Archives

အနောက်တိုင်းက မြန်မာ NUG ကို

ဘာကြောင့် အသိအမှတ် မပြုရတာလဲ

မူရင်း ရေးသားသူ – David Hutt (Asia Times)
ဘာသာပြန်သူ – ရဲကျော်စွာ
(ဘာသာပြန်သူ၏ မှတ်ချက်)

 Read more

အပစ်ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေး နှင့် ငြိမ်းချမ်းရေး

အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့သည် ငြိမ်းချမ်းရေး ခရီးရှည်၏ လှေကား ထစ်သုံးထစ်၊ ခြေလှမ်းသုံးလှမ်း၊ ရေးသုံးရေးပင်ဖြစ်သည်။ ပစ်ရင်းခတ်ရင်း တိုက် ရင်းခိုက်ရင်း တွေ့ဆုံဆွေးနွေးရေးသည် ဟန်ပြသက်သက်၊ အာသာဖြေရုံသက်သက်ထက် ပိုပိုသာသာ ဖြစ်ဖို့ခဲယဉ်းလိမ့်မည်။ အပစ်အခတ်လည်းရပ်နိုင်၊ မျက်နှာစုံညီလည်း တွေ့ဆုံဆွေးနွေးနိုင်မှသာ ယုံကြည်မှု တည်ဆောက်ရေးသည် ရုပ်လုံးပေါ်လာနိုင်မည်ဖြစ်ပြီး၊ ငြိမ်းချမ်းရေး ခရီးရှည်သည်လည်း ထိရောက်အလုပ်ဖြစ်လာမည်ဖြစ်သည်။

တပ်မတော်သည် ၂၀၁၉ ခုနှစ် သြဂုတ်လ(၃၁)ရက်တွင် စစ်ရေးလှုပ်ရှားမှုများရပ်ဆိုင်းသည့်ကာလကို ထပ်တိုးမြှင့် ခဲ့သည်။ လက်ရှိအခြေအနေတွင် တပ်မတော်အနေဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူ များ၏  ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ဆက်လက် ဆောင်ရွက် နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တို့နှင့် လက်ရှိ ဆွေးနွေးဆဲ အခြေအနေများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် တိုင်းစစ်ဌာနချုပ် ငါးခု၏ နယ်မြေများ၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့အထိ တိုးမြှင့် ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ကြေညာခဲ့သည်။

စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းမည့် ထုတ်ပြန်ကြေညာချက်ကို ထောက်ခံကြိုဆိုပါသည်။ အဆိုပါ စစ်တိုင်းကြီးငါးခု၏ နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုများ အလုပ်နှင့်သက်သေပြ၊ ရပ်ဆိုင်းနိုင်ဖို့ မျက်ခြေမပြတ်သင့်ပေ။ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းမည့်စစ်တိုင်းများတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရခိုင်ပြည်နယ်) ပါဝင်မှုမရှိသေးသည်မှာ မေးခွန်းထုတ်ဖွယ်ရာ ပင်ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုံးလုံးလျားလျား စိတ်ပိုင်းဖြတ်ထားပြီဆိုလျှင် တိုက်ပွဲများ၊ စစ်ရေး လှုပ်ရှားမှုများကို တတ်နိုင်သရွေ့ လျော့ချကြရမည်ဖြစ်ပြီး၊ နိုင်ငံရေးပြဿနာများ၊ နိုင်ငံရေး အကျပ် အတည်းများနှင့် စိန်ခေါ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးအဖြေရှာနိုင်ဖို့ အားလုံးပါဝင်၍ ဟန်ချက်ညီညီပြိုင်တူတွန်းကြရမည်ဖြစ်သည်။

