NLD အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ဆောင်မှုသည် အောင်မှတ်မရခဲ့

ရခိုင်ကိစ္စဖြစ်သော မွတ်ဆလင်အရေးအခင်းအား စုံစမ်းစစ်ဆေးရာတွင် ရခိုင်အမတ်များကိုဥပေက္ခာပြုပြီး အာဏာရပါတီ၏ သဘောထား သီးသန့်ဖြင့် ကိုဖီအာနန်တို့ကို ခေါ်ယူခဲ့ခြင်း စသော ကိစ္စရပ်များကြောင့်လည်း

နှစ်ပေါင်း ၆၀ကျော် တိုက်လာသော မြန်မာ့နိုင်ငံရေး ပြည်တွင်းစစ်ကို ရပ်တန့်ရမယ်။ မိမိတို့ အစိုးရလက်ထက်တွင် ငြိမ်းချမ်း ရေးကို ဦးစားပေးဆောင်ရွက်မယ်ဆိုပြီး ကြွေးကြော်လာခဲ့သော လက်ရှိအစိုးရသည် ယခုသူတို့၏ အစိုးရသက်တမ်းကုန်ခါနီးအချိန်ထိ ပီပြင်သောငြိမ်းချမ်းရေး လုပ် ငန်းစဉ်တစ်ရပ်ကိုဖော် ဆောင်နိုင်ခြင်း မရှိပေ။

ထို့အတူ တိုင်းရင်းသားတို့နှင့်ရင်ကြားစေ့ရေးကိစ္စမှာလည်း တံတားနာမည်များကို ဗိုလ်ချုပ် အောင်ဆန်းနာမည်ပေးဖို့ ကြိုးပမ်းလိုက်၊ တိုင်းရင်းသားဒေသမှ အများဆိုင်ရာ မြေကွက်လပ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ထုဖို့ကြိုးပမ်းလိုက်၊ လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ပဲပြုတ်နဲ့ နံပြားစားသောက်လိုက်နှင့် အပရိက ကိစ္စများတွင်သာ တဝဲလည် လည်ရှိနေခဲ့ပြီး မူဝါဒခိုင်မာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို မချမှတ် နိုင်ခဲ့ပေ။

တောက်မည့်မီးခဲတရဲရဲ ဖြစ်နေသော ရခိုင်တို့၏ မွတ်ဆလင်-ရခိုင်အရေးအခင်း ဖြစ်ပွားခဲ့သော ၂၀၁၂ကာလက စိတ်ပိုင်း ဆိုင်ရာ မကျေနပ်မှုများ၊ အစွန့်ပယ်ခံရခြင်းတို့သည်လည်း အမျိုးသား ရေးလှိုင်းတံပိုးအဖြစ် ပြင်းထန်လာပြီး လက်နက် ကိုင်တော်လှန်မှု၊ ပုန်ကန်ခြားနားမှုဘက်ကိုသာ အားသန်ခဲ့သည်ကို တွေ့ရသည်။ ပြည်နယ်တွင် မဲအများဆုံးနိုင်ထားပြီး ရခိုင့်လွှတ်တော်ကို ထိန်း ချုပ်နိုင်လောက်သော ရွေးကောက်ခံ ကိုယ်စားလှယ်များကို ပိုင်ဆိုင်သော ရခိုင်အမျိုးသားပါတီ အား ပြည်နယ်ဝန်ကြီးချုပ်နေရာ ကိုမပေးခဲ့မှု၊ ရခိုင်ကိစ္စဖြစ်သော မွတ်ဆလင် အရေးအခင်းအား စုံစမ်းစစ်ဆေး ရာတွင် ရခိုင်အမတ်များကိုဥပေက္ခာပြုပြီး အာဏာရပါတီ၏ သဘောထား သီးသန့်ဖြင့် ကိုဖီအာနန်တို့ကို ခေါ်ယူခဲ့ခြင်း စသော ကိစ္စရပ်များကြောင့်လည်း ရခိုင်တို့၏ နိုင်ငံရေးလုပ်ပိုင်ခွင့်ဘောင်ကို ကျဉ်းစေခဲ့သည်။ ရခိုင်အမျိုးသားပါတီ၏ ခေါင်းဆောင်လည်း ဖြစ်ခဲ့ပြီး ရခိုင်တစ်မျိုးသားလုံးနီးပါး အားပေးထောက်ခံမှုကိုရထားသော အမျိုးသားခေါင်းဆောင် ဒေါက်တာအေးမောင်ကို နိုင်ငံတော် ပုန်ကန်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှု စသောစသော လုပ်ဆောင်ချက်များက ရခိုင်လူငယ်များအား နိုင်ငံရေးထက် စစ်ရေးကို ထွက်ပေါက်အဖြစ် ရွေးချယ်စေခဲ့သည့် လုပ်ရပ်များဟု ယူဆရဖွယ်ရှိပါသည်။ ယခုဆိုလျှင် ရခိုင်ပြည်သူတို့သည် မဲပေးသည့် ကိစ္စထက် သေနတ်သံများကိုသာ စိတ်ဝင်စားကြပြီး။ ဒီနေ့ဘယ်မှာ တိုက်ပွဲဖြစ်တယ်။ ဘယ်နေ့ကပွဲမှာတော့ ငါတို့ဘက်က နိုင်,မနိုင်ဆိုသော ကိစ္စကိုသာ စိတ်ဝင်စားနေတော့သည်။ သို့ဆိုလျှင် NLDအစိုးရမျှော်မှန်းခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ် ဘယ်အထိ တာသွားခဲ့သလဲ ဆိုသည်ကို ချင့်တွက်နိုင်ပါလိမ့်မည်။

