အာကြမယ့် အသံတွေကိုလည်း ဂရုစိုက်ရသေးသဗျ။ လောကကြီးမှာ ကြောက် စရာ အကောင်းဆုံးကတော့ ဘုမသိဘမသိတွေရဲ့ အော်ကြီးဟစ်ကျယ်ဆဲရေး တိုင်းထွာသံတွေပါလားလို့ နား လည်လာရတဲ့ ကာလကြီး ပေပဲကိုးဗျ။
ငြိမ်းချမ်းရေးခရီးဆိုတာကလည်း ဘိန်းခန်းဘေးအနီးမှာ မှိန်းနေတဲ့ ဘိန်းသမားလို ပဲလို့တောင် ပြောရ မလားပဲ။ ရှေ့မရောက်ဘဲ ခွေလဲနေပြီးလားလို့တောင် မေးရတော့မလိုလို။ ခန်းမကြီးထဲမှာ ငြိမ်းချမ်းရေး သီချင်း တွေဆိုပြီး ငြိမ်းချမ်းရေးစကားတွေပြောနေပေမယ့် စစ်မြေပြင်တွေမှာတော့ တဒိုင်းဒိုင်း တဒက်ဒက်နဲ့ သွေးပျက် စရာတိုက်ပွဲတွေက ဖြစ်နေတုန်း။ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေက သိန်းဂဏန်းအထက်က နေ လျော့ကျမလာတဲ့အပြင် ဘိုးဘိုးအောင် တန်ခိုးနဲ့ အဆတိုးနေတုန်း။ စစ်ပွဲတွေ ဖောင်းကြွဖောယောင်လာအောင် မစနေတဲ့ စစ်ဘိုးဘိုးအောင်တွေရဲ့ ပြဿနာကိုလက်ရှိ အစိုးရလည်း ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်း မရှိသေးဘူး။ အစိုးရဖြစ်နေပြီးတော့ ဒီလောက်လေးတောင်မှ မကိုင်တွယ်နိုင်ဘူး လားလို့တော့ လာမမေးကြပါနဲ့။ မကိုင်တွယ် နိုင်လို့ မကိုင်တွယ်နိုင်တာပါလို့ပဲ ပြန်ဖြေပါရစေ။ ဘာကြောင့်လဲလို့တော့ မမေးကြပါနဲ့။ ဒီမေးခွန်းကို အမှန်အတိုင်း ဖြေမယ်ဆိုရင် ဘုသိဘသိတွေကို ကြောက်ရတယ်ဗျ။ ဘုမသိဘမသိတွေလည်း ကြောက်ရ၊ ဘုသိဘသိ အာဏာရှိ တွေလည်း ကြောက်နေရတဲ့ ကာလလေ။
‘ကြောက်နေရပြီ အချစ်ဆုံးရေ’ဆိုတဲ့ သီချင်းစာသားလေးကို ညည်းရင်းလွမ်းနေ တာပဲကောင်းမယ် ထင်ပါရဲ့။
တချို့ပညာရှိသုခမိန်တွေက မိန့်ဆိုကြတာလည်းရှိသေးသဗျ။ ငြိမ်းချမ်းရေးရဖို့ဆို ရင် အခုရှိနေတဲ့ NCA စာချုပ်ကိုတိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ အားလုံးက လက်မှတ်ထိုးလိုက်ကြရင် အဆင်ပြေ သွားမှာပါတဲ့။ သူတို့ပြောတာလည်း ဟုတ်မှာပဲလေလို့ ဝင်ယောင်ကြမယ့် သူတွေလည်း မနည်းလှဘူးထင်ပါရဲ့။ ငြိမ်းချမ်းရေးကိစ္စဟာ ငှက်ပျောသီးအခွံနွှာစားသလို လွယ်မှမလွယ်တာပဲ။ ပြည်တွင်းစစ် နှစ် ၇ဝနီးပါးမှာ ငြိမ်းချမ်း ရေးစကားပြောခဲ့ကြ၊ ပျက်ခဲ့ကြတဲ့ သမိုင်းတွေက အခိုင်အမာရှိခဲ့ပြီးသား။ ပြီးတော့ NCA process လို့ ပြောရမယ့် အဲဒီဖြစ်စဉ်ကာလတွေထဲမှာပဲ ငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးကိစ္စတွေကို ခန်းမထဲမှာ ပြောဆို ဆွေးနွေးနေကြတုန်း စစ်မြေပြင်မှာ ထိုးစစ်တွေဖြစ်လာ၊ ရှိလာပြီး တင်းမာမှုတွေထပ်ဖြစ် လာခဲ့ကြတာတွေကိုလည်း မသိထားလို့မရ ပြန်ဘူးလေ။ ဒီအခါမှာ အပြန်အလှန် ယုံကြည်နိုင်ဖို့အတွက် အာမခံချက်တောင်းတာတွေက ထပ်ပြီးပေါ်လာပြန်တော့တယ်။ ထိုးစစ်ကိုရပ်ဖို့၊ ခုခံစစ်ကိုရပ်ဖို့ဆိုရင် ယုံကြည်ရပြီး အာမခံချက်ရှိတဲ့ ယုံကြည်စရာ အာမခံချက်ကို ကတိတည်ပြီး လိုက်နာကျင့် သုံးအကောင်အထည်ဖော်မယ့် အခြေအနေတစ်ရပ်က လိုအပ်လာ တာဖြစ်ပါတယ်။
တချို့က နှစ်ဖက်စလုံးက ငြိမ်းချမ်းချင်စိတ်တကယ့်ကို ခိုင်ခိုင်မာမာ ထက်ထက်သန်သန်ရှိနေရင် ငြိမ်းချမ်း ရေးရမှာပါလို့ တွေးကြတာရှိတယ်။ ခိုင်မာထက်သန်တဲ့ ငြိမ်းချမ်းရေးဆန္ဒကို အပြန်အလှန်အာမခံချက်ရှိတဲ့ ကတိစာချုပ်နဲ့ အပြန်အလှန်စောင့်ထိန်းလိုက်နာ အကောင်အထည်ဖော်မှုပါ လိုအပ်လာတဲ့အဆင့်ကို ရောက်နေ တဲ့ အခြေအနေပါပဲ။ NCA လက်မှတ်မထိုးသေး တဲ့အဖွဲ့တွေက NCA လက်မှတ်ထိုးထားပြီးမှ အဲဒီစာချုပ်အတိုင်း အကောင်အထည် ဖော်ခွင့်မရတဲ့ အကျပ်ရိုက်နေတဲ့ အခြေအနေကိုလေ့လာစောင့်ကြည့်ပြီး တချို့အာမခံချက် တွေ ထပ်တောင်းလာတယ်ဆိုတာကိုပါ သိနားလည်ဖို့လိုပါတယ်။ သမိုင်းကို သင်ခန်းစာယူဖို့လိုသလို ပစ္စုပ္ပန်ကို လည်း မှန်မှန်ကန်ကန်သိနားလည်ဖို့ နက်နက်ရှိုင်းရှိုင်း ကြည့်မြင်တတ်ဖို့ လိုအပ်တာပဲမဟုတ်လား။ ဒါကြောင့် ငြိမ်းချမ်းရေးကိစ္စကို ပြောပြီဆိုရင် ငှက်ပျောသီးအခွံနွှာစားသလို စိတ်ထားနဲ့မပွားဖို့၊ အာမချောင်ဖို့ ပြောရတာပါ။
လက်ရှိ ငြိမ်းချမ်းရေးကြိုးပမ်းနေကြတဲ့ ဖြစ်စဉ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ဖွဲ့ထက်ပိုပြီး ပါဝင်လာအောင် ကြိုးပမ်းနေပါတယ်ဆိုတာကို ပြောနေဆိုနေ တုန်းမှာပဲ စစ်ပွဲတွေတစ်ပွဲပြီး တစ်ပွဲဖြစ်နေတာဟာ ဘာကြောင့်လဲဆိုတာကိုတော့ အရေးတကြီး စဉ်းစားကြည့်ကြရ တော့မယ် ထင်ပါတယ်။ ပြောနေတော့ ငြိမ်းချမ်းရေး၊ တကယ်ဖြစ်နေတာက မရပ်နားသောစစ် ပွဲများလို့တောင် မှတ်ချက်ပေးရတော့မှာပါ။ စစ်ပွဲတွေတစ်ပွဲပြီး တစ်ပွဲဖြစ်နေတဲ့အတွက် ဘယ်သူတွေအကျိုးရှိနေပါသလဲ။ ဘယ်သူ တွေ ‘အကောင်’ဖြစ်လာပါသလဲ။ အများစုရဲ့ အားကိုးခံ၊ အမှီခိုခံဖြစ်လာအောင် ဘယ်သူတွေက ကင်န်ပိန်း (Canpaigm) လုပ်ပြီး စစ်ပွဲတွေတိုက်နေပါသလဲ။ လတ်တလောဖြစ်နေ၊ ဖြစ်ခဲ့တဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ ဘယ်သူ့ဘက်က ထိုးစစ်အများဆုံးဆင်နွှဲခဲ့သလဲ။ မလွှဲမရှောင် သာဘဲ ထိပ်တိုက်တွေ့ ဆုံမှုကြောင့် တိုက်ပွဲတွေဖြစ်ရတာထက် ကျူးကျော်ရန်စတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲဖြစ်ခဲ့ရတာက ပိုများနေသလား။ ငါတို့မရှိရင် မဖြစ်ဘူးလို့ ထင်လာမြင်လာစေရုံတင်မကဘဲ ရှိသင့်တဲ့ နေရာ ထက် ရှေ့တိုးကျော်တက်ပြီး အမြင့်ဘက်နေရာဆီကို တစ်လှမ်းပြီးတစ်လှမ်း ခွနင်းကျော်တက်လာတာ ဘယ်သူ တွေလဲ။ စဉ်းစားနိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိသူတွေအတွက် မေးခွန်းတချို့ကို ထုတ်ပြကြည့်တာပါ။ ကိုယ့်ဘာ သာ ကိုယ်မေးကြည့်၊ ဖြေကြည့်ဖို့ပါ။ ကျွန်တော့်ကိုတော့ အဖြေမမေးကြပါနဲ့။ မဖြေရဲဘူးဗျ။ သီချင်းလေးပဲ ပြန်ဆိုပြမယ်။ ‘ကြောက်နေရပြီ အချစ်ဆုံးရေ’လို့။
ဒီနှစ်သြဂုတ်လဆန်းပိုင်းမှာ Facebook တစ်ခုတင်တော့ ‘နဂိုက NLD အစိုးရကိုဝေဖန်နေ၊ အပြစ်ပြောနေကြ သူတွေဟာ စစ်အုပ်စုမျှော်သမားတွေ မဟုတ် ကြဘူးဆိုတာရယ်၊ အရပ်သားအစိုးရက လုပ်သင့်တာတွေမလုပ်၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဖြစ်အောင် ရဲရဲဝံ့ဝံ့မလုပ်လို့ အားမလိုအားမရဖြစ်ပြီး ဝေဖန်ခဲ့ကြတာ ရယ်ဆိုတာ ကွဲပြားလာတာကို သတိပြုမိတယ်။ သူတို့အများစုဟာ အခုဆန္ဒပြနေတဲ့ စစ်အုပ်စု မျှော်သမားတွေကို ဆန့်ကျင်နေ ကြလို့ပါပဲ’ဆိုပြီး ရေးထားတာလည်းပါ တယ်။
ပြည်သူလူထုအများစုကြီးကတော့ NLD အစိုးရဖြစ်လာရင် နဂိုတုန်းက တွေ့ကြုံခဲ့ရတဲ့ ဒုက္ခတွေလိုမျိုး ကြုံရတော့မှာ မဟုတ်ဘူးလို့ မျှော်လင့်ယုံကြည်ထားတာပါ။ တကယ့်လက်တွေ့ အခြေအနေက ဒီလိုဒုက္ခမျိုးတွေ ကို ပြည်သူလူထုထပ်ပြီး မကြုံရဖို့အတွက် ကြိုးစားနေမှုထဲမှာပဲ ချာချာလည်နေတာ။ ဒါကို နိုင်ငံရေးနည်းနည်းသိ တဲ့ သူတွေက ရဲရဲဝံ့ဝံ့မလုပ်ရကောင်းလား ဆိုပြီး အားမလိုအားမရစိတ်နဲ့ဝေဖန်ကြ အပြစ်ပြောကြတာတွေ ဖြစ်လာ ခဲ့တာပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်မှာ ယန္တရားဟောင်းတွေကို မဖျက်နိုင်မပြောင်းနိုင်တဲ့အခါမှာ အစိုးရသစ်လည်း အစိုးရနာမည်ခံပြီး ‘ထီးပြင်တယ်၊ ခေါက်ထီးပြင်တယ်၊ ဒန်အိုးပေါက် ဒယ်အိုးပေါက်ဖာတယ်’လို့ ရပ်ကွက်တွေထဲ မှာ လှည့်အော်ပြီးအပျက်ကို ဖာထေးပြုပြင်တဲ့ အလုပ်မျိုးလုပ်ရတဲ့ ဘဝမျိုးရောက်နေတာပါ။ ကောင်းတဲ့ ထီးသစ် တွေ၊ အိုးသစ်တွေကို မထုတ်လုပ်နိုင်တဲ့၊ ဝယ်မသုံးနိုင်တဲ့ ဘဝမျိုးမှာ အသစ်ဝယ်ချင်တိုင်း အိမ်ထောင်ဦးစီးဘ ဘကြီး မျက်နှာကိုလှမ်းကြည့်ပြီး မဝယ်ရတဲ့ ဘဝမျိုးမှာလို့ပဲ ပြောရမယ်ထင်ပါရဲ့။