ရန်ကိုရန်ချင်း မတုံ့လျှင်းနှင့် ဆိုသည့် မြန်မာဆိုရိုးစကားသည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ဆောင်ပုဒ် ဖြစ်ဖို့ကောင်းသည်။ လူမှုကွန်ယက်စာမျက်နှာတွင် ပရိုဖိုင်းအစစ်အမှန်များဖြင့် ရန်ကိုရန် ချင်း တုံ့လျှင်းဖို့ တိုက်တွန်းရေးသားနေကြသည်မှာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြဒါးတစ်လမ်း၊ သံတစ် လမ်းပင်ဖြစ်သည်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တို့သည် အပြန်အလှန် အမှီသဟဲပြုနေပြီး၊ ဟန်ချက်ညီနိုင်ဖို့ အရေးကြီးမည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးသည် ပြည်တွင်းငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်ကြီးပင်ဖြစ်သည်။ အုတ်မြစ် မခိုင်ခန့်လျှင် ယုံကြည်မှုတည်ဆောက်ရေးသည် လျော့တိလျော့ရဲဖြစ်လာနိုင်ပြီး၊ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်သည်လည်း ရှေ့တိုးဖို့ ခက်ခဲသည်အထိ ချောင်ပိတ်မိသွားနိုင်ခြေရှိနေသည်ကို အလေးဂရု ပြုသင့် သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ (ULA/AA၊ PSLF/TNLA၊ MNTJP/MNDAA) တို့သည် ပြည်တွင်းစစ်ပွဲ ရပ် တန့်ပြီး၊ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းများ လက်တွေ့ကျကျဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၉) ရက်မှ အောက်တိုဘာလ (၈) ရက်နေ့အထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း စက်တင်ဘာလ (၉) ရက်နေ့စွဲပါ ကြေညာချက်ဖြင့် ထုတ်ပြန်ခဲ့သည်။ တွေ့ ဆုံဆွေးနွေးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၀မ်းမြောက်ဝမ်းသာကြိုဆိုရမည့် ခြေလှမ်းပင်ဖြစ် သည်။ KIO/KIA နှင့် တိုက်ပွဲများရပ်ကာ အပစ်အခတ်ရပ်နေဆဲကာလတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ ကပါ တစ်ဖက်သတ် အပစ်ရပ်လိုက်သည့်အလျောက် မြောက်ပိုင်းတစ်ခွင်သေနတ်သံ၊ အမြောက်သံ များ ဆိတ်သုန်း၍ ဒေသခံပြည်သူများ နေရပ်ရင်းဆီ ပြန်အခြေချနိုင်ဖို့ အလားအလာကောင်းများ ထင်ရှားလာဖွယ်ရှိသည်ဟု သုံးသပ်နိုင်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် စစ်ရှိန်လျော့ချလာနိုင်ပြီး၊ ပြည်ထောင်စုလမ်းမကြီးနှင့် နယ်စပ်ကုန်သွယ်ရေးသည် ပိုနေမြဲကျားနေမြဲ ပြန်ဖြစ်လာနေပြီဟု ကောက်ချက်ပြုနိုင်သည်။ အပစ် အခတ် ရပ်စဲကာလတွင် နှစ်ဖက် အလုပ်ပိုလုပ်ကြရမည်ဖြစ်ပြီး၊ အမှားအယွင်း၊ အလွဲအချော်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်၊ သုံးသပ်၍ ပြုပြင်ရမည် ဖြစ်သည်။ တပ်မတော်နှင့် မြောက်ပိုင်းမဟာ မိတ်အကြား ယုံကြည်မှုပိုမိုတည်ဆောက်လာနိုင်ရေး မဖြစ်မနေ ဦးတည်ရမည် ဖြစ်သည်။ အပြန်အ လှန် ယုံကြည်မှုမြင့်တက်လာမှသာ တွေ့ဆုံဆွေးနွေးရေးက ထိရောက်အလုပ်ဖြစ်မည်ဖြစ်သည်။ အပစ် အခတ်ရပ်စဲရေး အနာအဆာကင်းဖို့ဆိုလျှင် တပ်မတော်ရော၊ မြောက်ပိုင်းလေးဖွဲ့ပါ ၀ိုင်းနိုင်၊ ၀န်းနိုင်၊ ထိန်းသိမ်းနိုင်ဖို့ မလွဲမသွေလိုအပ်မည်ဖြစ်သည်။ အပစ်ရပ်ထားလင့်ကစား အချိန်အခါမရွေး ပြန်ပစ်နိုင်၊ ခတ်နိုင်သည်ကို ဆင်ခြင်၍ အရေးပေါ်လုပ်ထုံးလုပ်နည်းများနှင့်အတူ စောင့်ကြည့်ထိန်းကျောင်းနိုင်ရေး ရည်မှန်းချက်ထားသင့်သည်။ ပစ်သံခတ်သံများပြန်ဆူ ညံလာမည်ဆိုလျှင် မည်သို့မည်ပုံ ချဉ်းကပ် အဖြေရှာမည်နှင့်စပ်လျဉ်း၍ ကြိုတင်ဇာတ်တိုက်၊ လေ့ကျင့်ထားနိုင်လေကောင်း လေပင်ဖြစ်သည်။ သို့မှသာ အပစ်အခတ်ရပ်စဲရေးသည် ရေရှည်အမြင်ရှိရှိ အသက်ဝင်၊ ရုပ်လုံးပေါ်လာမည်ဖြစ်ပြီး၊ သားစဉ် မြေးဆက် လက်ဆင့်ကမ်း ထိန်းကျောင်းရမည့်အခင်းအကျင်းကြီးပင်ဖြစ်သည်။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အနေဖြင့် နှစ်ဖက်သဘောတူညီချက် လက်မှတ်ရေးထိုး သည်ဖြစ်စေ၊ မထိုးနိုင်သေးသည်ဖြစ်စေ၊ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေစာချုပ်) ကို လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးနိုင် သေးသည်ဖြစ်စေ အပစ်အခတ်ရပ်စဲရေးကို ဆွဲဆန့်နိုင်သရွေ့ဆွဲဆန့်ရမည်ဖြစ်သည်။မည်သို့ပင်ဖြစ်စေ အပစ်အခတ်ရပ်စဲရေးကို တစ်နည်းနည်းဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ရေး ထိန်းကျောင်းကြ၊ ညှိနှိုင်းကြ ရမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။ အပစ်ရပ်နောက်ခံအခင်းအကျင်းတွင် မျက်နှာစုံ ညီတွေ့ ဆုံဆွေးနွေးပွဲများ ဆောလျင်စွာ ဖော်ဆောင်နိုင်ရေး တိုက်တွန်းကြရမည်ဖြစ်သည်။ အမြော်အမြင်ရှိရှိ နိုင်ငံရေးဆွေး နွေးပွဲသည် အပစ်အခတ်ရပ်စဲရေး နှင့် ယုံကြည်မှုတည်ဆောက်ရေးအတွက် နိုင်ငံရေး ဗီတာမင်ပင်ဖြစ်သည်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြပြီဆိုလျှင် ရှဥ့်လည်းလျှောက်သာပျားလည်းစွဲသာ၊ သူမနာကိုယ် မနာ၊ အားလုံးပါဝင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လုံခြုံရေးကဏ္ဍဆိုင်ရာ စိန်ခေါ်ချက်များ စသည့်စသည့်ရေးရာကိစ္စများသည် ရှေ့တန်းရောက်လာမည် မှာ ဧကန်မုချဖြစ်သည်။ ထိုထိုစိန်ခေါ်မှုကြီးများနှင့် နဖူးတွေ့ ဒူးတွေ့တွေ့ရမည့် ဆွေးနွေးပွဲများကို ရေရှည်အမြင်ရှိရှိ ချဉ်းကပ်နိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။ နှစ်ဖက်ညှိနှိုင်း၍ သင့်တော်သည့် အချိန်ဇယား သတ်မှတ်နိုင်ဖို့ ဆန်းစစ်သင့်သည်။ မတင်းလွန်းမလျော့လွန်းရန်အရေးကြီးသကဲ့သို့ စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးနိုင်ရန်လည်း သော့ချက်ကျမည်ဖြစ်သည်။ အလုပ်သဘောထက် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု များမှတစ်ဆင့် ယုံကြည်မှုနှင့်နားလည်မှုကို ထူထောင်နိုင်ဖို့ စဉ်းစားသင့်သည်။ ကြားဝင်စေ့စပ်ညှိနှိုင်းသူ စစ်စစ်များ၏ အခန်း ကဏ္ဍကိုလည်း ချဲ့ထွင်ပေးနိုင်ဖို့ အားထုတ်သင့်သည်။