နောက်တစ်ခုက နှစ်ကာလများစွာ စက်ရုံအလုပ်ရုံမရှိခြင်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့တွင် အဘက်ဘက်က ယိုယွင်း လျက်ရှိသော ကိစ်္စရပ်များကိုလည်းလုံလောက်စွာ ဖြည့်ဆည်းမပေးဘဲ ပြည်နယ်ဘတ်ဂျက် နည်းပါးနေမှုတို့ သည်လည်း ရခိုင်ပြည်သူတို့အတွက် အစိုးရအပေါ် အယုံ အကြည်ကင်းမဲ့မှုကို ဖြစ်စေပါသည်။ နိုင်ငံရေးစနစ်တစ်ခုသည် ဥုံဖွဆိုလိုက်ရုံနှင့် စနစ်ဟောင်းက လုပ်ဆောင်ချက်များအားလုံး ပယ်ပျောက်သွားလိမ့်မည်ဟု မယူဆနိုင်ကောင်း သော်လည်း NLD အစိုးရ လက်ထက်တွင် ရခိုင်တို့၏ ရပိုင်ခွင့်များကိုတစ်စုံတစ်ခုထိနား လည်မှုရှိစွာဖြင့် ဖြည့်စွမ်း ပေးနိုင်လိမ့်မည်ဟု ရခိုင့်နိုင်ငံရေးသမားများနှင့် ရခိုင်ပြည်သူတို့၊ လူမှုရေး တက်ကြွလှုပ်ရှားသူတို့ မျှော်လင့်ခဲ့ကြပါသည်။ ယင်းသို့သော မျှော်လင့်ချက်များကိုလည်း ၎င်းတို့ ပြောခဲ့သော အင်တာဗျူးတွင် တွေ့နိုင်ပါသေးသည်။

ယခုအစိုးရလက်ထက်၌ လွှတ်တော်တွင်းတွင် ရဲရဲတောက်အဆိုများကိုတင်သွင်းလေ့ရှိသော မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောဆိုလျှင် ယခုအစိုးရ လက်ထက် တွင် နိုင်ငံရေးကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်၍ ရနိုင်စရာရှိကြောင်းကို ၎င်း၏ အစောပိုင်း အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်ကို တွေ့ရပါသည်။