‘လူထုမဲနဲ့ တက်လာတဲ့အစိုးရဟာ လူထုနဲ့ လက်တွဲရဲဖို့ (စကားလုံးနဲ့မဟုတ်ဘဲ) လက်တွေ့နယ်ပယ်မှာပါ ကျင့်သုံးရဲဖို့လိုအပ်ပါတယ်။’လို့ ကျွန်တော်က အဲဒီ post မှာ ရေးခဲ့ဖူးတယ်။ ဘယ်ကိစ္စမျိုးတွေမှာ လက် တွဲရမလဲ ဆိုတာကို ရှင်းပြဖို့ မလိုလောက် အောင်ရှင်းနေပြီးသားပါ။ ရွေးကောက်ပွဲမဲ ဆွယ်ကာလမှာ အစိုးရဖြစ်လာရင် တိုင်း ပြည်နဲ့ ပြည်သူလူထုကောင်းကျိုးအတွက် ဘာတွေကိုလုပ်ပါ့မယ်ဆိုတာကို ပြောခဲ့တာပဲမဟုတ်လား။ အဲဒါတွေကို အခုလုပ်နိုင်ပြီလား။ မလုပ်နိုင်သေးဘူးဆိုရင် လုပ်လို့မရအောင် ဘာတွေ၊ ဘယ်သူတွေက နှောင့်ယှက်ဟန့်တား ထားသလဲဆိုတာကို ထုတ်ပြောပြဖို့လိုသလို လှုပ်ရှားတက်ကြွသူတွေကို လက်ကမ်းခေါ်ပြီး လုပ်သင့်တာ။ လုပ်နိုင် တာတွေကို ပူးပေါင်းလက်တွဲလုပ်ကြဖို့ လိုပါတယ်။ လုပ်ရမှာတွေ မလုပ်နိုင်တာကြာလာရင် ကိုယ့်အပေါ် ယုံကြည် မျှော်လင့်ထား သူတွေက စိတ်ပျက်လာပြီး အယုံအကြည် လျော့လာတာ၊ ယုံကြည်မှုမဲ့ သွားတာမျိုးတွေ ဖြစ်လာ တော့မှာပါ။ ပြီးတော့ ယန္တရားဟောင်းကို ကိုယ်စားပြုထားတဲ့ ပြိုင်ဘက်တွေကလည်း မစားရဝခမန်းစကား တွေနဲ့ နိုင်ကွက်နင်းလာပါလိမ့်မယ်။ ဒီနေ့မှာ ဒီလိုဖြစ်လာတာ၊ ဖြစ်နေတာတွေဟာ သူတို့လုပ်ခဲ့တာမဟုတ်သ လိုလို၊ သူတို့နဲ့မဆိုင်သလိုလို တွေပြောပြီး ‘မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ ခေါက်သလို’လုပ်ရင်း ‘သမုတိအတွက်၊ ငဝက်က ဒဏ်ခံ’ရအောင် လုပ်တာမျိုးတွေ ရှိလာဖြစ်လာနိုင်ခြေရှိလေရဲ့။
ပြီးခဲ့တဲ့ သြဂုတ်လနောက်ဆုံးပတ်ထဲမှာ ရခိုင်ပြည်နယ်၊ မောင်တောမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ် လာတယ်လို့ သတင်းတွေမှာဖတ်ရတယ်။ အကြမ်းဖက်အဖွဲ့နာမည်က ARSA တဲ့။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖတ်ရတာတွေကို ချုံ့ပြောရရင် သိခွင့်ရတဲ့ သတင်းတွေအားလုံးဟာ တပ်မတော်ကနေပေးတဲ့ သတင်းတွေဖြစ်ပြီး တခြား သတင်းဌာနတွေအားလုံးဝင်ခွင့်သွား ခွင့်မရတဲ့ နေရာဒေသလို့ဆိုပါတယ်။ တချို့ မှတ်ချက်တွေမှာတော့ သတင်းကိုတစ်ဖက် တည်းကနေပဲ သိခွင့်ရတဲ့အတွက်အခြေ အနေမှန်ကိုအကဲဖြတ်ဖို့ ခက်ပါတယ်တဲ့။ အဲဒီကာလ မှာတော့ Facebook ဆိုတဲ့ လူမှုကွန်ရက်မျက်နှာစာပေါ်မှာ ကုလားမုန်းတီးရေး၊ အစ္စလာမ်မုန်းတီးရေးနဲ့ အစွန်း ရောက်ပေါက်ကွဲဒေါသတွေပဲ သိရဖတ်ရတဲ့ အချိန်ပါ။ နိုင်ငံခြားသတင်းဌာန BBC, VOA နဲ့ RFA တို့ကတော့ စစ်အာဏာရှင် ခေတ်တုန်းက စစ်အစိုးရရဲ့ အာဘော်လေသံလို ဆဲသံ၊ ရှုတ်ချသံ၊ လိမ်ညာနေတယ်လို့ စွပ်စွဲသံ တွေ ညံနေခဲ့တာပေါ့။ ကျူးကျော်မှု၊ အကြမ်းဖက်မှုတွေကို တိုက်ခိုက်ဖို့အတွက် စစ်တပ်ကိုပဲ အားကိုးအားထား လာကြတဲ့ လေသံတွေက အပေါ်စီးနေရာမှာရယူထား လိုက်နိုင်တဲ့ကာလလို့ပဲ ပြောရမှာပါ။ ရှိနေတဲ့ အစိုးရကို တောင်မှ ဆေးဖော်ကြောဖက် မလုပ်တော့ဘဲ စစ်တပ်ကြီးကိုသာ အားကိုးလာတဲ့စိတ်တိမ်းညွတ်လာနေခဲ့တဲ့ ကာလပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ သတင်းဝက်ဘ်ဆိုက်မှာလည်း တပ်မတော်ဘက်ကလာတဲ့ သတင်းတွေ ကပဲ လွှမ်းမိုးထားတဲ့ ကာလပါ။ အဲဒီကာလရဲ့ သတင်းတွေ၊ မှတ်ချက်တွေ၊ အကဲဖြတ်ချက်တွေ အားလုံးဟာ အမျိုးသားရေးစိတ်လွန်ကဲပေါက်ကွဲမှုတွေကို ဖြစ်စေခဲ့တာ သတိပြုမိလိုက်သလိုပဲ တပ်မတော်ကြီးသာလျှင် တိုင်းပြည်ရဲ့သခင် ကျေးဇူးရှင်ဆိုတဲ့ လမ်းကြောင်းပေါ်ကို သိသိသာသာတက်လာစေခဲ့တာကိုပါ တွေ့လိုက်ရပါ တော့တယ်။
သတင်းတွေနောက်မှာ လျှောက်လိုက်ရင်းနဲ့ အစွန်းရောက်မျိုးချစ်စိတ်လမ်းကြောင်းပေါ်မှာပါ လျှောက်မိ လျက်သားဖြစ်သွားခဲ့ကြတာကိုပါ လှမ်းမြင်လိုက်ရပါတယ်။ ကျွန်တော့်သဘောထားကတော့ ဘယ်လိုလူမျိုး၊ ဘယ်လိုဘာသာ၊ ဘယ်လိုအဖွဲ့အစည်းကနေပဲ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တာတွေ့ရ သိရရင် ဆန့် ကျင်ရှုတ်ချပစ်ဖို့ ဝန်မလေးခဲ့သူဖြစ်ပါတယ်။
ဒီပြဿနာရဲ့ ဇာစ်မြစ်ဟာ အာဏာရ ယူထားခဲ့သူတွေ အဆက်ဆက်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံ မမှန်တာ ကြောင့်လားလို့တော့ လာမမေးကြပါနဲ့ဗျ။ ကျွန်တော်ဖြေရခက်တယ်။ ဖြေရမှာလည်း ကြောက်တယ်။ သီချင်း လေးတစ်စကို ဆိုပြပါရစေ။
ကြောက်နေရပြီ အချစ်ဆုံးရေ။