တွေ့ဆုံဆွေးနွေးမှုသည် အသွင်သဏ္ဍာန်အားဖြင့် အထက်မှအောက်ပုံစံဖြစ်နိုင်ရေး ရှေးရှုသင့်သည်။ လွတ်လပ်ပြီး ခေတ်မြန်မာနိုင်ငံသမိုင်းတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးဦးတည်လျက် အကြီးအကဲ များ၊ ခေါင်းဆောင်များအကြား ထိပ်သီးအစည်းအဝေးပုံစံကျင်းပခဲ့သည်မှာ မတွေ့ရသလောက်ပင်ဖြစ် သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာသည် ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်၊ သဘောတူညီချက်များရယူနိုင်မှသာ လမ်းမှန်ပေါ်ရောက်နိုင်ဖွယ်ရှိသည်။ ခေါင်းဆောင် များအကြား ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက်များရယူနိုင်ခြင်းမရှိလျှင် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ကြီး လမ်းပျောက်သွားနိုင်သည်အထိ စိုးရိမ်ပူပန်စရာပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အစကောင်းမှအနှောင်းသေချာမည်ဖြစ်သည်။ အခြေခံအုတ်မြစ်ကောင်းမှသာ အစကောင်း မည်ဖြစ်သည်။ အပစ်အခတ်ရပ်စဲ၍ ယုံကြည်မှုတည်ဆောက်နိုင်မှသာ အုတ်မြစ်လည်း ကောင်း၊ အစလည်းကောင်းမည်ဖြစ် သည်။ အပစ်အခတ်ရပ်စဲရေးနောက်ခံတွင် နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲလမ်းကြောင်းမှ သွေဖြီမသွားရန် တည့်မတ်ထိန်း ကျောင်းကြရမည်ဖြစ်သည်။ နိုင်ငံရေး စားပွဲဝိုင်းဆွေးနွေးပွဲများ အောင်မြင်အထမြောက်ဖို့၊ ထိရောက်တွင်ကျယ်ဖို့ ပြိုင်တူ တွန်းကြရမည်ဖြစ် သည်။ ပြည်တွင်းငြိမ်းချမ်းရေးသည် တိုက်ယူ၊ တောင်းယူရမည့်ကိစ္စရပ်မဟုတ်ပေ။ စားပွဲဝိုင်းတွင် ၀ိုင်းဖွဲ့ ထိုင်၍ ခေါင်းဆောင်များအကြား အလွတ်သဘော၊ အလုပ်သဘော ဆွေးနွေး၊ အမြင်ဖလှယ်၊ ငြင်းခုံပြီး ဘုံသဘောတူညီ ချက်များရရှိနိုင်ရေး၊ ဘုံလုပ်ငန်းစဉ်များချမှတ်နိုင်ရေး၊ ဘုံလမ်းပြမြေပုံ တစ်ရပ် ရေးဆွဲနိုင်ရေး စသည်တို့အကျူံးဝင်သည့် ဘုံလမ်းကြောင်းကြီးတစ်ခုကို ပြိုင်တူတွန်း ဖော်ဆောင်နိုင်ရေး မျက်မှောက်ပြုသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ဒေါက်တာရန်မျိုးသိမ်း

 

   Read more

ပင်လုံအိမ်မက်

နှစ်ပေါင်း ၇၂နှစ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရတဲ့ ကာလဖြစ်ပါ တယ်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ရက်မှာ လုပ်ကြံခံခဲ့ရတာ အားလုံးအသိပါ။ အခုဆို ၇၂ နှစ်ပြည့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ နှစ်လဖြစ်တဲ့ဇူလိုင် ၁၉ရက်က ပြည့်ခဲ့တာပါ။

အဲဒီ ၁၉၄၇ခုနှစ်၊ ဇူလိုင်လမတိုင်မီ ရှေ့ငါးလ၊ ခြောက်လကိုပြန်ကြည့်မယ်ဆိုရင်တွေ့ရမှာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် တောင်တန်းဒေသဆီ ခရီးပြင်းနှင် နေချိန်ဖြစ်ပါ တယ်။ တောင်တန်းနဲ့ မြေပြန့်သွေးခွဲအုပ်ချုပ်ဖို့ကြံစည်တဲ့ နယ်ချဲ့အင်္ဂလိပ်ရဲ့ အကြံအစည်ကို ဟန့်တားဖို့တောင် တန်းဒေသက တိုင်းရင်းသားတွေနဲ့ သဘောတူညီချက်ရရှိရေး ကြိုးပမ်းနေချိန် ဖြစ်ပါတယ်။

အဲဒီမှာ ရည်မှန်းချက်အောင်မြင်ခဲ့ပါတယ်။ တောင်တန်းနဲ့ မြေပြန့်ကြား သဘောတူညီချက်တွေ ရရှိခဲ့တဲ့အ တွက်ပါ။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်း ဆောင် ၂၂ဦးတို့ အဲဒီသဘောတူညီချက်တွေ အပေါ် စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပါ တယ်။ ပင်လုံစာချုပ်ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့က လက်မှတ် ရေးထိုးခဲ့တာဆိုတော့ လာမယ့်ဖေဖော်ဝါရီ ဆိုရင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ ၇၃နှစ် တင်းတင်းပြည့်မှာ ဖြစ်ပါတယ်။