မည်သို့ပင်ဆိုစေ ယခုအချိန်တွင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ခြင်း, မအောင် မြင်ခြင်းကတော့ အထွေ အထူး ပြောစရာမလိုဘဲ ရခိုင်မြောက်ပိုင်း တစ်ခုတည်းတွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ဒုက္ခသည် တစ်သိန်းခွဲကျော်ရှိလာပြီး မြန်မာ့တပ်မတော်က ၎င်းတို့နှင့်တိုက်ပွဲဖြစ် နေသော ရက္ခိုင့်တပ်တော်(AA) ဘက်တော်သားများဟု ယူဆသူများ ကိုဖမ်းဆီးခြင်း တချို့ဂိတ် များတွင် မသင်္ကာဖွယ်တွေ့၍ ပစ်သတ်ခြင်းမျိုးကို လုပ်ဆောင်သည့်အတွက် သေဆုံးသူ ၁၀၀ ကျော်ရှိလာခဲ့ခြင်းတို့သည် အလွန်ဆိုးရွားသော ဖြစ်ရပ်များဖြစ်ပြီး လက်ရှိအစိုးရ၏ ကြွေးကြော် ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မေးခွန်းထုတ်လျက်ရှိသည်။

စစ်အာဏာရှင်စနစ်ကို တွန်းလှန်ပြီး ဒီမိုကရေစီစနစ်အဖြစ် ပြုပြင်ပြောင်းလဲလိုသော အစိုးရသစ် တစ်ရပ်အနေဖြင့် မေးခွန်း အထုတ်ခံရဆုံး ကိစ္စကတော့ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စတိုင်းတွင် နိုင်ငံရေးအကျဉ်းသားထောင်သားဦးရေ နည်းပါးနေခြင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ အစိုးရသည်နှစ် ပေါင်းများစွာ အတိုက်ခံဘဝနှင့် နေလာပြီး ၎င်းတို့ လက်ထက် တွင် ပြောင်းလဲရမည် ဆိုသောကြွေးကြော်သံဖြင့် ကြွေးကြော်ခဲ့သော်ငြားလည်း လက်ရှိတွင် လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်ရေးတွင်လည်းကောင်း၊ လွှတ်တော်ပြင်ပ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်းကောင်း အောင်မှတ်မရခဲ့သည်ကိုတွေ့ရသည်။ သို့ဆိုလျှင် ယင်းနှင့် ဆက်စပ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာက ကုန်သွယ်မှုစီးဆင်းမှုတို့သည်လည်း အလို အလျောက်ရပ်တန့်နေခဲ့သည့် အနေအထားတွင်ရှိသည်။

ဆိုရှယ်မီဒီယာပေါ်တွင် ဝေဖန်မှုများ မြင့်တက်နေသည့်ကိစ္စကတော့ ၂၀၂၀၊ ဧပြီ လ ၂၁ရက် ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစု ကြည်လက်မှတ်ထိုးပြီး ထုတ်ပြန်ထားသော နိုင်ငံတော်အတိုင် ပင်ခံရုံးက ထုတ်ပြန်ချက်ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်၏ နံပါတ်(၃)တွင် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အတွက် နိုင်ငံတစ်ဝန်းလုံးရှိ အစိုးရ၊ ပြည်သူ၊ စေတနာ့ ဝန်ထမ်းများက အလေးထားကြိုးပမ်းဆောင်ရွက် နေချိန်တွင့် ULA/AA အကြမ်းဖက် အုပ်စုက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အဖျက်၊ အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့် ၍ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား အရာရှိစစ်သည်များ အားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုအပ်ပါသည်ဟု ဖော်ပြထားသော အပိုဒ်ဖြစ်သည်။