ဒီလ စက်တင်ဘာ ၄ရက်တုန်းက ထိုင်းနိုင်ငံ ချင်းမိုင်မှာလုပ်ခဲ့တဲ့ NCA လက်မှတ်ထိုး ၈ဖွဲ့ရဲ့ အစည်းအ ဝေးမှာ KNU ဥက္ကဋ္ဌစောမူတူးစေးဖိုးက ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုကိစ္စ၊ ‘ဝ’လက်နက်ကိုင် အဖွဲ့ (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC)ရဲ့ သဘောထား၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးခေါ်ဖို့ တောင်းဆိုနေတဲ့ကိစ္စ၊ UNFC နဲ့ NCA လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခြေအနေစတာတွေဟာ လက်ရှိ နိုင်ငံရေး အခြေ အနေတွေဖြစ်ပြီး ဒါတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရိုက်ခတ် မှုရှိမရှိ ထည့်သွင်းစဉ်းစားဖို့ လိုတဲ့ အကြောင်း ပြောခဲ့တယ်။
(၅.၉.၂ဝ၁၇၊ ၇ 7Day News Paper)
ဒါဟာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အားထုတ်နေကြတဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့တွေဘက်ခြမ်းက စိုးရိမ်မှုနဲ့ သံသယတချို့ပါ။ NCA လက်မှတ်ထိုးထားတဲ့ အခြမ်းကအသံဖြစ်ပြီး မထိုးရ သေးတဲ့အဖွဲ့တွေဘက်မှာလည်း ဘယ်လိုစဉ်းစား အကဲဖြတ်ထားကြမလဲဆိုတာက စိတ်ဝင်စားစရာကောင်း ပါတယ်။ အခု ဒီဆောင်းပါးကိုရေးနေချိန်မှာ ဖတ်နေရတဲ့ သတင်းတွေထဲက စိတ်ဝင်စားစရာ(ဒါမှမဟုတ်) စိတ်ပျက် စရာသတင်း တချို့ကိုပြောရရင် အကြမ်းဖက်အဖွဲ့ကမြို့ ကြီးတွေမှာ ဗုံးဖောက်ခွဲတာတွေလုပ်လာနိုင်တယ်ဆိုတာ ရယ်၊ ဘာသာရေး(လူမျိုးရေး) ပဋိပက္ခတွေ ဖန်တီးလာနိုင်တာကြောင့် သတိထားကြဖို့ဆိုပြီး အာဏာပိုင်တွေဘက် က ကြေညာထားတယ်ဆိုတဲ့ သတင်းတွေပါပဲ။
ငြိမ်းချမ်းရေးစကားသံတွေက တဖြည်းဖြည်းတိုးတိတ်လာပြီး စိုးထိတ်စရာအခြေ အနေတွေ ရောက်လာ တော့မှာလားလို့ ပူပန်စိုးရိမ်မိတာအမှန်ပါ။ ကြောက်နေရပြီ အချစ်ဆုံးရေဆိုတဲ့ သီချင်းသံလေးတောင်မှ တိမ်ဝင် လာစ၊ တိုးညင်းလာစ၊ မဆိုရဲတော့တဲ့ ခံစားမှုဖြစ်လာစလို့ပဲ ပြောရတော့မှာ လား။ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ရေး၊ တရားဥပဒေစိုးမိုးရေးဆိုတဲ့ မဲဆွယ်တုန်းကာလက အသံတွေ မှိန်ဖျော့လာ နေပြီးလား။ အခြေအနေက ဘာလဲ၊ ဘယ်လဲ။ဟိုရက်တုန်းက Noam Chemsky ရေးတဲ့ Who rules the world ဆိုတဲ့ စာအုပ်လေးတွေ့လို့ လှန်ကြည့်ဖူးသေး တယ်။ ခုလည်းလက်ရှိဖြစ်နေရှိနေတဲ့ ဗမာပြည်ကြီးရဲ့ အခြေအနေကိုတွေးရင်း Who rules the Burma (Myanmar)? လို့ မေးချင်စိတ်ပေါ်လာတယ်။ မေးတော့မေးချင်ပေမယ့် မေးရမှာလည်း ခပ်ကြောက်ကြောက်နဲ့ဆိုတော့ အရဲစွန့် ပြီး မေးကြည့်လိုက်ပါတယ်။တိုင်းပြည်ကို ဘယ်သူက လွှမ်းမိုးအုပ်ချုပ်နေတာလဲလို့။