အဲဒီနေ့ဟာ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးအတွက် သမိုင်းမှတ်တမ်းဝင်ခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တောင်တန်းနဲ့ မြေပြန့်ခွဲခြားဆက်ဆံအုပ်ချုပ်မယ့် နယ်ချဲ့အင်္ဂလိပ်ရဲ့ အကြံအစည်ကို ဟန့်တား အဆုံးသတ်နိုင်ခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။ အဲဒီနေ့ကိုပဲ ပြည်ထောင်စုနေ့ရယ်လို့ သတ်မှတ်ခဲ့ကြပြီး နှစ်စဉ်အထိမ်း အမှတ်ပွဲတော်တွေ စီရင်ကျင်းပခဲ့ကြတာ ဒီကနေ့ ကာလအထိဖြစ်ပါတယ်။ အခမ်းအနားကို တိုးတိုးတစ်မျိုး၊ ကျယ် ကျယ်တစ်ဖုံ အစဉ်အလာမပျက် စီရင်ကျင်းပခဲ့ကြပါတယ်။ ကုန်ကုန်ပြောရရင် စစ်အာဏာရှင်လက် အောက်မှာ တောင် ကျင်းပခဲ့ကြပါသေးတယ်။

တကယ်တမ်း အကောင်အထည်ပေါ်မလာ၊ တည်ရှိမလာတာကတော့ ပင်လုံစာချုပ်ထဲက သဘောတူညီ ချက်တို့ ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ပင်လုံကတိက၀တ်များ မတည်ခဲ့ခြင်းဖြစ်ပါတယ်။ ပင်လုံ သဘော တူညီချက် လက်မှတ်ရေးထိုးပြီး ငါးလစွန်းစွန်းအကြာမှာပဲ အထက်မှာဆိုခဲ့ သလို ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံ လိုက်ရပါတယ်။ ဒီလိုဗိုလ်ချုပ်တို့ လုပ်ကြံခံလိုက်ရခြင်းက ပင်လုံကတိက၀တ်တွေ၊ ပင်လုံ သဘောတူညီ ချက်တွေအပေါ်လည်း သက်ရောက်သွားစေခဲ့ပါတယ်။ ဗိုလ်ချုပ်နဲ့အတူ ပင်လုံသဘောတူညီချက်တွေပါ လုပ်ကြံ စတေးခံလိုက်ရခြင်းလို့ ဆိုနိုင်ပါတယ်။ ကျန်ရစ်သူတို့က ဒီကတိက၀တ်အပေါ်၊ ဒီသဘောတူညီမှုတို့အပေါ် အလေး ထားခဲ့ ခြင်းမရှိတာကြောင့်လည်း အဓိကဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံလိုက်ရပြီးနောက် တိုင်းပြည်ဟာ ကစဥ့်ကလျား အခြေအနေတစ်ရပ်ထဲ စတင် ချဉ်းနင်းဝင်ရောက်သွားခဲ့ပါတယ်။ အဲဒီကစဥ့်ကလျား အခြေအနေဟာ စစ်အစိုးရအဆက်ဆက် ကာလ ဖြစ်တဲ့ ဗိုလ်ချုပ်နေ၀င်းခေတ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်တို့ဟာ အမိုက် မှောင်ဆုံးကာလများဖြစ်ပြီး နှစ်ပေါင်း ၆၀ နီးပါးကြာကို ဖြတ်သန်းစီးဆင်းခဲ့ရပါတယ်။ အဲဒီကာလတွေဟာ တိုင်းပြည်မှာ ငြိမ်းချမ်းခြင်းတို့လည်း ဆိတ် သုဉ်းနေခဲ့တဲ့ကာလများ ဖြစ်ပါတယ်။

ထိုမှတစ်ဖန် ၂၀၁၀ပြည့်နှစ်က စတင်လာတဲ့ ဦးသိန်းစိန်အစိုးရခေတ်မှာတော့ ဒီမိုကရေစီစနစ်၊ ဒီမိုက ရေစီဝါဒဆိုတဲ့ အသံတွေ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ခရီးလမ်းကို ပြန်လည် လျှောက်လှမ်းလာခဲ့ပါတယ်။ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလက စတင်ပြီး အပစ်အခတ်ရပ်စဲရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ခြေလှမ်းကို စတင်ပါတယ်။ ဦးသိန်းစိန်းအစိုးရ ရဲ့ ငြိမ်းချမ်းရေးခရီး လေးနှစ်တာကာလ အရောက်မှာတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ရှစ်ဖွဲ့ NCA လက်မှတ်ရေးထိုးနိုင်ခဲ့သလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရသက်တမ်း ငါးနှစ် ကုန်ဆုံးသွားခဲ့ပြီးနောက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကနေ ဒီချုပ် အစိုးရတက်လာပါတယ်။ ဦးသိန်းစိန်အစိုးရစတင်ခဲ့တဲ့ ငြိမ်းချမ်းရေးခရီးကို ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ ဒီချုပ်အစိုးရကအစိုးရဖွဲ့ပြီး ငါးလအကြာမှာ (၂၁)ရာစုပင်လုံဆိုတဲ့ အမည်နဲ့ ပြန်လည်ခရီးဆက်ခဲ့ပါ တယ်။