တကယ်တမ်းကျလျှင် ကိုရိုနာဗိုင်းရစ် ကမ္ဘာမှာ ဟိုးလေးတကျော်ဖြစ်နေကတည်းက မြန်မာနိုင်ငံ တွင် အချိန်၃လတာခန့် ကောင်းစွာစီမံဖို့ အခွင့်အလမ်းရှိခဲ့ပါသည်။ သို့သော် တကယ်တမ်းရောဂါ တွေ့သည့် အချိန်ထိ စီမံခန့်ခွဲမှုများက နေသား မကျသေးသည်များကိုလည်း တွေ့ခဲ့ကြရသည်။ ယခုအချိန်ထိ ရခိုင်ပြည်မြောက်ပိုင်းက အင်တာနက် ၁၀လဝန်းကျင်ခန့် အပိတ်ခံထားရသော ပြည်သူများမှာ ယင်းရောဂါ ကိုကာကွယ်ရမည်ဆိုသော အသိထက် လေကြောင်း၊ ရေကြောင်း၊ မြေပြင်တို့မှ အချိန်မရွေးကျရောက်လာမည့် လက်နက်ကြီးများ၊ ဗုံးဆန်များကို ကြောက်နေကြရ သည်။

အဖျက်အမှောင့်လုပ်ရပ်များ၊ အမုန်းတရားများကို တားဆီးရန်အတွက် အင်တာနက်ဖြတ်တောက် ထားရသည်ဟု ဆိုသော် လည်း တကယ်တမ်းတွင်ဖေ့စ်ဘုတ်ပေါ်မှ အမုန်းတရားများဖြင့် ရေးသား ဖြန့်ဝေနေသည့် ပို့စ်များ၊ အကောင့်တုများလည်း ပျောက်ကွယ်မသွားသလို ရခိုင်ပြည်မြောက်ပိုင်း မှ တိုက်ပွဲသတင်းများ၊ တိုက်ပွဲတို့၏ နောက်ဆက်တွဲကပ်ပါလေ့ရှိသည့် လူ့ အခွင့်အရေးချိုး ဖောက်မှုများမှာ နေ့စဉ်ရက်ဆက်လို ဖြစ်နေဆဲ။

ယင်းသို့ဖြစ်နေသော အနေအထားတွင် ကြောက်၍ အားပေးသည်ဖြစ်စေ၊ အမျိုးသားရေးစိတ်ဖြင့် အားပေးသည်ဖြစ်စေ သူ့ဘာသာသူ့ပရိသတ်ဖြင့် ကမ္ဘာ့ မီဒီယာထိလည်း တစ်စုံတစ်ရာထိထိုး ဖောက်နေပြီဖြစ်သော အဖွဲ့တစ်ဖွဲ့အား တပ်မတော်၏ အာဘော်အတိုင်းအကြမ်းဖက်အဖွဲ့ဟု စွပ်စွဲပြီးရေးသား လိုက်ခြင်းသည် ငြိမ်းချမ်းရေးကိုလိုလားသော အစိုးရတစ်ရပ်၏ နောက်ဆက်တွဲ တိုင်းရင်းသားပြဿနာကို ဖြေရှင်းရာတွင် မှတ်တမ်းတစ်ခုပင် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးအတွက် အားကြိုးမာန် တက်လုပ်လိုသည်ဆိုလျှင် တိုင်းရင်းသားတို့၏ အသံကို နားထောင်ကြည့်ဖို့၊ ၎င်းတို့၏ နစ်နာချက်များကို ခံစားကြည့်ကြဖို့ အရေးကြီးပါသည်။ ကရင် ပညာတတ်စောဘဦးကြီးက ဘာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရသလဲ၊ ရခိုင်ပညာ တတ် ဦးစံကျော်ထွန်းတို့ ဘာကြောင့်လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ရသလဲ စသည့် တိုင်းရင်းသားတို့၏ ရပိုင်ခွင့်ပြဿနာနှင့် လွတ်လပ်ရေးဆိုသည်မှာ ငါတို့သာဆိုင်သည်ဟု လွတ်လပ်ရေးကို မောင်ပိုင်စီးပြီး ပြည်ထောင်စုကို အရှင်သခင်ခံ လိုသူတို့၏ ပြဿနာဖြစ်သည်။ တက်လာသမျှ အစိုးရတိုင်းသည်လည်း အနာကိုမခွဲပဲ အပြင်ပန်းကို ဆေးထည့်ပြီး အတွင်း နာပျောက်စေလိုသည့် ဆန္ဒဖြင့်သာ ငြိမ်းချမ်းရေးကိုဖော်ဆောင်နေခဲ့ကြသည်။ ယခု ဒီမိုကရေစီ အစိုးရလက်ထက်တွင်လည်း ယင်းနည်းတူပင်။ တိုင်းရင်းသားတို့၏ ပြဿနာအတွက် NLD အစိုးရ အာဏာမရခင်ကတည်းက ဘာတွေ ပြောခဲ့သလဲဆိုသည်ကို ယခုလို တွေ့မြင်နိုင်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ၁၉၉၀ ရွေးကောက်ပွဲ ကြေငြာစာတမ်းတွင် တိုင်းရင်းသားတို့နှင့်ပတ်သက်၍ “တိုင်းရင်းသားလူမျိုးများအားလုံး လက်တွဲ မဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲ ရေး၊ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည်ရှေးရှုမည်။ ပြည်ထောင်စု ဖွား တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေးတန်းတူရည်တူမူကို လက်ခံလျက် မည်သည့်လူမျိုး ကိုမျှ အထူးအခွင့် အရေးမပေးရေးနှင့် လူမျိုးနွယ်အားလုံး၏ ခံစားထိုက်ခံစားအပ်သော မည်သည့် အခွင့်အရေးကိုမျှ ချုပ်ချယ်ကန့်သတ်မှု မပြုရေးကို ဦးတည်ရှေးရှုမည်။ တိုင်းရင်းသား လူမျိုး အားလုံးသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍစသော နယ်ပယ်အသီးသီး၌ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ ဦးတည်ရှေးရှုမည်”ဟု တိုင်းရင်း သားတို့အတွက် ကတိ ကဝတ်ပြုပေးခဲ့ပါသည်။

၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်း တွင်လည်း လူမျိုးစုပေါ်လစီဆိုင်ရာများကို ယခုလိုဖော်ပြခဲ့ပါသည်။

၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အောက်ပါတို့ကို ဆောင်ရွက်မည်။

(၁)တိုင်းရင်းသားအားလုံး လက်တွဲ မဖြုတ်စတမ်း၊ သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တစ်ခုလုံး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ ခိုင်မြဲရေးအတွက် ဦးတည် ဆောင်ရွက်မည်။

(၂)ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းအမြစ်များကိုဖယ်ရှား၍ အာဃာတကင်းစင်ပြီး ပင်လုံစိတ်ဓာတ်ကို အခြေခံသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ပြည်သူ့ဘဝလုံခြုံ အေးချမ်းစေရမည်။

(၃)လွပ်လပ်ခြင်း၊ တူညီသောအခွင့် အရေးရရှိခြင်းနှင့် ကိုယ့်ကြမ်္မာကိုယ်ဖန်တီး ခွင့်ရှိခြင်းတို့နှင့် ပြည့်စုံသော၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေးကို ဦးတည် ဆောင်ရွက်မည်။

(၄)ပြည်ထောင်စုဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပွင့်လင်းမြင်သာသော စီမံချက်များ ချမှတ်ဆောင်ရွက်မည်။

(၅)သဘာဝအရင်းအမြစ်များ ထုတ်ယူရာမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ် ပြည်ထောင်စုမှုနှင့်အညီ ဒေသ အလိုက် မျှတစွာခွဲဝေခံစားခွင့် ရရှိစေရမည်။

(၆)တိုင်းရင်သားများသည် အချင်းချင်းကြား ဖြစ်ပေါ်သော ပြဿနာများကို အပြန်အလှန်လေးစားမှုဖြင့် စားပွဲဝိုင်းဖြေရှင်းနည်းဖြင့် ဖြေရှင်းမည်။

