ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နီဗားဒါးပြည်နယ် Lax Vegas မြို့မှာကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေကြသူတွေထဲမှာ နယူးယောက်မြို့တော်ဝန်ဟောင်း ဘီလျံနာသူဌေးကြီး Michael Bloomberg ပထမဆုံးအကြိမ် ပါလာပါတယ်။ သူဟာ ဖေဖေါ်ဝါရီလအတွင်း ကျင်းပပြီးစီးသွားတဲ့ အိုအိုဝါ၊ နယူးဟမ်ရှိုင်းယားနဲ့ နီးဗားဒါး ပြည်နယ်တွေက ပါတီတွင်း ပဏာမရွေးကောက်ပွဲ သုံးပွဲစလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပါဘူး။ ဒေါ်လာငွေ သန်း ၄၀၀ နီးပါး အကုန်အကျခံတဲ့ မဲဆွယ်ကြော်ငြာတွေနဲ့ လူမှုကွန်ယက်တွေ ရုပ်မြင်သံကြားတွေကနေ စည်းရုံးမဲဆွယ်နေခဲ့ပါတယ်။ စကားစစ်ထိုးပွဲမှာ Bloomberg ၀င်လာတဲ့အချိန်မှာပဲ အမေရိကန်ပြည်ထောင်စုဟာ ဘီလျံနာသူဌေးကြီးတွေလုပ်တဲ့ နိုင်ငံရေးကို ကို စိတ်ပျက်နေကြပါပြီဆိုပြီး လက်ရှိ သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ ထိုးနှက်ဝေဖန်သံကို ကြားရပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နံပတ် ၁၂ လို့ သတ်မှတ်ခံထားရတဲ့ Michael Bloomberg ဟာ ပါတီကိုယ်စားပြု သမ္မတလောင်း နေရာကို ငွေနဲ့ ၀ယ်နေတယ်ဆိုပြီး အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Bernie Sanders နဲ့ Amy Klobuchar တို့က ဝေဖန် ထိုးနှက်ကြပါတယ်။ သူဟာ အမျိုးသမီးတွေနဲ့ လိင်တူချစ်သူတွေအပေါ် မလေးမစား ပြောခဲ့တဲ့သူ ဒီမိုကရက်တစ်ပါတီရဲ့ စံတန်ဖိုးတွေကို မသိတဲ့သူဆိုပြီး အထက်လွှတ်တော်အမတ် Elizabeth Warren က အရင်က ရီပတ်ဗလစ်ကန်ပါတီဝင် ဖြစ်ခဲ့ဖူးတဲ့ Bloomberg ကို ဝေဖန်တိုက်ခိုက်ပါတယ်။ Bloomberg မြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့တဲ့အချိန် ရာဇ၀တ်မှု တိုက်ဖျက်ရေးဆိုပြီး သူ ချမှတ်ခဲ့တဲ့ Stop-and-Frisk လို့ခေါ်တဲ့ သံသယရှိသူတွေကို ရှောင်တခင်စစ်ဆေးခွင့်က အသားအရောင်ခွဲခြားမှုနဲ့ လူနည်းစုတွေကို ပစ်မှတ်ထားချိုးနှိမ်တဲ့ မူဝါဒတခု ဖြစ်စေခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ခံထားရပါတယ်။ Bloomberg ကတော့ လက်ရှိ သမ္မတ Donald Trump ကို အဆိုးဆုံး သမ္မတလို့ သုံးနှုံးပြီး Trump ကို ဖြုတ်ချဖို့ သူ့ကိုယ်ပိုင်ငွေတွေကို သုံးပြီး ကြိုးပမ်းနေတာဖြစ်တဲ့အကြောင်း ပြန်ချေပပါတယ်။ နီဗားဒါးပြည်နယ်မှာကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတ ကိုယ်စားလှယ်လောင်း ၆ ဦးရဲ့ စကားစစ်ထိုးပွဲဟာ နိုင်ငံရေးမှာ အာရုံအစိုက်အခံရဆုံး စကားစစ်ထိုးပွဲ ဖြစ်ခဲ့ပါတယ်။ ရုပ်မြင်သံကြားကနေ ကြည့်တဲ့သူ သန်း ၂၀ လောက်အထိ ရှိမယ်လို့ Nielsen မီဒီယာ သုတေသန အဖွဲ့က ခန့်မှန်းပါတယ်။ နိုဝင်ဘာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ Donald Trump ကို ယှဉ်ပြိုင်မယ့်သူ ဘယ်သူဖြစ်လာမလဲ။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဟာ အနိုင်ရနိုင်လောက်သူ ဖြစ်ရဲ့လားဆိုတာကို အများက အာရုံစိုက် စိတ်ဝင်စားနေကြတာပါ။