အဲဒီ(၂၁)ရာစုပင်လုံ ပထမအစည်း အဝေးမှာ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အပြင် “၀”အဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့လည်း တက်ရောက်ခဲ့ကြပြီး သမိုင်းတစ်လျှောက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းများနဲ့ နိုင်ငံရေးအင်အားစုများ အစုံလင်ဆုံးတက်ရောက်ခဲ့တဲ့အခမ်းအနားအဖြစ်လည်း သမိုင်းမှတ်တမ်း ၀င်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးကို ၂၀၁၆ခုနှစ်၊ သြဂုတ် ၃၁ရက်ကနေ စက်တင်ဘာ ၃ရက် အထိ လေးရက်ကြာ ကျင်းပခဲ့တာဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့ခုနစ်ဖွဲ့က လူပုဂ်္ဂိုလ် ၇၅၀တက် ရောက်ခဲ့ကြကြောင်း မှတ်တမ်းတင်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ညီလာခံကျင်းပရေး ပူးတွဲကော်မတီဝင် ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းပြောခဲ့တဲ့ စကားက အတော်လေးကိုတာသွားခဲ့ပါတယ်။ “၁၀မိနစ် စကားပြောဖို့အတွက် နှစ်ပေါင်း ၆၀ စောင့်ရတယ်”ဆိုတဲ့ စကားပါ။ အဲဒီအစည်းအဝေးမှာ အစုအဖွဲ့အသီးသီးမှတက်ရောက် သူ ၇၂ဦးက သက်ဆိုင်ရာအဖွဲ့အစည်း အသီး သီးရဲ့ သဘောထားအမြင်တွေကို ၁၀ မိနစ်စီ စာတမ်းဖတ်ကြားခဲ့ရမှုအပေါ်အခြေတည်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အစိုးရဖွဲ့ပြီးပြီးချင်း မကြာမတင်တဲ့ ကာလအတွင်းမှာပဲ ငြိမ်းချမ်းရေးခရီး (၂၁) ရာစုပင်လုံကို တက်သုတ် ရိုက်ကျင်းပရခြင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က “ရှိတဲ့အချိန်ကို လုပြီးလုပ်ရတာဖြစ်ကြောင်း၊ ပြည်သူလူထုထောက်ခံမှုမရရှိရင် မည်သည့်အဖွဲ့အစည်းဖြစ်ဖြစ်၊ မည်သည့် ကိစ်္စဖြစ်ဖြစ် အောင်မြင်အောင်လုပ်နိုင်မှာ မဟုတ် ကြောင်း၊ ပြည်သူလူထုရဲ့ ယုံကြည်မှု၊ ထောက်ခံမှု၊ လေးစားမှုရဖို့ ညီလာခံကိုဖြစ် မြောက်အောင် အားလုံးဝိုင်းဝန်းကြိုးစားဖို့လိုကြောင်း” ညီလာခံပိတ်ပွဲနေ့ ကျေးဇူးတင် စကားမှာ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