စသည့်ထုတ်ပြန်ချက်များကို ထုတ်ပြန် ခဲ့သည်ကိုတွေ့ရသည်။

တိုင်းရင်းသားတို့၏ အရေးအတွက် ယခုလောက်ထိ ထည့်တွက်စဉ်းစားခဲ့သော ကတိကဝတ်များ အတွက်လည်း တိုင်းရင်းသားတို့သည် စစ်အုပ်စုထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်တွင် ယုံကြည်သက်ဝင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရေး၏ လက်နက်ကိုင် လမ်းစဉ်သည် မျိုးဆက်ချီပြီး အမြစ်တွယ်လာသော ပြဿနာ ဖြစ်သည်။ ယင်းသို့ အမြစ် တွယ်မှုသည်လည်း ရပိုင်ခွင့်ပြဿနာဖြစ်သည်။ မြန်မာ့တပ်မတော်က မှလည်း ထုံးစံအတိုင်း တိုက်နေဆဲ ကာလမှာဆိုလျှင် အမျိုးမျိုးသား ကင်းပွန်းတပ်မှုများကိုပြု စမြဲ။ သို့သော် တကယ်တမ်းတိုက်ပွဲရပ်ပြီး ငြိမ်းချမ်းရေးယူလျှင်တော့ အဆိုပါ ကင်းပွန်းတပ်မှုများ လည်း အလိုအလျောက်ပျောက်သွားစမြဲ။

သို့ဆိုလျှင် သူတို့သည်လုံးဝပစ်ပယ်လိုက်ရမည့် အကြမ်းဖက်အုပ်စုများလား၊ ၎င်းတို့ ကိုယ်စားပြု သော ရခိုင်ဖြစ်စေ၊ ရှမ်း ဖြစ်စေ၊ ကရင်ဖြစ်စေ သက်ဆိုင်ရာလူမျိုးအားလုံးက လုံးဝမလိုလားတော့ ပြီလားဆိုလျှင် မျက်စိမှိတ်ပြီး ငြင်းနေသူများမှအပ သူ့လူမျိုးတပ်ကို သူ့လူမျိုးများက အားပေးကြ စမြဲ၊ လိုလားကြစမြဲ၊ အရှိတရားသည် ဓမ္မ ဖြစ်ရာမလွဲသော တရားသေသဘောလည်း ဖြစ်သည်။

လုပ်ပုံကိုင်ပုံနည်းမကျမှုကြောင့် အစိုးရအပေါ်မှာ သစ္စာစောင့်လိုသောကြောင့် ပေါ်ပေါ်ထင်ထင် အားမပေးကြသော် လည်း နည်းများမဆို ရခိုင်တပ်ကိုရခိုင်လူထုက အားပေးမြဲ၊ ကရင်တပ်ကို ကရင်လူထုက အားပေးမြဲသာ ဖြစ်သည်။

သို့ဆိုလျှင် ယင်းသို့သူ့ပရိသတ်နှင့်သူ ရှိနေသော အစုဖွဲ့တစ်ဖွဲ့ကိုပစ်ပယ်ပြီး တပ်မတော်ကို ကျေးဇူးတင်သည်ဟု ဆိုလျှင် မိမိလိုချင်သော နိုင်ငံရေးအရွေ့တစ်ခုအနေဖြင့် အမျိုးသားရေး ရင်ကြားစေ့ရေးကိုတော့ ရွေ့နိုင်ပါလိမ့်မည်။ သို့သော် တိုင်းရင်း သားဆို သူတို့၏ ရင်ထဲမှာတော့ မျှော်လင့်သော အိပ်မက်များရှိနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်တပ်နှင့်သာ အစေးကပ်လျှင် ကျန်တာ ဖြေရှင်း၍ရလိမ့်မည်ဟု ယူဆနေလျှင်တော့ ဒီနိုင်ငံ၏ ငြိမ်းချမ်းရေး အလားအလာကို နိုင်ငံတော်အစိုးရပိုင် မီဒီယာများမှတစ်ဆင့် မျှော်လင့်နေရုံသာရှိသည်။

အရပ်သားနှင့်ရွာသား မကွဲပြားသော ဒေသတွင် အမြစ်ပြတ်ရေးက အဖြေလား၊ စေ့စပ် ဆွေးနွေးမှု ကအဖြေလား ဆိုသည်ကိုတော့ သက်ဆိုင်သူတို့၏ တိုင်းပြည်အပေါ်တွင် ဘယ်လိုမြင်ချင်သလဲ ဆိုသည့် စေတနာနှင့်သာ ဆိုင်ပါသည်။

ကျော်လင်း(ရောင်စုံ)