အဲဒီအစည်းအဝေးမှာပဲ ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းပြောရာမှာ “ဗမာမဟုတ်တဲ့ ကျွန်တော်တို့ တိုင်းရင်းသားတစ်တွေ လက်နက်စွဲကိုင်ပြီး တော်လှန်မှုတွေ ပြုလုပ်နေကြတာဟာ ဘာကြောင့်လဲလို့ မေးချင်ကြပါ လိမ့်မယ်။ ကျွန်တော်တို့ဟာ ပင်လုံမှာ ပြုခဲ့ကြတဲ့ကတိ၊ ချုပ်ခဲ့ကြတဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို ပြီး ပြည့်စုံအောင် အကောင်အထည်မဖော်ခဲ့ကြလို့ ကျွန်တော်တို့ လိုလားတောင့်တတဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပဲဆိုတာကို ပြော လိုပါ တယ်”လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက်္ခတို့ ကြီးစိုးရာဒေသ၊ မငြိမ်းချမ်းရာဒေသတွေမှာရှိနေတဲ့ တိုင်းရင်းသားတွေထံမှာ ဗိုလ်ချုပ်ပေးခဲ့တဲ့ ပင်လုံအိပ်မက်တွေလည်း ကိုယ်စီရှိကြတယ်ဆိုတာကို ဗိုလ်ချုပ်ကြီးအင်ဘန်လက စကားလုံး တွေနဲ့ ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအစည်းအဝေးကိုတော့ ပထမအစည်းအဝေးအပြီး တစ်နှစ်နီးပါးအကြာ ၂၀၁၇ခုနှစ် မေလမှသာ ပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်။ အစည်းအဝေးကို မေလ ၂၄ ရက်ကနေ ၂၉ရက်အထိ ခြောက်ရက်တာ ကျင်းပခဲ့ တာဖြစ်ပြီး အဲဒီဒုတိယအစည်း အဝေးမှာတော့ NCA လက်မှတ်ရေးထိုး မယ်လို့အသံတွေထွက်ပေါ်နေခဲ့တဲ့ မွန်၊ ကရင်နီ၊ လားဟူအမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင်အမျိုးသားကောင်စီတို့ကို အထူးဖိတ်ကြားသူအနေနဲ့ တက်ရောက်ဖို့ ဖိတ်ခဲ့ပေမယ့် တက်ရောက်မလာခဲ့ကြပါ ဘူး။ ဒီအဖွဲ့ငါးဖွဲ့ဟာ အစောပိုင်းကာလများ မှာ NCA လက်မှတ်ရေးထိုးကြမယ်လို့ အသံတွေထွက်နေခဲ့တဲ့ အဖွဲ့တွေဖြစ်ခဲ့ပြီး အခုလိုတက်ရောက်မလာခဲ့ခြင်းက အစိုးရ သစ်ရဲ့ ငြိမ်းချမ်းရေးခရီးလမ်းအပေါ် မေး ခွန်းထုတ်စရာတွေ ဖြစ်စေခဲ့ပါတယ်။

အဲဒီဒုတိယအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းက တော့ သမိုင်းမှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ (၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးက အတည်ပြု သဘောတူခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒ အဆိုပြုချက် ၁၂ချက်၊ စီးပွားရေးဆိုင်ရာ မူဝါဒ ၁၁ချက်၊ လူမှုရေးဆိုင်ရာ မူဝါဒ လေးချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ ၁၀ချက်စုစုပေါင်း ၃၇ ချက်တို့ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ် အပိုင်း(၁)အဖြစ် သတ်မှတ်ချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Myanmar State Counselor Aung San Suu Kyi gives a speech at opening ceremony of 21st Century Panglong conference in Naypyitaw, Myanmar May 24, 2017. REUTERS/Soe Zeya Tun – RTX37C5N

(၂၁)ရာစုပင်လုံ တတိယအစည်း အဝေးကိုတော့ ၂၀၁၈ခုနှစ်၊ ဇူလိုင် ၁၁ရက် မှာ ကျင်းပခဲ့ပါတယ်။ ဒီမှာလည်း ဒုတိယ အစည်းအဝေးနဲ့ကြားကာလ တစ်နှစ်ကျော် ကွာဟခဲ့ပါတယ်။ ဒီအစည်းအဝေးကျင်းပဖို့ကို လေးကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရတာပါ။ အစည်းအဝေး တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ခြောက်လသာခြားပြီး တစ်နှစ် နှစ်ကြိမ်ကျင်းပဖို့ လျာထားချက်အတိုင်း ၂၀၁၇ခုနှစ် ဒီဇင်ဘာမှာ အခုတတိယအစည်းအဝေးကို ကျင်းပဖို့စီစဉ်ခဲ့ပေ မယ့်မကျင်းပနိုင်ခဲ့ပါဘူး။ အဲဒီကနေ ၂၀၁၈ ဇန်န၀ါရီ၊ ဧပြီ သို့မဟုတ် မေ၊ ဇွန်စသဖြင့် အကြိမ်ကြိမ် ရွှေ့ဆိုင်း ခဲ့ရပါတယ်။

ဇူလိုင် ၁၁ရက်ကနေ ၁၆ ရက်အထိ ခြောက်ရက်ကြာကျင်းပခဲ့တဲ့ ဒီတတိယ အစည်းအဝေးမှာတော့ နိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ကဏ္ဍလေးရပ်အတွက် သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် ချုပ်ဆိုနိုင်ခဲ့ ပါတယ်။

ဒီအစည်းအဝေးကနေ ၂၀၁၈ခုနှစ် အတွင်း ညီလာခံတစ်ကြိမ်၊ ၂၀၁၉ခုနှစ် အတွင်း ညီလာခံနှစ်ကြိမ်၊ ၂၀၂၀အတွင်း မှာ လိုအပ်သလိုကျင်းပသွားဖို့ကိုလည်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။ သို့သော် အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဒီထုတ်ပြန် ကြေညာချက်ဟာ အသက်မ၀င်ခဲ့ပါဘူး။ အစည်းအဝေးကို ၂၀၁၈ ခုနှစ်ထဲမှာလည်း နောက်တစ်ကြိမ် မကျင်းပနိုင်ခဲ့သလို ၂၀၁၉ခုနှစ်ထဲမှာ နှစ်ကြိမ်ကျင်းပမယ်လို့သတ်မှတ်ပေမယ့် အခု နှစ်ကုန်ပိုင်း ရောက် လာတဲ့အထိ တစ်ကြိမ်မှမကျင်းပနိုင်ခဲ့ပါဘူး။

ဒီအစည်းအဝေးကိုအချိန်လုပြီးလုပ်ခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပထမအစည်းအဝေး ကာလမှာ ပြောဆိုချက် ရှိခဲ့ပါတယ်။ အခုတော့ တစ်နှစ် နှစ်ကြိမ် ကျင်းပသွားမယ်လို့ လျာထားခဲ့တဲ့ (၂၁)ရာစု ပင်လုံ အစည်းအဝေးများဟာ တစ်နှစ်မှာ တစ်ကြိမ်သာ အနိုင်နိုင်ကျင်းပလာခဲ့ရတာဟာ ရှိတဲ့အချိန်တွေအပေါ် ထိထိရောက်ရောက်အသုံးမချခဲ့နိုင်ဘူးဆိုတာကိုပြဆိုနေသလို (၂၁)ရာစုပင်လုံအပေါ် အဦးအစတုန်းက ထားရှိ ခဲ့ကြတဲ့ တိုင်းရင်းသားတို့ရဲ့ ယုံကြည်မှု၊ အားကိုးအားထားပြုမှုတို့ကို လည်း ယုတ်လျော့သွားစေမှာ မလွဲဧကန် ဖြစ်ပါတယ်။

ဒီချုပ်အစိုးရလက်ထက် (၂၁)ရာစု ပင်လုံအမည်နဲ့ ကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ခရီးဟာ အခုဆိုရင် လေးနှစ်သား သက်တမ်းထဲရောက်ရှိလာပါပြီ။ ဆိုခဲ့သလိုပဲ ဒီကာလထဲမှာ (၂၁)ရာစုပင်လုံအစည်းအဝေး သုံးကြိမ်သာကျင်းပနိုင်ခဲ့ပြီး စတုတ္ထအကြိမ်ကျင်းပနိုင်ရေးမှာလည်း မသေချာ၊ မရေရာသေးတဲ့ အခြေအနေ တစ်ရပ်မှာပဲ တည်ရှိနေပါတယ်။ နောက်ထပ်ကြားသိရတဲ့ သတင်းစကားများအရတော့ စတုတ္ထ အစည်းအဝေးကို ၂၀၂၀နှစ်ဆန်းမှသာ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေတယ် (ကြိုးပမ်းနေတယ်)ဆိုတဲ့ သတင်းစကားပဲဖြစ်ပါတယ်။

၂၀၂၀ နှစ်ကုန်ပိုင်းမှာ အထွေထွေရွေး ကောက်ပွဲက လာပါဦးမယ်။ ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲအလွန်မှာ ဘာတွေဆက် ဖြစ်လာမလဲ၊ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲအလွန်မှာ (၂၁)ရာစုပင်လုံဆိုတာ ရှိနေဦးမလား။ နှစ် ၇၀ကျော်ကြာမက်ခဲ့ရတဲ့ (၂၀)ရာစုပင်လုံ ကတိက၀တ်တွေကရော နေမြဲအတိုင်းပဲ မတည်တံ့တဲ့ ကတိက၀တ် များအဖြစ်သာ ဆက်ရှိနေသွားမလား၊ (၂၁)ရာစုပင်လုံကရော (၂၀)ရာစုပင်လုံလို နောက်ထပ်မတည်တဲ့ ကတိ က၀တ်တွေနဲ့တည်ရှိမယ့်အိပ်မက်ရှည်ကြီးအဖြစ် ဆက်မက်သွားစေမှာလားဆိုတဲ့ အတွေးပေါင်းများစွာနဲ့ ခရီး ဆက်နေကြရကြောင်းပါ။

ဂျေငြိမ်း  Read more